Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

အကုသိုလ်ဝင်ခဲ့သောနေ့ရက်များ

ကျနော်သည် ခွေးချစ်တတ်သူပီပီ ခွေးမွေးရန်လည်း အလွန် ၀ါသနာပါခဲ့ပါသည်။ ကျနော်ချစ်ခဲ့သောခွေးများတွင် ရင်ခွင်ပိုက်မွေးမြူကြ သော ခွေးသေးသေးမျိုး မပါဝင်ခဲ့ပါ။ အိမ်ထဲတွင်မွေးသော ကြောင်များအရွယ် ခွေးများကို ကျနော်ချစ်၍မရခဲ့ပါ။ ကျနော်မွေးခဲ့သော ခွေးများသည် အယ်ဇေးရှင်း၊ဒိုဘာမင်၊ရော့ဝေလာ စသောအကောင်ကြီးကြီးနှင့် ခြံကိုလုံခြုံအောင်စောင့်သော ခွေးများဖြစ်ပါသည်။

လူတစ်ဦးနှင့်တစ်ဦး ခွေးချစ်တတ်ပုံများ မတူညီကြပါ။ တချို့လူများက အိမ်ထဲမှာ ရင်ခွင်ပိုက်ပြီးမွေးရသော ခွေးသေးသေးလေးလေးကို မွေးရတာပိုကြိုက်နှစ်သက်ကြပါသည်။ ကျနော်က သူတို့နှင့်မတူပါ။ ကျနော်ခွေးကို ချစ်လဲချစ်သည်။ မွေးလဲမွေးသည်။ ကျနော်မွေးသော ခွေးများသည်လည်း ကျနော့်ခြံဝင်းကို လုံခြုံအောင်စောင့်ရှောက်နိုင်ရပါမည်။ သို့မှသာ နှစ်ဦးနှစ်ဘက် အကျိုးရှိမည်။

ဘာဘဲဖြစ်ဖြစ် ကျနော့်မှာရှိသော ခွေးချစ်တတ်သောစိတ် ....ပျောက်မသွားပါ။ ခွေးကြီးတွေမြင်ရင် စပ်စုချင်သည်။ ခွေးများ၏သဘာဝ အသစ်တွေကို လေ့လာချင်သည်။ ကျောက်ကုန်းထိပ်ရှိ အောင်တိရစ္ဆာန်ဆေးခန်းပိုင်ရှင် ဆရာဦးကျော်စိုးနှင့် ကျနော်ခင်ပါသည်။ ဆရာ့ အတွေ့အကြုံ ဆရာ့အကြံပေးချက်များသည် ကျနော့်အတွက် များစွာအထောက်အကူဖြစ်ခဲ့ပါသည်။

တမနက် ကျနော့်ဂိုဒေါင်ခြံရှေ့ မြက်ခင်းကို လူဆယ်ယောက်လောက် ၀ိုင်းအုံကြည့်နေကြသည်။ သိတယ်ဟုတ်..ခွေးနှစ်ကောင် ကိုက်နေကြတာကို ၀ိုင်းပြီးကြည့်တတ်တဲ့ ရန်ကုန်သားတွေရဲ့ အကျင့်တွေ

ခဏနေတော့ကျနော့်ကောင်လေးတစ်ယောက်လာပြောပါသည်။

ဆရာခြံရှေ့ မှာ ခွေးကလေးနှစ်ကောင် လာပစ်သွားတယ်
ကျနော် တအံ့တသြနှင့်သွားကြည့်မိပါသည်။ ခွေးကလေးကိုမြင်တော့ ကျနော် ပို၍အံ့သြသွားပါသည်။ ဂရိတ်ဒိန်းအမျိုးအစား ခွေးကြီးမျိုး. ၂ လ ၃ လသား သာသာ..

ခွေးနှစ်လသားအရွယ်သည် အရမ်းချစ်စရာအကောင်းဆုံးသောအချိန်
ဆော့လဲအရမ်းဆော့သောအချိန်..
တွေ့ရာမြင်ရာကိုသွားယားသဖြင့် အကုန်လိုက်ကိုက်တတ်သောအချိန်

ဒါပေမယ့် ကျနော်တွေ့လိုက်ရသော ဂရိတ်ဒိန်းမောင်နှမနှစ်ကောင်သည် ချိနဲ့နေသည်။ လမ်းမလျှောက်နိုင်တော့ပါ။ ဖင်တွန်းသွားနေ ရပါသည်။ အထီးအမဲလေးက နဲနဲတော်သေးသည်။ နဲနဲမတ်တပ်ရပ်နိုင်သည်။

အမ..ကတော့လုံးဝအခြေအနေမကောင်း.. လုံးဝအောက်ပိုင်းသေနေသည်။ ကျနော်တစ်ချိန်တုန်းက ဤခွေးမျိုးကိုမွေးချင်၍ ရှာခဲ့ဖူးပါ သည်။ တန်ဘိုးကြီးလွန်းသောကြောင့် ကျနော်မမွေးဖြစ်ခဲ့ပါ။

ဒီဂရိတ်ဒိန်းမောင်နှမကိုမွေးမြူခဲ့သောခွေးပိုင်ရှင်ကိုကျနော်နားမလည်ပါ။
တန်ဘိုးကြီးသော ခွေးကိုမွေးပြီး မပြုစုတတ်တာလား.... မသိတာလား. ဘာအတွက်နဲ့မွေးတာလဲ

ကျနော့်အတွေ့အကြုံနှင့်ဆိုရင် ဒီအရွယ်ခွေးမျိုးကို လွတ်လွတ်လပ်လပ် ဆော့ကစားစေမည်။ ဗီတာမင်နှင့်ကယ်လဆီယမ် အားဆေး ကျွေးမည်။ (အမျိုးအစားကောင်းသောဆေးကိုမဆိုလိုပါ) အမဲသားများ၊ နို့ကိုကောင်းစွာတိုက်ကျွေးမည်။ နေရာထိုင်ခင်း နွေးနွေးထွေးထွေး ထားမည်.. ဒါဆိုလုံလောက်နေပါပြီ.

ဒီခွေးမောင်နှမချိနဲ့နေတာကြည့်ပြီး ခွေးပိုင်ရှင် ဘယ်လိုမွေးခဲ့တယ်ဆိုတာကို ကျနော် ခန့်မှန်းကြည့်မိပါသည်။ ခွေးကလေးများကို လှောင်အိမ် ကျဉ်းကျဉ်းလေးထဲမှာထားမည်..
အားဆေးများလဲတိုက်ကျွေးပုံမရခြင်း
အစာအဟာရလဲကောင်းစွာမကျွေးမွေးခဲ့ခြင်း
လွတ်လွတ်လပ်လပ်ဆော့ကစားခွင့်မပေးခြင်း..
ဖျားနာနေချိန်ဆေးဝါးနှင့်မကုသခြင်း.
နေရာထိုင်ခင်းအေးသောနေရာဖြစ်ခြင်း..
ထို့ကြောင့်ထိုခွေးလေးများချိနဲ့သွားပုံရသည်။

ခွေးကလေးများကိုမြင်ပြီး သနားသောစိတ်က ခွေးနှစ်ကောင်ကို ခြံထဲခေါ်ယူခဲ့မိပါသည်။ ကျနော့်ဂိုဒေါင်ခြံမှာလဲ ချင်းခွေးမျိုး နှစ်ကောင် ရှိနေပါသည်။ ယူလာသော ခွေးကလေးနှစ်ကောင်ကို ရေချိုးသန့်စင်ပြီး ထမင်းချကျွေးပါသည်။ မစားရတာဘယ်လောက်ကြာနေပြီလဲကျနော်မသိပါ.. တခဏအတွင်းမှာတဇလုံကုန်သွားပါသည်။

ခွေးကလေး အစာစားပြီးတော့ အညစ်အကြေးစွန့်ပါသည်။ အောက်ပိုင်းမလှုပ်ရှားနိုင်သောကြောင့် သူ့ကိုယ်မှာ အညစ်အကြေးများနှင့် ညစ်ပေနေပါသည်။ ထပ်မံပြီး သန့်စင်ရပြန်သည်။ ကျနော့်စိတ်ထဲမှာ ခွေးကလေးပီပီ ချစ်စရာကောင်းနေပါသည်။ ကျန်းမာရေး ကောင်းသော ခွေးဖြစ်ပါက ကျနော် တော်တော်ဝမ်းသာပါမည်။ သူတို့ဘ၀ချိနဲ့နေသောကြောင့် ညနေ ဆရာဦးကျော်စိုးဆီ သွားပြီး သူ့အကြံဥာဏ်ရယူပါအုံးမည်။

ဒီခွေးပိုင်ရှင်ဟာ ခင်ဗျားတို့ကျနော်တို့လိုခွေး ကိုချစ်လို့ မွေးခဲ့ပုံမရဘူး
ခွေးကိုစီးပွားရေးအနေနှင့်မွေးခဲ့ပုံရတယ် ဒါကြောင့်ခွေးနှင့်ပတ်သက်တာဘာမှအကုန်အကျခံခဲ့ပုံမရဘူး။
ပစ္စလက္ခမွေးခဲ့လို့ ဒီလိုအခြေအနေမျိုးကို ရောက်ခဲ့တာပေါ့.
ဆရာ ဒီခွေးလေးတွေ ရောဂါပျောက်နိုင်ပါ့မလား.
ဘယ်လောက်အခြေအနေထိ ဖြစ်ခဲ့တယ်ဆိုတာ ကျနော် မသိရတော့ ပြောဘို့တော်တော်ခက်တယ်.
ရောဂါပျောက်မပျောက်ထက် ကုသရင်ကုန်ကျမယ့်စရိတ်ကို ကျနော်အရင်တွက်ပြမယ်..

ဆရာက ကျနော့်ကို တိုက်ကျွေးရမည့်ဆေး၊ ကုသရမည့် ထိုးဆေးအမျိုးအစား၊ ကျနော့်ဘက်က နေ့စဉ်လေ့ကျင့်ခန်း လုပ်ပေးရမယ့် အစီအစဉ်များကိုပြောပြပါသည်။ ကုသ၍ရမရတော့သူတိတိကျကျမပြောနိုင်.

ဒါပေမယ့် ဆေးကုသစရိတ်က တစ်ကောင်ကို တစ်လတစ်သိန်းကျော်လောက်ကုန်မယ်.. ငွေကုန်တာကို ကျနော် မနှမျောပါ။ ရပ်ရေးရွာရေး အလှူများမှာလည်း ဒီထက်မကလှူတန်းနေပါသည်ရောဂါပျောက်မပျောက် မပြောနိုင်သောကြောင့် ကျနော် တော်တော် စိတ်ပျက်သွားရပါသည်။

. ကိုဂျစ်တို့လို အလုပ်များနေတဲ့သူတွေကိုတော့ ကျနော်မတိုက်တွန်းချင်ဘူး
. ကျနော့်စိတ်ထဲမှာ ကုသဘို့ခက်မယ်လို့ ထင်ပါတယ်.
. ဆရာဒီခွေးနှစ်ကောင်ကို ခြံထဲခေါ်ထားမိပြီ ဆရာရဲ့.
.ကျနော့်အတွက်လဲ ၀ိုင်းစဉ်းစားပေးပါအုံး..
. ခွေးချစ်တတ်တဲ့မိတ်ဆွေတွေ ကျနော့်မှာရှိပါတယ်

ဒီလိုနှင့်ဘဲ ဒီခွေးလေးနှစ်ကောင် ကျနော့်ဂိုဒေါင်ခြံထဲမှာ သောင်တင်နေပါသည်။ ရပ်ကွက်ထဲကလူတွေက စွန့်ပစ်ထားသော ခွေးလေးကို ခေါ်ယူကျွေးမွေးထားသောကြောင့် ကျနော့်ကိုဝိုင်းပြီးသာဓုခေါ်ကြပါသည်။

ခွေးလေးနှစ်ကောင်သန့်ရှင်းရေးကိစ္စများကို ကျနော့်ကောင်လေးများက နေ့စဉ် လုပ်ပေးနေရပါသည်။ ကြာလာတော့ သူတို့လဲ မလုပ်ချင် ကြတော့ပါ။ ကျနော် ကိုယ်ချင်းစာမိပါသည်။ လေဖြတ်နေသောမိဘများကို အချို့သားသမီးများ ကြာလာတော့ ငြူစူလာတာကို ကျနော်မြင်ခဲ့ဘူးပါသည်။ တိရစ္ဆာန်ဖြစ်သောသူတို့ကို ကြာလာရင်ဘယ်သူပြုစုမလဲ.

ဒီခွေးလေးတွေ ကျနော့်ခြံပေါက်လဲ မဟုတ်ခဲ့ပါ။ သူများစွန့်ပစ်ပြီးမှ ရောက်လာကြသည်။ ကျနော့် မျက်နှာနှင့်သူတို့လုပ်ပေးနေရသည်။ စိတ်မပါတော့ပါ။ ..အညစ်အကြေးများကို အချိန်တိုင်းသန့်ရှင်းရေးလုပ်ပေးနေရသော ကောင်လေးတွေကို ကျနော် ကိုယ်ချင်းစာမိပါသည်တစ်ရက်လည်းမဟုတ်.. နှစ်ရက်လည်းမဟုတ်.

ခွေးချစ်တတ်သူများ၏လိပ်စာကို ဆရာဦးကျော်စိုးဆီမှယူပြီး တစ်ခြံဝင် တစ်ခြံထွက် ကျနော်ကားနှင့် ခွေးလေးများကိုတင်ပြီး သွားရောက် ပြသခဲ့ပါသည်။ သူတို့အားလုံး လိမ္မာကြပါသည်။ ချိနဲ့နေသော ခွေးလေးနှစ်ကောင်ကို တစ်ခြံကမှလက်မခံပါ။ ကျနော်သာလျှင် မိုက်မဲသူလို့ သူတို့ပြောနေကြပြီလားမသိ.

ကျနော့်ခြံပေါက် ချင်းခွေးတွေနှင့်အမြဲတမ်းဆော့နေသော ကောင်လေးများသည် ချိနဲ့နေသော ခွေးလေးကိုမြင်လျှင် မျက်နှာရှုံ့မဲ့သွားကြလေ့ ရှိသည်။ အောက်ပိုင်းအညစ်အကြေးများ ပေကျံနေသောကြောင့် သူတို့သိပ်မကပ်ချင်ကြပါ။ ကျနော် နားလည်ပါသည်။ ကြာလာရင် မလွယ်ပါ။ ကျနော်တစ်ခုခုဆုံးဖြတ်ရတော့မည်။

တစ်ည ခွေးချစ်တတ်သော ဘုန်းကြီးကျောင်းအနီးမှာ ဒီမောင်နှမကို ကျနော်ရင်နာနာနှင့် စွန့်ပစ်ခဲ့ရပါသည်။ ကျနော် အရမ်းစိတ်မကောင်း ဖြစ်ခဲ့ရပါသည်။ ကျနော်လဲသူတို့ကို မပြုစုအားပါ။ ပြုစုပေးမယ့်သူကလည်း စေတနာမပါကြတော့ ဒီလိုအခြေအနေမျိုး ဖြစ်ခဲ့ရပါသည်။ ကျနော် အရမ်းကြေကြေကွဲကွဲ ခံစားရပါသည်။ ခွေးချစ်တတ်သူတစ်ဦးက ခွေးကိုစွန့်ပစ်ရခြင်း ဟူသော အတွေးက ပို၍ရင်နာစေခဲ့ပါသည်။ အကုသိုလ် အတုံးလိုက် အတစ်လိုက် ၀င်ခဲ့သောနေ့များလို့ မှတ်ယူရပါမည်။

သူများ၏အကုသိုလ်သည် ကျနော့်အကုသိုလ်ဖြစ်ခဲ့ရပါသည်။ ကျနော် ဥပေက္ခာပြုခဲ့လျှင် ကျနော် ဒီနေ့ ဒီလောက်မခံစားရပါ။

မူလပိုင်ရှင်ဘယ်လိုခံစားရမလဲကျနော်မသိပါ။ ဒီမောင်နှမကို စွန့်ပစ်ခဲ့သောကြောင့် ကျနော် စိတ်တွေ တော်တော်စိတ်မကောင်း ဖြစ်ခဲ့ရပါ သည်။ လူတွေက မူလပိုင်ရှင်ကို မေ့နေကြပြီ. ကျနော်မွေးစားထားသည် ဟု သိထားကြပါသည်။
ခွေးပိုင်ရှင်ကျနော်

မူလပိုင်ရှင် . ခွေးကိုစွန့်ပစ်တုန်းက လူတွေဘာမှမပြောကြပါ။ အခုကျနော့်ကို ဘယ်လိုပြောကြမလဲ.
လူတွေပြောမဲ့စကား ကျနော်နားမထောင်ဝံ့ပါ..

တစ်ရက်ရပ်ရေးရွာရေးအတွက် ရပ်ကွက်လူကြီးအချို့နှင့် လူငယ်အချို့ ကျနော်ဂိုဒေါင်ခြံထဲကို ရောက်လာကြပါသည်။ ကျနော်မရှိခဲ့ပါ။ သူတို့က ကျနော်မွေးထားခဲ့သော ခွေးလေးများအကြောင်းကို မေးပါသည်။ ကျနော့်ကောင်လေး အချို့ကလဲ စွန့်ပစ်လိုက်ပြီလို့ ခပ်ပေါ့ပေါ့ ပြောခဲ့မိပါသည်။ သိပ်မကြာပါ။ ဒုက္ခိတခွေးလေးများကို ရက်စက်စွာဖြင့် ကျနော်စွန့်ပစ်လိုက်ပြီ ဆိုသော သတင်းက တစ်ရပ်ကွက်လုံးသို့ ပျံ့နှံ့သွားပါသည်။

ထိုသောအခါ တစ်ရပ်ကွက်လုံးမှ လူများ ကျနော့်ကို ၀ိုင်းပြီး မေတ္တာပို့ကြပါသည်။
အကြင်နာတရားခေါင်းပါးတဲ့လူကြီး..
ရက်စက်သောလူကြီး
နှလုံးသားမရှိတဲ့လူကြီး.တဲ့.
ကောင်းသောအလုပ်ကိုလုပ်လျှင်လူတွေဝိုင်းဝန်းချီးမြှောက်ကြပြီး.
မကောင်းသောအလုပ်ကိုလုပ်လျှင်လည်း ၀ိုင်းရှုံ့ ချကြသည်မှာ.
.လောကဓမ္မတာပါ

လူတွေမမှားကြပါ. မှားတာကကျနော်..
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit