Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

အတ္တသမားကျွန်တော်

ရင်ထဲမှာ စိတ်အထိခိုက်ဆုံး နေ့တစ်နေ့ရှိခဲ့ဘူးပါတယ်. သံဃာ့အရေးအခင်း ဖြစ်နေစဉ်အတွင်းမှာပါ သံဃာတွေ မေတ္တာသုတ်ရွက်ပြီး လမ်းလျှောက်ကြွနေတဲ့ အချိန်တုန်းက ကျနော်တို့တွေ သောက်တော်ရေတွေ ကမ်းခဲ့ကြပါတယ်. သက်ကြီးသံဃာတော်တွေကို ထီးလိုက်မိုးပေးခဲ့ကြတယ်. အစပိုင်းရက်တွေမှာပါ.. နောက်ပိုင်းရက်တွေမှာကြမ်းလာပြီ. သံဃာတော်တွေ ပြည်သူတွေအတွက် မေတ္တာသုတ်ရွက်နေဆဲ လမ်းလျှောက်နေဆဲ. ကျနော်တို့တွေ အမောပြေ သောက်တော်ရေ မကပ်ရဲတော့ပါ. ထီးလည်း မမိုးပေးရဲတော့ပါ ဇာဂနာကို ဆွဲစိလိုက်ပြီ၊ ကျော်သူတို့ လင်မယားပြေးနေပြီ။ သတင်းတွေ ထွက်လာချိန်မှာ ကျနော်တို့ သံဃာတော်အနားကို ပို၍မကပ်ရဲတော့ပါ.. ရက်ရက်စက်စက် သံဃာဦးခေါင်းကို ရိုက်နေကြသူများသည် ကျနော်တို့လို ပြည်သူများ၏ ဦးခေါင်းကို သနားတယ်ပြောပြီး ဟားတိုက်ရီနေကြသည်. အငြိုးအတေးတွေကလည်းကြီးပါ့..

တစ်ရက် ညနေခြောက်နာရီလောက်မှာ ကျနော့်ဆီကို ကျနော်ကိုးကွယ်နေသော ဆရာတော် ဖုန်းဆက်ပါတယ် ဒီအချိန်ဆရာတော်က အဝေးတနေရာက ဆက်တာပါ. နေ့လည်က လမ်းလျှောက်ထွက်ခဲ့ကြသော သူ့ကျောင်းမှ ကိုယ်တော်များကို တစ်နေရာသို့ပြောင်းရွှေ့
ပေးပါရန် အကူအညီတောင်းလာပါတယ်. ဘာမှမဆုံးဖြတ်ခင် ဆရာတော်ကျောင်းကို သွားအကဲခတ်ကြည့်မိပါတယ်.. ကျောင်းပတ်ပတ်လည်မှာ စွမ်းအားရှင်တွေ၊ စကားပြောစက်နဲ့ လူတွေ တော်တော်များများ ရှိနေကြတယ် နေ့လည်လမ်းလျှောက်ကြွတဲ့ ကိုယ်တော်တွေ မျက်နှာပျက်နေကြတယ်. ကျနော့်ဆီမှာ လုပ်ငန်းသုံး အလုံပိတ်ကားတွေရှိတယ် ဒါကိုသိလို့ ဆရာတော်က အကူအညီတောင်းတာ.. ဒရိုင်ဘာတွေကို ပြောပြတော့ သူတို့မမောင်းရဲကြပါ.. ကိုယ်တိုင်ကားပေါ်တက်ထိုင်ပြီး စက်နှိုးလိုက်ချိန်မှာ ဇနီးမယားပြေးထွက်လာပြီး ငိုတယ်. သူ့နောက်မှာ သားနဲ့သမီးက ကျနော့်လက်ကို ဆွဲပြီးငိုကြတယ်. နှုတ်မှဘာမှမပြောကြပါ..
သူတို့လေးတွေရဲ့ မျက်နှာကိုကြည့်ပြီး ကျနော်ကားပေါ်က ဆင်းလိုက်ပါတော့တယ်.. ကျနော့်ကို ဆဲချင်သလိုဆဲကြပါ၊ ပြောချင်သလို ပြောကြပါ၊

ကျနော်တစ်ခွန်းမှ မပြောဘဲ ခေါင်းငုံ့ခံပါ့မယ်. မိသားစုရေးကို နိုင်ငံရေးထက် ဦးစားပေးခဲ့သူ. စောင်ဗလာနဲ့ သမံတလင်းပေါ် မအိပ်ရဲသူ.. ပစ္စည်းဥစ္စာကို လောဘတကြီး ဖက်တွယ်ပြီး အတ္တကြီးသူ.. ကျနော်လိုကောင်သည် နိုင်ငံရေးနဲ့ လားလားမတန်ပါ လုံးဝအရည်အချင်းမရှိသူ ဖြစ်ပါသည်. နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်သော်လည်း မိုးရေတပေါက်ချင်း စုပြီး ပင်လယ်၊ သမုဒ္ဒရာကြီး ဖြစ်လာရပါသည်။ နှမ်းတစေ့၊ မိုးတပေါက်လောက်မျှပင် အရည်အချင်းမရှိသော ကျနော်ဖြစ်ပါသည်။ စိတ်ထိခိုက် လွန်းသောကြောင့် ထိုနေ့အကြောင်းတွေကို ပြန်မစဉ်းချင်တော့ပါ. ဒီနေ့မှစ၍ ကျနော်နိုင်ငံရေးအကြောင်းတွေကို လုံးဝမစဉ်းစားတော့ပါ..
ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံခဲ့သူသည်သာ နိုင်ငံရေးသမား စစ်စစ်ဖြစ်ပါသည်.. ဒီနေ့ ဒေါ်စုတို့ အင်အယ်ဒီ ပါတီရွေးကောက်ပွဲ ၀င်တော့မယ်လို့ ကြေငြာချက်ထွက်လာပါတယ်.. လူအားလုံးအမြင်တွေ မတူကြပါ..တစ်ချို့ကလဲ ထောက်ခံကြတယ် တစ်ချို့ကလဲ ကန့်ကွက်ကြပါတယ် တစ်ချို့ကရင့်ရင့်သီးသီး ကန့်ကွက်ကြပါတယ်.. ကျနော်နိုင်ငံရေးကို မေ့ထားခဲ့သည်မှာ သံဃာ့အရေးအခင်းပြီး ကတည်းက ဖြစ်ပါတယ်..

ကျနော့်လို အရည်အချင်းမရှိသော လူတစ်ယောက် ဒေါ်စုဆုံးဖြတ်ချက်ကို ဘာမှမပြောရဲပါ.. သူသည်ယုံ ကြည်ချက်ကြောင့် ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံရဲသူဖြစ်ပါတယ်. သူ၏ဆုံးဖြတ်ချက်ကို ဝေဖန်ရန် ကျနော်နဲ့ လုံးဝမထိုက်တန်ပါ.. ထို့အတူ ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသူများကိုလည်း ကျနော်မေးလိုက်ချင်ပါတယ်.. ခင်ဗျားတို့ ဒေါ်စုလို ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံ ခဲ့ဘူးကြလို့လား???
ခင်ဗျားတို့ ဘယ်လောက် အနစ်နာခံပြီးကြပြီလဲ???
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit