Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

တောရှင်ပြုနှင့် Geologist အငြိမ့်

နောက်ဆုံးနှစ် ၁၉၈၁ ခုနှစ်တွင်ကျနော်တို့ မြိုင်တိုက်နယ် အလယ်ချောင်ရွာမှာ ကွင်းဆင်းခဲ့ရပါသည်။ တမနက်ရွာမှ ထွက်လာပြီး ရွာအလွန်နားတွင် ရွာထဲမှစုပေါင်းရှင်ပြုပွဲ ကိုရင်လောင်းများ ရှင်လောင်းလှည့်နေတာနှင့် ကြုံခဲ့ပါသည်။ လ္ဘက်ရည်ဆိုင်မှာ ထိုင်နေစဉ်ကတည်းက ရွာထဲမှစုပေါင်းရှင်ပြုပွဲရှိကြောင်း ကျနော်တို့ သိနေပါသည်။ ဒါပေမဲ့ ဆံချမဲ့ရက်က ၁၀ ရက်လောက် လိုနေသေးသည်။ ကိုရင်လောင်းတွေ ရှင်လောင်းလှည့်နေကြပြီ။ ကျနော်တိုသိထားတာက ဒီနေ့ရှင်လောင်းလှည့်ပြီးရင် ညနေဖက် ဆံချလေ့ရှိတယ်။ ဒါလဲတရွာတပုဒ်ဆန်းပါပဲ သူ့အရပ်နှင့်သူ့ဓလေ့ပါ။ ဒီမှာကဆံမချမီ ၁၀ ရက် တစ်ပတ်လောက်ကတဲက ကိုရင်လောင်းတွေ ရှင်လောင်းလှည့်လေ့ရှိပါသည်။

အဘယ်ကြောင့်ဆိုသော် ဆွေမျိုးများဆီသို့ကိုရင်လောင်းကိုသွားပြလေ့ရှိပါသည်။ ကိုရင်များလျှင် ဆွေမျိုးများပြီ။ ဆွေမျိုးများ နေကြသော ရွာများသည်အနီးအနားတွင်ပြန့် ကျဲနေသည်။ သိပ်ဝေးသောရွာကိုတော့ မသွားကြပါ။ ဒီနေ့ တောင်ဖက်ရွာက ဆွေမျိုးတွေဆီ သွားပြကြမယ်ဆိုရင် ကိုရင်လောင်းတွေကို မိတ်ကပ်ချယ်သပြီး ဆိုင်းတွေဗုံတွေ တီးမှုတ်ပြီးရွာထဲမှ ကွမ်းတောင် ပန်းတောင်ကိုင်သူတွေရော ကာလသားတွေပါ အားလုံးစုပြီးသွားကြပါသည်။ တောင်ဘက်ရွာရောက်ရင် အိမ်ရှင်ဖြစ်သောရွာက ဧည့်ခံကျွေးမွေးပါသည်။ နားနားနေနေ နေကြပြီး ညနေစောင်းရင်ရွာသို့ ပြန်လာကြပါသည်။

နောက်နေ့  မြောက်ရွာ
နောက်နေ့  အနောက်ရွာ
နောက်နေ့  အရှေ့ရွာ
နောက်နေ့  အလယ်ရွာ
သူတို့ ရှင်လောင်းလှည့်ကြတာ တော်တော်နှင့်မပြီးနိုင်ပါ။ ဆွေမျိုးများပါက ရက်ပိုကြာသည်။ ရှင်လောင်းလှည့်ရာတွင်လည်း အသက်နည်းနည်းကြီးသော ကိုရင်လောင်းများက လမ်းလျောက်သည်။သိပ်ငယ်သော ကိုရင်လောင်းကိုတော့ ကာလသားအဖွဲ့ က ကျောပိုးသည်။ အချို့အဆင်ပြေသူများကတော့ ကကြိုးဆင်ထားသောမြင်းနဲ့ ကိုရင်လောင်းကို တင်ပြီးသွားသည်။ အားလုံး ကိုရင်လောင်းများရဲ့ အဆင်တန်ဆာများက အောက်ပြည်အောက်ရွာနှင့်အတူတူပါ။ မိတ်ကပ်တွေဖွေးနေအောင် လိမ်းချယ်ပေးထားကြ ပါသည်။ တောရွာဓလေ့ထုံစံအတိုင်း ကိုရင်လောင်းများ၏မျက်နှာများမှာ ရှင်ပြုရမှာမို့ ပျော်နေသောအပြုံးမျက်နှာကို ဘယ်လိုမှ မဖုံးကွယ်ထားနိုင်ပါ။

ရှေှ့မှသွားနေသော ရှင်လောင်းလှည့်ရာဆီသို့ ကျနော်တို့ ကျောင်းသားများ အမှီလိုက်သွားကြပါသည်။ ကျနော်တို့ကျောင်းသားများ၏ စိတ်ထဲတွင်လည်း ရွာတွင်အနေကြာလာသောကြောင့် ကိုယ့်ရွာစုပေါင်းရှင်ပြုပွဲလို့ဘဲ သဘောထားလိုက်ကြပါသည်။ ကျနော်တို့ ကျောင်းသားအဖွဲ့နှင့်ဆုံမိတော့ ကာလသားအဖွဲ့တွေလဲ ပို၍ပျော်သွားကြပါသည်။ ပို၍လည်း မြိုင်သွား ကြပါသည်။ ရှင်ပြုဒိုးသံ ပိုမြည်လာသလို ရှမ်းအိုးစည်တီးသံလည်း ပို၍မြည်ဟီးလာပါသည်။ အခုမှရှမ်းတောင်တန်းတစ်ခုလုံး ဒိုးသံတွေ၊ ရှမ်းအိုး စည်သံတွေ၊ သီချင်းသံတွေနဲ့ ပို၍မြိုင်ဆိုင်နေပါသည်။

ကျောင်းသားများဆိုသည်ကလည်း အငြိမ်နေတတ်ကြသူများ မဟုတ်ကြပါ။ ရှမ်းဓားသိုင်းဝင်ကသူများရှိသလို ဒိုးသံနှင့်အတူ ကွေးနေအောင် ၀င်ကကြသူများလဲ မနည်းပါ။ ကျောင်းသားများပါ ၀င်လာ သောကြောင့်ကိုရင်မိဘများက ၀မ်းသာအားရ ပေါက်ပေါက်ဆုပ်နှင့် အကြွေစေ့များရောပြီး ကျောင်းသားအုပ်စုထဲ များများကြဲချပေး ကြပါသည်။ ကျနော်တို့လည်း အလုအယက် အကြွေစေ့လိုက်ကောက်ကြပါသည်။ ကျနော်တို့အဖွဲ့အားလုံးလည်း ကွင်းဆင်းနေတာ ခေတ္တမေ့သွားပြီး စုပေါင်းရှင်ပြုပွဲကို ပျော်ပျော်ကြီး ၀င်နွှဲနေကြပါသည်။ တနေရာမှာတော့ ပအို့ ဘာသာနဲ့ တစ်ယောက်ကတိုင်ပေးပြီး ကျန်သူများက ရွဲလိုက်ပေးနေတာကြား နေရပါသည်။ ကျနော်တို့အဖွဲ့ကလည်း သုတို့နှင့် နောက်ကလိုက်ရင်း ရွဲဟုဆိုလျှင်ကျနော်တို့ပါ ၀ိုင်းအော်ကြပါသည်။ အရှေ့ကတစ်ယောက်တိုင်ပေးလိုက် ကျနော်တို့ ကျောင်းသားအုပ်စုက ရွဲ.လိုက်ကြ တော်တော်လေး ဟန်ကျနေပါသည်။

မင်းတို့  ရှင်လောင်းလှည့်နေတာလား ကွင်းဆင်းနေတာလား
ငါသတိမပေးရင် မင်းတို့ အားလုံး တောင်ဘက်ရွာကို ရောက်သွားလိမ့်မယ်
ဆရာဦးခိုင်ရှင်းအသံကြားတော့မှ ကျနော်တို့ အားလုံးသတိပြန်ဝင်လာပါသည်။ ရှင်လောင်းအဖွဲ့ကို နှုတ်ဆက်ပြီး ကျနော်တို့အားလုံး ကိုယ်အလုပ်ရှိရာ ပြန်လှည့်လာကြ ပါသည်။ သည်နေ့ ကွင်းဆင်းရတာ စိတ်အရမ်းပျော်မြူးနေပါသည်။ ပါးစပ်ကလည်း ရွဲ..လို့ အော်နေပါကြသည်။ သူတို့ ပအို့ဘာသာ ကိုယ်လဲမသိတော့သူတို့နှင့် အလိုက်တူအောင် မွှန်ကြီိးကလည်း သည်လိုတိုင်ပေးပါသည်။

ကုလားလေးအမေနို့သီးရှည်. ရွဲ.
လို့ ကျနော်တို့ အားလုံးတစ်ညီတတစ်ညွတ်တည်းအော်ကြပါသည်။
သည်တခါတော့ ကုလားလေး တစ်ယောက် မွှန်ကြီး၏ရိုက်ချက်ကိုကောင်းကောင်းခံလိုက်ရပါပြီ။
မွှန်ကြီးကလည်းပုံမှန်ထထပြီးအော်နေတော့ကျနော်တို့ အားလုံးလည်း ပုံမှန် ရွဲ.. လိုက်မပျက်
ကလားလေးအမေနို့ သီးရှည်.ရွဲ
ကုလားလေးအမေနို့ သီးရှည်..ရွဲ
နောက်ကြာလာတော့ ကုလားလေးလည်း မခံတော့ပါဘူး သူလဲထပြန်ပြီးအော်ပါတော့သည်။
မွှန်ကြီးအမေနို့ သီးရှည်.ရွှဲ
မွှန်ကြီးအမေနို့ သီးရှည်.ရွှဲ
ဘယ်သူဘယ်လိုအော်အော်ကျနော်တို့ ကျောင်းသားအားလုံးက ရွှဲလိုက်မပျက် လစ်ရင်လစ်သလို သူတစ်ပြန်ကိုယ်တစ်ပြန် ကုလားလေးနှင့်မွန်ကြီး အပြန်အလှန်အော်ကြ ပါတော့သည်။ ကျောင်းသားအားလုံးကလည်း ဘာသံကြားကြား ရွှဲလိုက်မပျက် လိုက်အော်နေစဉ်
တိတ်စမ်း
အသံမထွက်ကြနဲ့ 
မင်းတို့ ဇာတ်လမ်းတွေအခုထိမပြီးကြသေးဘူးလား
ကိုယ်ရင်လောင်းတွေ တောင်ဘက်ရွာရောက်နေလောက်ပြီ
ဆရာဟောက်တော့မှကျနော်တို့ အားလုံး ပါးစပ်တွေပိတ်ကုန်ကြပါတော့သည်။

ဒါပေမယ့် ကုလားလေးနှင့်မွန်ကြီးတို့ ဇာတ်လမ်းကမပြီးသေး သူတို့ အသံတိတ်ဇာတ်လမ်း ဆက်နွှဲနေကြသည်။ ကျောင်းသားများကလည်း ပါးစပ်တော့ဟသည် အသံတိတ်  ရွှဲ .. လိုက်ပေးနေသည်။ ကုလားလေးက သွက်သည်၊ ဆရာကျောဘက်မှာကပ်ပြီး ဆရာက ရှေ့မှာရှင်းပြနေစဉ်တွင် သူကနောက်ဘက်ရှိ ကျောင်းသားများဘက်ကို မျက်နှာလှည့်၍ သူအော်တော့မည့်အကြောင်း လက်နှင့်ဝှေ့ ရမ်းပြီး အချက်ပြသည်။ ပါးစပ်ကတော့ဟသည်၊ သို့ သော် အသံမထွက်ဘဲ မွန်ကြီးအမေနို့ သီးရှည် .ရွှဲ. ကျောင်းသားများကလဲ အသံတိတ်ရွှဲလိုက်ကြသည်။

ကုလားလေး အကောင်ငယ်သလောက် အရမ်းသွက်သည်။ ခဏခဏ ထထပြီးအော်သည်။ ကျောင်းသားများကလည်း ရွှဲ.. လိုက်ပေးနေကြသည်။ မွန်ကြီး အသံတိတ် ဇာတ်လမ်းမှာ နလံမထူနိုင်တော့ပါ။ ကုလားလေးရိုက်ချက်ကို အလူးအလဲခံနေရသည်။ ဆရာ ဦးခိုင်ရှင်း ကတော့ နောက်မှာ ဘာဖြစ်နေတာမသိပါ။ အဘယ်ကြောင့်ဆိုသော် ဘာသံမှမထွက်သောကြောင့် ဖြစ်သည်။ ကျနော်တို့ ကျောင်းသားအားလုံး ပါးစပ်ဟပြီးအသံမထွက် ပုံမှန်ရွှဲလိုက်နေကြသည်။

ကြာလာတော့မွန်ကြီးမျက်နှာ၊နှာခေါင်းတွေပါနီလာပြီးဒေါသထွက်နေပြီ၊ မွှန်ကြီးဒေါသထွက်လေ ကုလားလေးက ပိုလုပ်လေ..
ကျောင်းသားများကလည်း သူတို့ နှစ်ယောက်ကို ကြည့်ပြီး အရမ်းရီချင်နေကြသည်။ ဆရာရိပ်မိမှာ စိုး၍ အသံလဲမထွက်ရဲ .. ခဏကြာတော့ နှစ်ကောင်သား နပမ်းလုံးပြီး မြေကြီးပေါ် ကျသွားကြပါသည်။ ဒီတော့မှကျနော်တို့လည်း ဖြန်ဖြေပေးကြပါသည်။

ဆရာအခုမှအသံတိတ်ဇာတ်လမ်းကိုရိပ်မိပါသည်။
မင်းတို့ ဟာလေခလေးလဲမဟုတ်၊ အရမ်းစကြနောက်ကြတယ်
တစ်ယောက်နှင့်တစ်ယောက်သည်းခံကြမှပေါ့
သည်းမခံနိုင်ရင်လည်းမနောက်ကြနှင့်
ရန်တွေဘာတွေဖြစ်တာငါမကြားချင်ဘူး
ကျနော်တို့ မှားသွားပါတယ်ဆရာ မွှန်ကြီးနှင့်ကုလားလေးဆရာကို လေပြေလေးနှင့် တောင်းပန်စကား ပြောခဲ့ကြပါတယ်။ ခဏကြာတော့ သူတို့နှစ်ယောက် ပြန်တည့် သွားကြပြန်ပြီ။ တကယ်တော့ ကျောင်းသားဆိုတာလည်း ခလေးလိုပါဘဲ၊ ခဏရန်ဖြစ်လိုက်၊ ခဏပြန်တည့်လိုက်.

အလယ်ချောင်ရွာမှာနေပြီး ကွင်းဆင်းခဲ့တာအခုဆိုရင်ကွင်းဆင်းရက် ၃ ပုံ ၂ ပုံလောက်ရောက်လာပါပြီ။ လုပ်စရာတွေလည်း တော်တော်ပြီိးနေကြပြီ၊ ဒီတော့ကျနော်တို့ အားလုံး ဆရာဦးခိုင်ရှင်းကိုဝိုင်းပြီး ပူဆာကြပါသည်။
ဆရာ ပင်းတယလိုဏ် ဂူကိုမရောက်ဖူးတဲ့ကျောင်းသားများနေတယ်
တစ်နေ့ ကျနော်တို့ သွားလည်ကြရအောင်
ကျနော်တို့ ဝိုင်းပူဆာတော့ဆရာလည်းလိုက်လျောပေးပါသည်။ ဒါပေမယ့်ကျနော်တို့ အားလုံးဆီကကတိတစ်ခုပြန်တောင်းသည်။
သွားရင်မူးရူးပြီိးမြို့ခံနှင့်ရန်ဖြစ်တာမျိုးဆရာလုံးဝမလိုလားဘူး
ကျနော်တို့ အားလုံး ရန်လုံးဝမဖြစ်စေရဟု ကတိပေးခဲ့ပါသည်။

ကိုယ့်အဖွဲ့ကို ကိုယ်တာဝန်ယူရမည်။ ကျေးရွာကောင်စီမှတဆင့် ပင်းတယမှာတည်းခိုဖို့နေရာတောင်းတာ ဘုတ္တလုတ်ကန်ရှေ့က အလယ်တန်းကျောင်းမှာ တည်းခိုဖို့ စီစဉ်ပေးပါတယ်။ ကျနော်တို့ အားလုံး ရွေဥမင်ဘုရားဖူးခဲ့ကြပါသည်။ တောင်ခြေမှာပေါက်နေသော ညောင်ကိုင်းကွေးကွေး၊ ရှည်ရှည်ကြီးတွေကိုလဲ အထူးအဆန်းအနေနှင့် ကြည့်ခဲ့ရပါသည်။ ဘုတ္တလုပ်ကန်မှာလည်းရေချိုးခဲ့ကြပါသည်။

ပင်းတယ တစ်ညအိပ်ခရီးစဉ် အားလုံး အဆင်ပြေပါသည်။ နောက်နေ့ ကျနော်တို့ ပင်းတယမြောက်ဘက်ရှိ ရွေပုထိုးရွာသွားမည်။ တစ်ညအိပ်ပြီး ကျနော်တို့ ရွာပြန်ကြမည်။ အားလုံးဝမ်းသာအားရ ဟေး..ကနဲအော်ဟစ်ကြပါသည်။ ရွှေပုထိုးရွာမှာဆရာဦးမြင့်ခိုင်အဖွဲ့ ကိုသန်းဦး၊ သန်းထွန်းဦး၊ သန်းစောဦး တို့ ရှိနေကြသည်။ သူတိုနှင့်လည်း အရမ်းတွေ့ ချင်နေလို့ အရမ်းပျော်သွားပါသည်။

ပင်းတယမှ နံက်စာစားပြီးတော့ ခရီးစထွက်ပါသည်။ အားလုံးသက်တောင့်သက်သာပဲရွာတွေကို ဖြတ်ပြီင်္း ညနေဘက်မှာ ရွှေပုထိုးရွာရောက်ခဲ့ပါသည်။ သူငယ်ချင်းတွေ ပြန်ဆုံကြတော့ အရမ်းပျော်နေကြပါသည်။ စကားပြောလို့ မကုန်ကြပါ။ သူ့ အတွေ့ အကြုံ ကိုယ်အတွေအကြုံ ဖလှယ်ကြရင်း ကျနော်နှင့်ကိုသန်းဦး၊ သန်းစောဦး၊ သန်းထွန်းဦး ရွာထဲကလ္ဘက်ရည်ဆိုင်မှာ သွားထိုင်ရင်း စိုင်းထီးဆိုင်သီချင်းကို နားထောင်နေကြပါသည်။

ရွှေပုထိုးရွာ အလွန်သာယာပါသည်။ ရာသီဥတုလည်း အေးပါသည်။ လ္ဘက်ခြောက်လုပ်ငန်းမှာ အဓိကစီးပွားရေး ဟု ထင်ပါသည်။ ရွာနားတ၀ိုက်မှာ လ္ဘက်ခင်းများကို မြင်ခဲ့ရသောကြောင့် ဖြစ်ပါသည်။ ရှမ်းပြည်ထွက် တောင်ယာလုပ်ငန်းများကိုလည်း တွေ့ ခဲ့ရပါသည်။ ပင်းတယနှင့်နီးသောကြောင့် သူတို့ ရွာကလေးသည် မြို့ ပြနည်းနည်းဆန်ပါသည်။ ကျနော်တို့ အလယ်ချောင်ရွာက ကျေးလက်ဆန်ပါသည်။ ကျနော်တို့ ညစာစားပြီးတော့ ရာသီဥတုတော်တော်အေးလာပါသည်။ သန်းထွန်းဦးနှင့်သန်းစောဦး တို့ Camp ရှေ့မှာ မီးဖိုကြပါသည်။ မီးဖိုထားတော့ ကျောင်းသားအားလုံး အလိုလိုစုလာကြပါသည်။

ထိုခဏမှာပင် လုံးဝမျော်လင့်မထားသော ဖြေဖျော်တင်ဆက်မှုတစ်ခုက ကျနော်တို့အားလုံးကို အပန်းပြေစေခဲ့ပါသည်။ ဇာတ်ထဲကအခေါ် လူပျက်(ခ) လူရွှင်တော်အဖြစ် ကိုသန်းဦးနှင့်ကိုတင်ဦး နှစ်ယောက်ထွက်လာခဲ့ပါသည်။

ဒီနေ့ ရောက်ရှိလာကြတဲ့ အလယ်ချောင် Camp က ညီအကိုတွေ စိတ်နှလုံးရွင်ပြုံး အောင်ဖန်တီးပေးရမှက ကျနော်တို့ ရွှေပုထိုး Camp ရဲ့ တာဝန်ဘဲမဟုတ်လား ကိုသန်းဦးရဲ့
ဟုတ်ပါ့ကိုတင်ဦးရေဒါပေမယ့်ကျနော်တို့ ဆီမှာကအားလုံးကျောင်းသားချည်းပဲ.မင်းသမီးမပါတဲ့ပွဲဆိုတော့ နဲနဲပျင်းနေကြမလားလို့ 
ကိုသန်းဦး မှားနေပြီလေ
ဟာ..ကိုတင်ဦးကလည်း Geology ဆိုတာကအမျိုးသမီးမပါဘူးလေ ကျောင်းသားသီးသန့် 
မဟုတ်ဘူးကိုသန်းဦိး မှားနေပြီ
အာ..ကိုတင်ဦးကလည်းမမှားပါဘူး
မဟုတ်ဘူးကိုသန်းဦးရဲ့တစ်ယောက်ပါတယ်
ဗျာဘယ်လို
ဟုတ်ပါတယ် တစ်ယောက်ပါတယ်
ကျောင်းသားအားလုံးဝါးခနဲပွဲကျသွားပါသည်။
လှောင်ချက်ကကွက်တိ၊ ဟာသတွေက အရှိန်ကောင်းကောင်းနှင့်ပို၍မြိုင်လာသည်၊ပိုပြီးထိလာသည်။
ကျောင်းသားအားလုံးလည်းတ၀ါးဝါးပွဲကျနေပါသည်။
ကဲ..ကဲကျနော်တို့အလှဲ့နဲ့မပြီး သေးဘူး .. ကိုတင်ဦးရဲ့ နောက်မှာ
ဆောင်းအငြိမ့်ရဲ့ခေါင်းဆောင်မင်းသမီးဝင်းဝင်းအေးရဲ့အလှည့်ကလည်းရှိသေးတယ်
ကျနော်ခေါ်လိုက်မယ်နော်
ကဲကဲ အလှည့်ကျမနွဲ့ ကြေးဆိုတဲ့အတိုင်း အခုအလှဲ့ ကျလာတဲ့မင်းသမီးဝင်းဝင်းအေးရေ
အလယ်ချောင်အဖွဲ့ ကိုဖျော်ဖြေရေးစလိုက်ကြရအောင်
ကျနော်တို့ အားလုံးစိတ်ဝင်တစားနဲ့မင်းသမီးဘယ်သူလဲဆိုတာစောင့်ကြည့်နေကြပါတယ်
ထိုခဏမှာ ခေါင်းမှာစကောက်ပုဝါစီးပြီး ထမိန်ဝတ်ထားသူတစ်ဦးထွက်လာပါသည်

ဆောင်းလရာသီ - မောင်တစ်ပါးဆီ
ပျိုလေးမှန်းမျော်ရည်---
ချမ်းလို့ဖြင့်ခိုက်ခိုက်တုန်
စောင်ခြုံလို့မနွေးပြီ --
မောင်ထွေးလို့ဖြင့် - မယ်ထွေးလို့ဖြင့်
အေး -- အေး-- အေး လှသည်
ဆောင်း - ဆောင်း - ဆောင်း - ဆောင်း ရာသီ ---
ကိုအေး - နဂိုကမှ ကနွဲ့ကယ --မင်းသမီးနှင့်လိုက်ဖက်ပါပေသည်။
ကျောင်းသားအားလုံးလက်ခေါက်မှုတ်သူ - ၀ီစီမှုတ်သူများနှင့်ဆူညံလို့သွားပါသည်။

အို-အို-မောင်ကြီးရေ-- ဝေး-- ဟေး---ဟေး----
ချယ်ရီမြိုင်တန်းဝေ
နှင်းလေးတွေဖွေးလို့နေ -- စောင့်ကြိုနေမယ်လေ----
လက်သီးစုတ်တင်လေးကို ဒီလိုခါပြလိုက်တော့---
ဝေါကနဲ---ကျောင်းသားအုပ်ကြီးသူ့အနားပြိုကြလာပါသည်။

ဒီနေ့ညဒီလောက် ပျော်စရာကောင်းလိမ့်မယ်လို့လုံးဝမထင်ထားခဲ့ပါ။
ကိုတင်ဦးနဲ့ကိုသန်းဦး ပျက်လုံးများက ကျောင်းသားများကြားမှာ ပြောစမှတ်ဖြစ်သွားပါပြီ
ဒီတစ်ည၏ Geologist အငြိမ့်ကိုရင်ထဲမှာအမှတ်တရအဖြစ်ကျန်ရစ်ခဲ့ပါပြီ
နောက်နေ့မနက်ကျတော့ -----
လူပျက်နှစ်ကောင်သိပ်သတ္တိရှိနေကြတယ်ပေါ့လေ----လို့ ဆရာ့ ကြိမ်းမောင်းသံကိုကြားခဲ့ရပါသည်။

ဒီလိုနှင့်ဘဲကွင်းဆင်းပြီးလို့ ကျောင်းပြန်ဖွင့်ခဲ့ပြန်ပါပြီ .
ကျနော်တို့အားလုံးဒဂုံ ဆောင်မှာပြန်ဆုံကြပါသည်။ ကိုတင်ဦးက ကိုသန်းဦးကို အဖေါ်ညှိုပြီး ဆရာ့ကို သွားကန်တော့ဖို့ ခေါ်နေပါသည်။ ကိုသန်းဦးကလည်း သူ့အလုပ်နှင့်သူ ရှုတ်နေသောကြောင့်မသွားဖြစ် အဆင်ပြေသောတစ်နေ့မှာ ကိုသန်းဦးကိုယ်စား ကျနော် လိုက်ကန်တော့မည့် အကြောင်းကိုပြောထား လိုက်ပါသည်။ တနင်္ဂနွေတစ်ရက်မှာ နံက်စာစားပြီး ကိုသန်းဦးတစ်ယောက်သူ့ ကောင်မလေး နဲ့ အင်းလျားဘက် လမ်းလျှောက်ထွက်သွားကြပါသည်။ ကျနော်နှင့်ကိုတင်ဦး ဒူးယားတစ်တောင့်၊ ပုဆိုးတစ်ထည်၊ မုန့်ပုံးတစ်ပုံး ယူပြီး ရန်ကင်းမှာရှိသော ဆရာ့အိမ်ကိုထွက်ခဲ့ကြပါတယ်။

တနင်္ဂနွေ နားရက်မို့ ဆရာနဲ့ လည်းအဆင်သင့်တွေ့ ခဲ့ပါတယ်၊ အလ္လာပသလ္လာပ စကားတွေပြောကြရင်း
ကို ဂျစ် မင်းတို့ မြို့ ကလူပျက်တစ်ကောင်ဘယ်ရောက်နေလဲ
ဒီစကားကကိုသန်းဦးကို ရည်ရွယ်မှန်းသိပါသည်၊ Camp ညကိုလည်း မမေ့သေးတာညွန်းနေပါသည်။ မတတ်နိုင်တော့ပါ၊ ကျနော်နှင့်ကိုတင်ဦး နတ်သံနှောပြီး
ခွင့်လွတ်ပါဆရာ
ဒီကောင်ကံကြီးထိုက်နေတယ်
ငှက်ဖျားတက်နေတာ သုံးရက်ရှိနေပြီ အဖျားလဲမကျဘူး၊ ဆေးခန်းလဲကျနော်တို့ နေ့တိုင်း လိုက်ပို့နေရတယ်၊ ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွတ်ဖို့ ကျနော်တို့ သူ့ ကိုယ်စားလာကန်တော့တာပါ
ဟာ .. ဒီကောင်တွေ ဘာတွေလာပြောနေကြတာလဲ
ငါ့တပည့်တွေအပေါ် တစ်ခါမှအပြစ်မယူခဲ့ဘူး
ငါလဲငယ်ရာကကြီးလာတာပါ၊ ကျောင်းသားဘ၀မှာဒါမျိုးတွေကရှိကြပါတယ်
ငါအပြစ်မယူပါဘူး
ဆရာ ပျာပျာသလဲ လက်ခါပြီးပြောပါသည်။

ဒီကောင်ကံကြီးထိုက်နေတယ်လို့ ပြောပြီးဆရာ့မျက်နှာကြည့်လိုက်တော့ဆရာ့မျက်နှာမှာ
ကိုသန်းဦးတစ်ယောက် သူ့ ကောင်မလေးနဲ့အင်းယားကန်ဘေးမှာ. တစ်ခုခုတော့ဖြစ်နေလောက်ပြီ..
ပြောမှားဆိုမှားရှိရင်ခွင့်လွတ်ပေးပါဆရာလို့ ပြောပြီးကျနော်တို့ ဦးချကန်တော့ခဲ့ပါသည်.
အာစရိယဂုဏောအနန္တောတဲ့
အနန္တောအနန္တ ဂိုဏ်း ၀င်ဆရာသမားများကိုရှိခိုးကန်တော့ ခြင်းဖြင့်
ဘုန်းကြီးပြီးအသက်ရှည်ပါသည်။ လိုအင်ဆန္ဒလဲပြည့်ပါသည်။
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit