Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

နာဂစ် အပိုင်း - တစ်

     မအေ --ိုး နာဂစ် ကျနော့်ကို ယဉ်ကျေးမှု မရှိသောလူ့ အရိုင်းအစိုင်း ဟုခေါ်ချင် ခေါ်လိုက်ပါ။ကျနော် နောက်ထပ်တစ်ခါ
အော်ဟစ်ပြီးထပ်ဆဲပါရစေ မအေ --ိုး နာဂစ် .. မေ ၂-၃ ရက် နေ့ များတွင် ဒုက္ခတွေသယ်ယူ လာပေးခဲ့သော နာဂစ်ကြောင့်
ကျနော်တို့  ပြည်သူသိန်းကျော်ပြီးသေကျေပျောက်ဆုံးခဲ့ရပါသည်။ရှင်ကျန်ရစ်ခဲ့သော ပြည်သူနှစ်သန်းကျော်မှာလဲ ဒုက္ခပင်လယ်ဝေ
ခဲ့ရပါသည်။ မေ ၆-၇ ရက်များတွင် လပွတ္တာမြို့နယ်အတွင်းမှာ နေထိုင်နေကြသော ကျနော့်အပေါင်းအသင်းများ မိသားစုဝင်
အချို့သည်နာဂစ် ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါသွားပြီ ဖြစ်ကြောင်းသတင်းရောက် ရှိလာပါသည်။ကျနော်အလွန်ဝမ်းနည်း
ကြေကွဲ ရပါသည်။ဆင်းရဲသော ကျနော်တို့တိုင်းပြည်ကိုမှဘာလို့ ရွေးချယ်ခဲ့ရသလဲလို့ ကျနော် မေးခွန်းထုတ်လိုက်ချင်ပါသည်။

    ၂၀၀၈ မေလ ၁ ရက်နေ့ သည်ကျနော်တို့ ၏ ၂၄ နှစ်မြောက် မင်္ဂလာရက်မြတ် ဖြစ်ပါသည်။ကျနော်တို့ မိသားစုတွင်သား
သုံးယောက်ရှိပါသည်။သားအကြီး တီတီးသည် ကျနော်တို့၏ လုပ်ငန်းကို ၀ိုင်းကူလုပ်ပေးနေပါသည်။ဒုတိယသား ကိုဘုတ်သည်
စင်္ကာပူ S.M.U တွင်စာဖတ်နေပါသည်။

     ဒီရက်အတွင်း သူစာမေးပွဲ ဖြေရန်အတွက် စာဖတ်နေပါသည်။သားအငယ်ဆုံး ဖိုးလပြည့် GCE ဖြေရန်စာကျက်နေပါသည်။
သူတို့စာမေးပွဲကမေလ ၆ ရက်နေ့ မှာ MICT Park တွင်ဖြေရပါမည်။မိသားစု မစုံညီတာရယ်၊ခလေးတွေ စာဖတ်နေရတာတွေ
ကြောင့်၂၄ နှစ်မြောက်မင်္ဂလာအစီအစဉ်ကို ဘာမှထွေထွေထူးထူး မလုပ်ဖြစ်ပါ။ဆိုင်မှဟင်းမျိုးစုံ ၀ယ်ယူခဲ့ပြီး ကျနော့်မိသားစု၊
ကျနော့်ဝန်ထမ်းအချို့ နှင့်ဝိုင်းဖွဲ့စားသောက်ခဲ့ ကြပါသည်။စားသောက်နေစဉ်အတွင်း Aljazeera သတင်းဌာနမှ အင်အားပြင်းသော
မုန်တိုင်းတစ်ခုမြန်မာနိုင်ငံသို့ ဦးတည်ပြီးရွှေ့လျားနေကြောင်း မိုးလေ၀သသတင်းဌာနမှ ပြောကြားသွားပါသည်။ကျနော်တို့ 
အားလုံးစိတ်မ၀င်စားကြပါ။ထိုမုန်တိုင်းသည်ကျနော်တို့ နှင့်မဆိုင်သလိုဘဲ သဘောထားလိုက်ပါသည်။တစ်သက်မှာတစ်ခါမှ
မုန်တိုင်းမကြုံဖူးပါ။ထို့ပြင် အင်အားပြင်းမုန်တိုင်းများ မြန်မာပြည်သို့လာလေ့လာထမရှိပါ။၂၀၀၈မေလ၂ရက်နေ့ ပုံမှန်အတိုင်း
ကျနော်တို့ အလုပ်သွားကြပါသည်။ဆိုင်ရောက်တော့ကျနော်တို့ မှာထားသောပစ္စည်းတင်ထားသော သင်္ဘောဒီနေ့ ဟောင်ကောင်
ဆိပ်ကမ်းမှ ထွက်ခွာပါမည်။သေချာအောင် ကုမ္ပဏီပိုင်ရှင်ဖြစ်သော Johnson ကို E-mail လှမ်းပို့ လိုက်ပါသည်။

     ဒီနေ့ ထွက်ခွါမယ့် သင်္ဘောထွက်ဖြစ်လား ကွန်တိန်နာ တင်ထားသော သင်္ဘောဒီနေ့ မထွက်ဖြစ်ပါ.သူနှင့်ကျနော်
အမြဲနောက်နောက်ပြောင်ပြောင်နှင့် စာရေးလေ့ရှိပါသည်။ မင်းဘာဖြစ်လို့ ဈေးပေါတဲ့ သင်္ဘောလိုင်းနဲ့ တင်တာလဲ၊ သေချာတဲ့
သင်္ဘောလိုင်းနှင့် အလုပ်လုပ်ပါဒီနေ့ ဘယ်သင်္ဘောမှ မထွက်ကြဘူး. အင်အားကြီးတဲ့ မုန်တိုင်းတစ်ခု နင်တို့ တိုင်းပြည်နားမှာ
ရောက်နေပြီ၊ မင်းဂိုဒေါင်ထဲမှာ ရှိနေတဲ့ပစ္စည်းတွေကို သတိထားပါ..နောက်နေကျလို့ဘဲ သဘောထားလိုက်ပြီးစာမပြန်
တော့ပါ။ကျနော့် သူငယ်ချင်းများနှင့် လသာလမ်းမှာရှိတဲ့California ကော်ဖီဆိုင်သို့ ထွက်ခဲ့ကြပါသည်။ကျနော် ဆိုင်ပြန်ရောက်
တော့ ၅ နာရီ ထိုးတော့မယ်။ကျနော့် E-mail ထဲမှာ Johnson စာကစောင့်နေသည်။နင်တို့ တိုင်းပြည်ရဲ့ ကမ်းရိုးတန်း
နေရာမှာ မုန်တိုင်းဝင်နေပြီ၊နောက်ဆက်တွဲရေတွေလဲကြီးနေပြီ..မင်းမိသားစုတွေကိုဂရုစိုက်ပါ.သတိပေးစာ ၀င်လာသည်။
သူပြောတာလဲ ဖြစ်နိုင်သည်။ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်းမှာ မုန်တိုင်းဝင်နေတာ ဖြစ်မှာပါ။ရန်ကုန်နှင့်တော့ အလှမ်းဝေးပါတယ်လို့ 
သဘောထားလိုက်ပါသည်။ရန်ကုန်မြို့ ရာသီဥတု သာသာယာယာပါဘဲ။ဖိုးလပြည့်ဆီကဖုန်းလာပါသည်။

    မြန်မြန်ပြန်ခဲ့ကြတော့၊မုန်တိုင်းလာမယ်လို့ ပြောသံကြားတယ်သူ Orangesupermarket မှာလျှောက်သွားရင်း လူတွေပြောသံ
ကြားတာကိုဖုန်းဆက်တာပါ။ကျနော် အိမ်အပြန် လမ်းမှာတော့ Capital ကုန်တိုက်ပိတ်ထား လိုက်ပါပြီ။ကျနော့် စိတ်ထဲမှာ အစိုးရိမ်
ကြီးလိုက်တာဟုသဘောထား လိုက်ပါသည်။ကျနော်တို့ ညစာစားကြတဲ့အထိ မုန်တိုင်းသတင်း ဘာမှမကြားမိပါ။မြန်မာ့အသံ
ဖွင့်ကြည့်တော့ မုန်တိုင်းသတိပေးချက် လွန်သွားပြီလား၊ ဒါမှမဟုတ် မကြေငြာသေးတာလား ကျနော်မသိလိုက်ပါ။ကျနော်ကြည့်မိတဲ့
အချိန်မှာတော့ အဆိုတော်ကိုင်ဇာကကောင်မလေးနှစ်ယောက်ကိုမေးနေသည်။အသက် ၁၈ နှစ်ပြည့်ပြီလားတဲ့ . ဒီနေ့ ကျနော်တို့ 
ရပ်ကွက်မှာမီးပျက်ပါသည်။မီးစက်နှိုးပြီးလုပ်စရာအလုပ်များကို လုပ်ပြီးည ၁၁ နာရီမှာအားလုံး အိပ်ရာဝင်ခဲ့ကြပါသည်။အိပ်ရာထက်မှာ
နေရင်းစိတ်ထဲမှာ လေတိုက်သလိုခံစားမိပါသည်။ဒါပေမယ့် ကျနော်တို့ အားလုံး စိတ်ထဲမှာ ပေါ့ပေါ့ဘဲ သဘောထားမိ ကြပါသည်။
ကျနော်တို့ အိပ်မပျော်သေးပါ၊လေနည်းနည်းပြင်းလာသလို ကြားမိတော့ တစ်အိမ်လုံး တံခါးပေါက်တွေကို ပြန်ကြည့်ပြီးဖွင့်ထားသော
တံခါးများကို ပြန်ပိတ်ထားလိုက်ပါသည်။လေတိုက်တာရပ်မသွားပါ။တဖြေးဖြေး ပြင်းထန်လာပါသည်။တံခါးဂျက်မခိုင်သောတံခါးများ
ပြန်ပွင့်ကုန်သောကြောင့် ကျနော်တို့ တံခါးအားလုံးကိုကြိုးနှင့်တုတ်ချည်ထားလိုက်ပါသည်။

   အပြင်မှာလေ အရမ်းထန်နေပါသည်။လေတိုက်သံတွေကြောင့် ကျနော့်သားတွေ အိပ်မရတော့ပါ။သူတို့ ရဲ့ စိတ်တွေလဲ နဲနဲထိတ်လန့် 
လာနေကြပြီ။ဤကဲ့သို့  ပြင်းထန်သော လေတိုက်တာကို သူတို့ မပြောနှင့်ကျနော်လဲ တစ်ခါမျှမကြုံဖူးပါ။ခဏကြာရင်ရပ်သွားမှာပါ .
သူတို့ စိတ်သက်သာသွားအောင် ကျနော်အားပေးလိုက်ပါသည်။

    ကျနော်တို့ အားလုံးဘုရားခန်းမှ အပြင်သို့ လှမ်းမျှော်ကြည့်လိုက်တော့ ဤအတိုင်း တွေ့ မြင်ရပါသည်။ဝေဇယန္တာလမ်း အလယ်ကျွန်း
မှသစ်ပင်များ၊ဘေးနားတ၀ိုက်မှ သစ်ပင်များသည် ကိုင်းညွှတ်၍ မြေကြီးကိုနမ်းရှုံ့ နေသလိုပင် မြေကြီးကိုထိသွားလိုက်၊ပြန်ထောင်လာ
လိုက်။ဖိုးလပြည့်က ဗီဒီယိုကင်မရာကိုယူပြီး မှတ်တမ်းတင်နေပါသည်။အိမ်ရှေ့မှာ တပ်ထားသော စလောင်းသည်လည်း တဖြေးဖြေး
စလောင်းနှင့်မတူတော့ပါ။ဇကာတွေလဲ တစ်ချို့အချပ်တွေ ပြုတ်ထွက်ကုန်ပြီ။လေတွေတော်တော် ပြင်းထန်လာပါသည်။နံနက် ၁း၀၀
နာရီလောက်တော့ရှိနေပြီ၊မိုးမရွာသေးပါ။လေတိုက်ခတ်သော အသံတော်တော် ပြင်းထန်လာပါသည်။ဤကဲ့သို့ ပြင်းထန်စွာ တိုက်ခတ်
နေသော လေပြင်းမျိုးကျနော်မကြုံဖူးပါ။ကိုရီးယားကားဇာတ်လမ်းအပြီး ၈း၀၀ နာရီညစာစားစဉ်ကမုန်တိုင်းတော့ရန်ကုန်ကိုရှောင်သွားပြီ
ထင်တယ်လို့နောက်ပြောင်နေကြသေးသည်။ယခုအချိန်အခြေအနေနှင့်အရမ်းကွာခြားနေပြီ။ အခုမှမုန်တိုင်းရောက်လာတာ။

ဖိုးလပြည့်ကကျနော့်စလောင်းဘ၀ပြောင်းနေပုံကိုအမိအရမှတ်တမ်းတင်နေပါသည်။လေတိုက်ခတ်နေသောအသံသည်တော်တော်
ကြောက်စရာကောင်းပါသည်။ဝှီခေါ်အောင်တိုက်သောလေဆိုသည်မှာဒါမျိုးဖြစ်မှာပါ။နားထဲကြားရတာကြောက်စရာလန့်စရာကောင်း
လာပါသည်။အသံကြားရုံနှင့်အလိုလိုအားပြတ်သလိုခံစားရပါသည်။ကျနော်ဒီရက်ပိုင်းအတွင်းနေသိပ်မကောင်းပါ။ဤနှစ်အတွင်း
ကျန်းမာရေးစစ်ဆေးချက်အရ အသည်းရောင်အသားဝါ စီပိုးကျနော့်သွေးထဲမှာတွေ့ ရှိသောကြောင့်စီပိုးသတ်ဆေးထိုးနေသည်မှာ
လေးလခွဲလောက်ရှိပါပြီ။Pegasys(pet interfrom )ထိုးဆေးကိုတစ်ပတ်တစ်ကြိမ်တစ်နှစ်တိတိ ၄၈ ကြိမ်ထိုးရပါမည်။Ribavirin
200mgစားဆေး တစ်ကြိမ်စား ၃လုံး၊တစ်နေ့ နှစ်ကြိမ် စားနေရသည်။ဆေးထိုးဆေးစားတာကျနော်ဂရုမစိုက်ပါ။သို့သော်အချိန်ကြာလာ
သည်နှင့်အမျှဆေး၏ဆိုးကျိုးတွေဝင်လာပါသည်။ညဘက်အိပ်မပျော်ခြင်း၊အစားအသောက်ပျက်လာခြင်း၊နောက်ဆက်တွဲကိုယ်
အလေးချိန်ကျလာခြင်း၊အလိုလိုနေရင်းဒေါသဖြစ်လာခြင်း၊စိတ်အလိုမကျဖြစ်လာခြင်း။ဆေး၏ဆိုးကျိုးများကလဲမျိုးစုံပါဘဲ၊တစ်ခုပြီး
တစ်ခုဖြစ်နေသည်။ကြာလာတော့လူလဲစိတ်ကျရောဂါရနေပြီလားလို့ တောင်ထင်မိပါသည်။လေပြင်းထန်စွာတိုက်ခတ်နေစဉ်အတွင်း
နောက်ကမိုးပါလိုက်လာသည်။လေရောမိုးရောအသံတွေကြောင့်ခလေးတွေလဲတုန်လှုပ်လာပါသည်။မိုးတွေရွာတော့ပိုပြီးစိတ်ပူမိ
ပါသည်။ခေါင်မိုးကမိုးယိုလာလေမလား။လေတိုက်တာလဲလျော့မသွားပါ။ကျနော်တို့ အားလုံးမုန်တိုင်းကိုနဖူးတွေ့ဒူးတွေ့ တွေ့နေကြပြီ။

အပြင်ကမြင်ကွင်းများလဲထိတ်လန့်စရာကောင်းပါသည်။အိမ်ရှေ့သစ်ပင်အချို့ပြိုလဲကုန်ကြပြီ၊ ဓါတ်တိုင်၊ဖုန်းကြိုးတိုင်တွေအားလုံး
လမ်းပေါ်မှာကန့်လန့်ဖြတ်လဲကုန်ကြပြီ။ဘယ်ကလွှင့်လာမှန်းမသိသောသွပ်ပြားတွေလဲအတွဲလိုက်ဝေဇယန္တာလမ်းပေါ်မှာဖုန်းကနဲ
လာကျပါသည်။

ဘေးအိမ်ကပြတင်းပေါက်မှန်ကျကွဲသံခဏခဏကြားနေရပါသည်။ပြိုလဲသံတွေလဲကြားနေရပါသည်။လောကကြီးမှာဘာတွေဖြစ်
ကုန်ပြီလဲ။မိုးတွေရွာတော့ရေတွေလဲတဖြည်းဖြည်းတက်လာသည်။ဝေဇယန္တာလမ်းပေါ်မှာရေဖုံးနေပြီ။

မိုးနှင့်လေအားပြင်းပြင်းနှင့်ဆော်နေဆဲ။ပြင်ပမြင်ကွင်းများကိုမြင်ပြီးဖိုးလပြည့်ဗီဒီယိုမှတ်တမ်းများမလုပ်နိုင်တော့ပါ။ထိတ်လန့်တုန်
လှုပ်သောမျက်လုံးနှင့်ဧည့်ခန်းမှာငုတ်တုတ်ထိုင်နေသည်။အမေ..ဒီလေတိုက်တဲ့အသံတွေကိုသားကြောက်လာပြီ..အမေဖြစ်သူကို
ဖိုးလပြည့်ကလှမ်းပြောနေသည်။ကျနော်တို့အားလုံးအပေါ်တက်အောက်ဆင်းနှင့်ကိုယ့်အိမ်ကိုကိုယ်အလုံခြုံဆုံးဖြစ်အောင်ပြင်ဆင်နေ
ကြသည်။အိမ်ရှေ့စလောင်းကလုံးလုံးဘ၀ပြောင်းသွားပြီ။ဝိုင်းဝိုင်းပြားပြားဘ၀မှချွန်ချွန်ဘ၀သို့ရောက်သွားပါပြီ။အပေါ်ထပ်ရှေ့တံခါး
ကြီးကြားမှာရေတွေစီးဝင်လာနေပါသည်။ကျနော်တို့အ၀တ်များနှင့်ရေတားနေကြသည်။တစ်ညလုံးဘယ်သူမှမအိပ်ရကြသေးပါ။အိပ်ဖို့လဲ
သတိမရပါ။မိုးတွေလေတွေပြင်းထန်နေပါသည်။နံနက် ၅း၀၀ နာရီလောက်မှာတော့အပြင်းထန်ဆုံးလို့ထင်မိပါသည်။

တစ်အိမ်လုံးလျှောက်စစ်နေရင်းကျနော်တို့အိပ်ခန်းမျက်နှာကျက်မှရေတွေဝေါခနဲဆင်းကျလာပါသည်။ပီနံစတွေယူပြီးပစ္စည်း
တွေရေမစိုအောင်လိုက်လံဖုံးအုပ်နေပါသည်။အိမ်အမိုးကျောက်ပြားပြုတ်ထွက်နေပြီလို့ကျနော်ထင်လိုက်ပါသည်။စီးကျလာ
သောရေတွေကိုလဲပီနံစတွေနှင့်လိုက်ပြီးကာနေရပါသည်။စီးကျလာသောရေရပ်မသွားပါ။ဒီအတိုင်းစီးသွားနေလို့မဖြစ်နိုင်ပါ။
ရေတွေဘယ်ကစီးကျလာတာလဲ၊ဘယ်က၀င်လာတာလဲ၊ရေ၀င်သောအပေါက်ကိုမတားနိုင်ဘဲအောက်ကရေလိုက်ခံနေရလျှင်
ကျနော့်အခန်းရေပြည့်သွားနိုင်သည်။ဝင်လာသောရေကိုတားရမည်။မျက်နှာကျက်နှင့်ခေါင်မိုးကြားကိုတက်ကြည့်ပါသည်။
ထင်ထားသလိုဘဲကျောက်ပြားတစ်ချပ်ဟနေပြီးထိုမှရေတွေဒလဟောစီးဝင်နေပါသည်။ဟနေသောနေရာမှလိုက်စမ်းကြည့်တော့
ပြုတ်ထွက်နေသောအမိုးကျောက်ပြားဘေးမှာရှိနေသေးသည်။

လွှင့်မကျသေးပါ။ကျောက်ပြားကိုချိတ်ဆွဲထားသောသံဂျိတ်လေပြင်းအားကြောင့်သံဂျိတ်ပြုတ်ပြီးကျောက်ပြားဟနေခြင်း
ဖြစ်ပါသည်။ယခုမှကျောက်ပြားတစ်ချပ်စပြုတ်ခြင်းဖြစ်ပါသည်။ဤကျောက်ပြားကိုနဂိုနေရာမထားနိုင်ပါကလေပြင်းအားနှင့်
ကျနော်အိမ်အမိုးအားလုံးပွင့်ထွက်ဖို့မြင်နေရပါပြီ။ကျနော်ဤကျောက်ပြားကိုမူလနေရာမှာပြန်ချထားရေးမှာဦးစားပေးအလုပ်
ဖြစ်ပါသည်။

ကျေက်ပြားကိုမူလနေရာသို့ပြန်ချထားလိုက်ပါသည်။သံဂျိတ်ပြုတ်နေ၍ကျနော့်လက်နှင့်ဘဲထိန်းနေရပါသည်။ဘာနှင့်ပြန်ချိတ်
ရမလဲ။ပြန်မချိတ်နိုင်သရွှေ့ကျောက်ပြားကိုကျနော်လက်နှင့်ထိန်းထားရမည်။မုန်တိုင်းရပ်သည်အထိဒီအတိုင်းနေမလား၊မဖြစ်
နိုင်ပါ။တခုခုနှင့်ချိတ်ဘို့စဉ်းစားကြည့်တာဘာအကြံဥာဏ်မှထွက်မလာ။လေရော၊မိုးရော ရပ်မသွားတဲ့အပြင်ပို၍ပြင်းထန်လာ
ပါသည်။

လေတိုက်ပုံကအရမ်းကြောက်စရာကောင်းသည်။လေမရောက်ခင်တ၀ီဝီနှင့်မြည်နေသောအသံကိုအရင်ကြားနေရသည်။နောက်
ခဏမှာလေရောက်လာပါသည်။ရှိသမျပစ္စည်းများသစ်ပင် အိမ်အဆောက်အဦးအမိုးအကာများဆိုင်းဘုတ်များကိုတခါတည်းဆွဲ
နုတ်သွားသလိုပင်အားလုံး အပြိုပြိုအလဲလဲနှင့်လွှင့်ကုန်ပါတော့သည်။

နောက်ထပ်ဝီခနဲအသံကြားနေရပါသည်။ခဏနေလေမုန်တိုင်းများတစ်လုံးပြီးတစ်လုံးရောက်လာပြီးရှိသမျှရုပ်ဝတ္ထုများကိုစိတ်ရှိ
လက်ရှိစိတ်လွတ်ကိုယ်လွတ်နှင့်ဖျက်ဆီးနေသလိုခံစားရပါသည်။မြင်သမျှတွေကို ဖျက်ဆီးပစ်နေသောဤမုန်တိုင်းကိုကျနော်ထိုင်
ကြည့်နေရုံကလွဲ၍ဘာမှမတတ်နိုင်ခဲ့ပါ။

ပထမကျနော်ကျောက်ပြားကိုလက်နှင့်ထိန်းထားပြီးနေရာတကျချထားလိုက်ပါသည်။ဝီခနဲအသံနှင့်အတူရောက်လာသောလေ
တစ်လုံးသည်ကျောက်ပြားကိုပြန်ဆွဲလှန်ပစ်လိုက်ပါသည်။

ကျနော်အလျှင်အမြန်လက်နှင့်အမှီပြန်ထိန်းနိုင်ခဲ့ပါသည်။ဤအချိန်မှာလေရောမိုးပါသဲသဲမဲမဲကြမ်းနေသည်။လေတိုက်တာလဲ
တစ်ကြိမ်နှင့်တစ်ကြိမ်ပို၍ကြမ်းလာပါသည်။နောက်ထပ်လေတစ်လုံးဝင်ဆောင့်လိုက်တော့ကျနော်အိမ်အမိုးကျောက်ပြားအားလုံး
လွင့်ထွက်ကုန်ပြီလားလို့ခံစားမိပါသည်။ဟနေသောကျောက်ပြားကြားမှလေနှင့်အတူဝင်လာသောမိုးရေများကြောင့်ကျနော့်
တစ်ကိုယ်လုံးစိုရွဲစေပါသည်။ကျောက်ပြားကိုလက်ဖျားနှင့်ဆွဲထိန်းထားရတာအားမရပါ။မိမိရရဆွဲကိုင်ထား၍မရပါ။ကြာလာတော့
လက်ဖျားတွေအေးစက်ပြီးလက်အံသေချင်သလိုဖြစ်လာပါသည်။

နောက်လေတစ်လုံးပို၍ပြင်းထန်ပါသည်။ဝုန်းကနဲဆောင့်လိုက်သောလေကြောင့်ကျနော်ထိန်းထားသောကျောက်ပြားထပ်လန်
သွားပြီးဘေးမှာရှိနေသောကျောက်ပြားတစ်ချပ်ဂျိတ်ပြုတ်ထွက်သွားပြန်ပါသည်။

ကျောက်ပြားနှစ်ချပ်ပြုတ်ထွက်သွားပါပြီ။ကျနော်ပထမကျောက်ပြားတစ်ချပ်ကိုသာထိန်းနေရသည်။ယခုကျောက်ပြားနှစ်ချပ်
ကိုလက်ဖျားနှင့်ထိန်းနေရသည်။ဤကျောက်ပြားနှစ်ချပ်ကိုပြန်၍မချိတ်နိုင်ပါကကျနော့်အိမ်အမိုးအားလုံးလေထဲလွင့်ထွက်ကုန်
တော့မည်။

အမိုးဗလာဖြစ်ခဲ့လျှင်ကျနော်အိမ်တွင်းရေတွေဝင်ပြီးပစ္စည်းအားလုံးပျက်စီးကုန်လိမ့်မည်။ဤအဖြစ်မျိုးကျနော်အဖြစ်မခံနိုင်ပါ။
ပြုတ်ထွက်နေသောဂျိတ်၏နေရာမှာတစ်ခုခုနှင့်အစားထိုးပြီးပြန်ချိတ်ရပါမည်။စဉ်းစားတာလဲဘယ်လိုမှစဉ်းစား၍မရပါ။နောက်ထပ်
ဝင်လာသောလေတစ်လုံးကြောင့်ကျောက်ပြားတစ်ချပ်ပြုတ်ထွက်သွားပြန်ပါသည်။ကျနော့်လက်နှစ်ဘက်နှင့်ကျောက်ပြား၃ချပ်
ထိန်းနေရသည်။ကြာလာရင်ဘယ်လိုမှမဖြစ်နိုင်တော့ပါ။

လက်ဖျားတွေအေးစက်ထုံကျင်နေပြီးနာကျင်တာတွေလဲမခံစားနိုင်တော့ပါ။မျက်နှာမှာလဲမိုးရေတွေနှင့်စီးကျနေသည်။အမှတ်မထင်
ငုံ့ကြည့်လိုက်တော့ကျနော်တီရှပ်အဖြူရောင်တခုလုံးနီရဲနေသည်။ ဘာကြောင့်လဲကျနော်စဉ်းစား၍မရပါ။သေချာကြည့်လိုက်တော့
ကျနော့်သွေးတွေ၊မိုးရေနှင့်အတူတီရှပ်တစ်ထည်လုံးသွေးစွန်းနေသည်။ဘယ်ကလာတဲ့သွေးလဲ..သေသေချာချာပြန်ကြည့်တော့
နာကျင်နေမှန်းမသိတော့တဲ့ကျနော့်လက်ချောင်းလက်ထိပ်တွေကျောက်ပြားကိုဆွဲထားသောဆွဲညှစ်ထားသောဒါဏ်ကြောင့်ကွဲနေပြီ။
ထိုမှမိုးရေနှင့်အတူတစက်စက်မျက်နှာများကိုလာစင်ပြီးတီရှပ်ပေါ်သို့ စီးကျနေပါသည်။နောက်သို့လှည့်ကြည့်မိတော့သားအငယ်
ဖိုးလပြည့်ကျနော့်ကိုကူရန်နောက်မှာရောက်နေသည်။သူလဲဘာမှမလုပ်ပေးနိုင်ပါ။ကျနော်ဖြစ်ပျက်နေတာကိုမျက်လုံးအ၀ိုင်းသား
နှင့်ထိတ်လန့်စွာကြည့်နေပါသည်။ကျနော့်သွေးတွေပေနေသည့်ကြားထဲကသူ့အကူအညီမယူချင်ပါ။ကျနော့်သွေးထဲမှာစီပိုးတွေရှိ
နေသည်။သူတို့လေးတွေကိုမကူးစက်စေချင်ပါ။ သွား.. သွား..နောက်ဆုတ်.. လေသံတွေကြားထဲကသူ့ကိုမောင်းထုတ်လိုက်သည်။

သူလဲနောက်ဆုတ်လိုက်ပါသည်။လေတွေလဲတစ်လုံးပြီးတစ်လုံးဝင်ဆောင့်နေသည်။ကျနော်ကျောက်ပြားသုံးချပ်ကိုမလွှင့်အောင်ထိန်း
နေရပါသည်။ကာလာရင်မလွယ်တော့ပါ။လက်တွေလဲမခံနိုင်တော့ပါ။ကျနော့်အိမ်သားအားလုံးဗျာများနေကြသည်။ဝေဇယန္တာလမ်းမှ
ရေတွေလဲခြံထဲရောက်နေပြီ။ဤအတိုင်းဆက်သွားနေရင်အိမ်ထဲရေ၀င်တော့မည်။ရေ၀င်နေသောလမ်းကြောင်းများကိုအ၀တ်နှင့်ဆို့ဘို့
ကြိုးနေကြသည်။ အပေါ်ထပ်ပြတင်းပေါက်တံခါးကြီးများလဲဂျက်တွေပြုတ်ထွက်ကုန်ပြီ။ထို့ကြောင့်တံခါးများကိုသံပန်းနှင့်အတူတွဲပြီး
သွပ်ကြိုးနှင့်တွဲပြီးချည်နေကြပါသည်။

ပြတင်းပေါက်မှရေများမ၀င်နိုင်အောင်အ၀တ်များနှင့်လိုက်လံပိတ်နေကြပါသည်။ကျနော်လဲမျက်နှာကျက်နှင့်ခေါင်မိုးမှာ
တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။လေတွေလဲလျော့မသွားပါ။တ၀ီဝီနှင့်မြည်နေသောလေသံကိုကြားရင်ကျနော်သွေးပျက်ချင်
နေပါသည်။နောက်ပြီးတ၀ုန်းဝုန်းနှင့်ဆောင့်ပြီးကျောက်ပြားအမိုးတွေကိုလှန်ဖို့ကြိုးစားနေပါသည်။

လက်ထိပ်မှသွေးများလဲမျက်နှာပေါ်လာစင်နေကြသည်။လက်အံလဲသေတော့မည်။မုန်တိုင်းလဲမရပ်သေးပါ။ဟနေသောကျောက်ပြား
အမိုးကြားထဲမှပြင်ပကမ္ဘာမှာဖြစ်ပျက်နေတာကိုလှမ်းမြင်နေရသည်။ အနှစ် ၂၀၊၃၀ ရှိသောသစ်ပင်များတစ်ပင်ပြီးတစ်ပင်ပြိုလဲနေ
ကြသည်။သစ်သားအိမ်များလဲပျဉ်တွေကွာကျနေကြသည်။သွပ်တွေကတော့တစ်ချပ်မှမရှိတော့ပါ။ဝေဇယန္တာလမ်းပေါ်သစ်ပင်ကြီး
တွေလဲတစ်ပင်ပြီးတစ်ပင်ပြိုလဲကုန်ကြပါပြီ။လေကမလျော့သေးပါ။ တစ်ဝီ၀ီမြည်နေသောလေသံများကိုသွေးပျက်စွာကြားနေရပါသည်။
ဤအဖြစ်အပျက်မျိုးတကြိမ်တစ်ခါမှမကြုံခဲ့ဘူးသောကြောင့်ကျနော်တို့အားလုံးထိတ်လန့်တုန်လှုပ်နေကြပါသည်။ဘယ်အရာကိုမှစဉ်း
စားတွေးတော၍မရနိုင်ပါ။ကျောက်ပြားချိတ်ဆွဲရန်ယခုထိစဉ်းစား၍မရသေးပါ။နောက်ထပ်လဲတ၀ီဝီနှင့်မြည်သံတွေကြားနေရပါသည်။
လေတွေလဲတစ်လုံးပြီးတစ်လုံးဆောင့်နေသမျှကျနော့်လက်ဖျားမှသွေးတွေကလဲမျက်နှာကိုလာစင်ပါသည်။ ဘယ်သူမှမတားနိုင်ကြ
တော့ဘူးလား..မုန်ယိုနေသောဆင်တစ်ကောင်ကဲ့သို့မြင်မြင်သမျှကိုလိုက်ဖျက်ဆီးနေသောဤမုန်တိုင်းကိုကျနော်ကြောက်လန့်လာ
ပါသည်။တစ်ဝီ၀ီမြည်သောအသံများကလဲသွေးပျက်စေပါသည်။အားကိုးရာမဲ့သလိုခံစားနေရပြီ။တစ်ကြိမ်တစ်ခါမှမဖြစ်ပေါ်ခဲ့သော
အားငယ်စိတ်ခံစားချက်တစ်မျိုးဖြစ်ပေါ်လာပါသည်။

ကျနော်အရမ်းငိုချင်လာပါသည်။ကယ်မယ့်သူမရှိဘဲလုပ်သလိုခံနေရသောကျနော်တို့အဖြစ်ကိုအရမ်းထိတ်လန့်နေပါပြီ။ဒီအတိုင်းနေလို့
မဖြစ်သေးပါမုန်တိုင်းလဲမပြီးသေးပါ။ဤကျောက်ပြားကိုတစ်ခုခုနှင့်ချည်ထားရမည်။စဉ်းစား စဉ်စား ၉၀ ဒီဂရီကွေးနေသောသံချောင်း
ကိုသွပ်ကြိုးနှင့်ဆွဲချည်ပြီးချိတ်လျှင်ဖြစ်နိုင်ပါသည်။ဟုတ်ပါပြီ.. ဖိုးလပြည့်ကိုလှမ်းပြောလိုက်သည်။ခဏနေတော့ ၉၀ဒီဂရီချိုးပြီးသွပ်ကြိုး
တုတ်ထားသောဂုန်နီအိပ်ချုပ်သောအပ်များရောက်လာပါသည်။

ကျနော်ပင်လျှင်ဤဂုန်နီအိပ်ချုပ်သောအပ်ကိုမစဉ်းစားမိခဲ့ပါ။အောက်ကလူတွေတော်ပါသည်။ ဤအပ်များကိုကျောက်ပြားချိတ်သော
နေရာတွင်အသုံးပြုလိုက်ပါသည်။ကျောက်ပြားသုံးချပ်လုံးကိုချိတ်ပြီးမှကျနော်စိတ်အေးရသည်။ရေတွေလဲမ၀င်နိုင်တော့ပါ။ကျနော်
အလုပ်တစ်ခုကိုအောင်မြင်စွာဆောင်ရွက်နိုင်ပြီလို့မှတ်ယူပါသည်။ဒါပေမယ့်မုန်တိုင်းဆက်လက်ကြမ်းနေဆဲပါ။အောက်မှာဘာတွေ
ဖြစ်ကုန်ပြီလဲသိရအောင်အပေါ်မှပြန်ဆင်းခဲ့ပါသည်။ပြတင်းတံခါး၊တံခါးမကြီးအနားမှာချထားသည့်ရေတားအ၀တ်တွေလဲအားလုံး
ရေစိုရွဲနေပါသည်။ဝေဇယန္တာလမ်းမကြီးမှရေတွေအိမ်ထဲရောက်လုနီးပြီ။ရေတားတွေချထားသည့်ကြားကရေတွေကျော်လျှင်လည်း
မတတ်နိုင်ပါ။

ကျနော်တို့သဘာဝကိုဘယ်လိုမှတားမရပါ။မုန်တိုင်းတွေရယ်..ရပ်ပါတော့မင်းကိုငါတို့အရှုံးပေးပါပြီ။စိတ်ထဲမှာအကြိမ်ကြိမ်အခါခါ
ရေရွတ်မိပါသည်။မျက်စိရှေ့မှာမြင်နေရသောအပျက်အစီးများလည်းမြင်မကောင်းတော့ပါ။နောက်ကျတော့မုန်တိုင်းတဖြည်းဖြည်း
လျှော့လာပါသည်။စိတ်ထင်၁၀ နာရီလောက်မှာငြိမ်သွားပြီလို့ထင်မိပါသည်။ကျနော်တို့အချိန်တွေလည်းမသိတော့ပါ။တစ်ညလုံး
တရေးမှမအိပ်ခဲ့ရသောကြောင့်မျက်လုံးများကြိမ်းစပ်နေပါသည်။ပင်ပန်းသောဒဏ်များကလဲတစ်ကိုယ်လုံးကိုကိုက်ခဲနာကျင်
စေပါသည်။ဆေး Effectခံစားနေရသောဒဏ်၊
ပင်ပန်းသောဒဏ်၊အိပ်ပျက်သောဒဏ်များကခန္ဓာကိုယ်ကိုပစ်လဲလိုက်ချင်ပါသည်။ကွဲထွက်နေသောလက်အနာလဲတစစ်စစ်ကိုက်ခဲ
နေပါသည်။မုန်တိုင်းပြီးပေမယ့်လဲကျနော်တို့ဘ၀တွေမပြီးသေးပါ။ပထမဆုံးကျနော့်အိမ်အပျက်အစီးတွေကိုစစ်ရပါမည်။ပြီးနောက်
ကျနော့်ဂိုဒေါင်အပျက်အစီး၊ရပ်ကွက်တွင်းအပျက်အစီး၊မြို့နယ်အပျက်အစီးတွေကိုလိုက်ကြည့်ပါမည်။ခြံအပြင်ထွက်ကြည့်လိုက်တော့
ရေမကျသေးပါ။ရေတွေဒူးလောက်အထိရှိနေဆဲ။ဝေဇယန္တာလမ်းမပေါ်မှမြင်ရသောမြင်ကွင်းများကိုကြည့်ပြီးအဆိုတော်သိန်းတန်
(မြန်မာပြည်)ဆိုခဲ့သော(စုံတောမြိုင်)သီချင်းကိုသွားသတိရမိပါသည်။မြင်ကွင်းအားလုံးစိမ်းစိမ်းစိုစိုနှင့်ကတ္တရာလမ်းအမည်းရောင်
ကိုပင်ဖုံးလွန်နေပါသည်။သစ်ပင်အားလုံးပိတ်ဖုံးနေပါသည်။လမ်းတွေကိုလည်းမမြင်ရပါ။

ကျနော်တို့သစ်ပင်များဓါတ်တိုင်များကိုကျော်ခွပြီးသွားနေရပါသည်။Orange Supermarket ဆိုင်းဘုတ်လဲဇောက်ထိုးဖြစ်နေပါသည်။
အရှေ့ပထမအုပ်စုမှတပ်ဆင်ထားသောအလူမီနီယံများလဲပြုတ်ထွက်ကုန်ပါပြီ။ရွှေနားပန်ဘုရားစေတီ၏ထီးတော်လဲပထ၀ီမြေကြီးကို
ငဲ့စောင်း၍ကြည့်နေတော်မူပါသည်။လှမ်းမြင်နေရသောကျိုက္ကဆံစေတီတော်၏ထီးတော်ကမိုးကောင်းကင်ဘက်သို့မဟုတ်ဘဲမြေကြီး
ဘက်သို့လှည့်ကြည့်နေပါသည်။

အမလေး ရက်စက်ပါပေ့.. နာဂစ်ရယ် ဟီးဟီး..

အိမ်အတွက်နွားနို့အမြဲပို့နေသောနွားခြံဖက်မှဟစ်အော်၍ငိုနေသောအသံကြားလိုက်၍ကျနော်တို့အားလုံးနွားခြံဖက်သို့ရောက်ခဲ့ကြ
ပါသည်။နွားတင်းကုတ်အားလုံးပြိုလဲနေသည့်အပြင်သူတို့နေသောတဲအားလုံးဘာမှမရှိတော့ပါ။နို့စားနွားမအားလုံးဒူးခေါင်းလောက်
ရှိသောရေထဲတွင်ချမ်းတုံစွာရပ်နေကြပါသည်။

နောက်တခါကုလားမအဖွားကြီးကနာဂစ်အမည်ခေါ်ပြီးအော်ငိုပြန်ပါသည်။အနားမှာရှိသောသူ့သားအငယ်ကိုကျနော်လှမ်းမေးပါသည်။
မင်းအမေဘာဖြစ်လို့ငိုနေတာလဲ.သူ့သားထဲကတစ်ယောက်ယောက်ဆုံးသွားလို့လား. နာဂစ်ကမင်းအကိုလား မဟုတ်ဘူးဆရာ.
ညကဒုက္ခပေးသွားတဲ့မုန်တိုင်းနာမည်ကနာဂစ်တဲ့.စိတ်နာပြီးနာဂစ်ကိုလှမ်းဆဲနေတာပါ.ဒီတစ်ခါတော့ကျနော်တော်တော်ညံ့သွားပါပြီ။
ကုလားမသားအမိလောက်ပင်ကျနော်ဗဟုသုတမရှိပါလား၊ညကမုန်တိုင်းအမည်နာဂစ်တဲ့။ဟိန္ဒူစကားဖြစ်သောကြောင့်ကုလားမကြီး
သည်နာဂစ်အမည်ကိုပီပီသသခေါ်ပြီးပျစ်ပျစ်နှစ်နှစ်ဆဲရေးနေပါသည်။အော်နာဂစ်နာဂစ် မင်းတော်တော်ဒုက္ခပေးခဲ့ပါလား။

အိမ်တိုင်းအပျက်အစီးနှင့်မကင်းကြပါ။အနဲအများသာကွာပါလိမ့်မည်။ ဓါတ်တိုင်များ၊ဖုန်းတိုင်များလဲနေသောလျှပ်စစ်မီးနှင့်ဖုန်းများ
ပြတ်တောက်နေပါပြီ။GSM ဖုန်းလဲဆက်မရတော့ပါ။လျှပ်စစ်မီးမလာသော်လည်းမီးစက်ရှိနေသောကြောင့်မပူရပါ။ဒါပေမယ့်ပြင်ပကမ္ဘာ
နှင့်လုံးဝအဆက်အသွယ်ပြတ်နေပါပြီ။ဂြိုလ်တုစလောင်းလိုင်းများလဲကြည့်မရတော့ပါ။internet လဲပြတ်တောက်နေပါပြီ။ကျနော်တို့
ဘ၀တွေခေတ်နောက်သို့ပြန်သွားသလိုခံစားရပါသည်။လူတွေလဲလျိုလျိုထွက်လာကြပြီးညကအဖြစ်အပျက်အပျက်အပျက်အစီးတွေ
အကြောင်းပြောနေကြသည်။ကျနော်တို့အားလုံးရပ်ကွက်ထဲမှအခြားရပ်ကွက်သို့မထွက်နိုင်သေးပါ။လမ်းတွေမှာသစ်ပင်ဓါတ်တိုင်များ
အပျက်အစီးများပိတ်ဆို့နေပါသည်။

ကိုယ်ရပ်ကွက်ကိုယ်လျှောက်ကြည့်ပြီးတော့ကျနော့်ပစ္စည်းထားသောဂိုဒေါင်အကြောင်းအတွေးထဲဝင်လာပါသည်။ဂိုဒေါင်တွေဘယ်လို
နေလဲ.ဘာတွေဖြစ်ကုန်ပြီလဲကျနော်မှာဂိုဒေါင်လေးလုံးရှိပါသည်။နောက်ဆုံးတစ်လုံးကသံဖရိမ် နှင့်ဆောက်ထားသောကြောင့်
ကျနော်စိတ်ချပါသည်။ထို့ပြင်၎င်းဂိုဒေါင်ထဲမှာတစ်မိုးတွင်းစာအတွက်ပီနံမိုးကာလိပ်များအပြည့်ထည့်ထားပါသည်။အမိုးပွင့်ထွက်သွား
လျှင်လည်းပစ္စည်းများမပျက်စီးပါ။နောက်ပြီးခြံဝင်းထဲမှာဝန်ထမ်းမိသားစုနှစ်စုနေကြသည်။ဘာမှအဆက်အသွယ်မရသေးပါ။ဘေး
ပတ်ဝန်းကျင်မှာကုက္ကိုလ်ပင်ကြီးတွေဝိုင်းနေကြသည်။သူတို့တွေဘယ်လိုနေကြလဲနောက်ဂိုဒေါင်တစ်လုံးကအဟောင်းဂိုဒေါင်။အထဲမှာ
အိတ်စပို့ပို့ရန်ပဲအိတ်များဂိုဒေါင်အပြည့်ရှိနေသည်။၎င်းဂိုဒေါင်ကိုတော့ကျနော်စိတ်မချပါ။မြင့်သောကြောင့်ဤ့် ဂိုဒေါင်အမိုးပျက်စီးနိုင်
သလိုပဲအိတ်များရေစို၍ပျက်စီးနိုင်ပါသည်။ကျနော်ဘာမှမတတ်နိုင်ပါ။ကြိုတင်သိနိုင်သောကိစ္စမဟုတ်ပါ။ဒီလောက်အပျက်အစီးများမည်
ဟုမထင်ခဲ့ကြပါ။ဖြစ်ချိန်တန်ဖြစ်၊ပျက်ချိန်တန်ရင်ပျက်သောတရားသဘောကိုစိတ်ထဲမှာမှတ်ထားပါတော့မည်။ဤဂိုဒေါင်အတွင်းရှိသော
ပစ္စည်းများသည်မတ်လကတည်းကထုတ်ကုန်လိုင်စင်ကျပြီးသားပါ။ထိုအချိန်ဆန်ဈေးကောင်းနေ၍ဆန်သမားများနှင့်ယှဉ်၍ကွန်တိန်နာ
ခကိုတိုး၍မပေးနိုင်ခဲ့ပါ။ကွန်တိန်နာလိုင်းများကလည်းနောက်တစ်ခေါက်ရလိမ့်မည်ခေတ္တစောင့်ပေးပါတဲ့။နောက်တစ်ခေါက်ရောက်တော့
လဲဆန်သမားတွေဘဲယူသွားကြပြန်ပါသည်။အချိန်တွေကြာလာပါသည်ပစ္စည်းမပို့ဖြစ်သေးပါ။ဒီလိုနှင့်သင်္ကြန်ရောက်လာပါသည်။ကြာလာ
တော့စိတ်မရှည်တော့ပါ။စင်ကာပူမှာရှိသောသူငယ်ချင်းများ၊ကျနော့်သားကိုဘုတ်တို့ကိုအကူအညီတောင်းပြီးကွန်တိန်နာလိုင်းများကိုရှာ
ဖွေရပါသည်။တွေ့တော့တွေ့ပါသည်။သူတို့ကွန်တိန်နာရောက်ပြီးပြန်ထွက်မည့်အချိန်ကမေလပထမပတ်လောက်မှဖြစ်မယ်တဲ့။ဘယ်တတ်
နိုင်မှာလဲစောင့်ရုံပေါ့။အကယ်၍များကျနော့်တွင်နတ်မျက်စိရှိပြီးဤအဖြစ်အပျက်ကိုကြိုတင်မြင်မိကကျနော်လဲမတ်လကတည်းကကွန်တိန်
နာခတိုးပေးပြီးပစ္စည်းတင်ဖြစ်အောင်ကြိုးစားပါမည်။သို့သော်ကျနော့်မှာနတ်မျက်စိမရှိသလိုရာသီဥတုခန့်မှန်းနိုင်သောပညာလဲမရှိပါ။ရှိခဲ့
လျှင်လည်း ဒီလောက်ဆိုးရွားလိမ်မည်ဟုထင်မှာမဟုတ်ခဲ့ပါ။ကွန်တိန်နာကိုစောင့်နေသောပစ္စည်းများဂိုဒေါင်ထဲမှာအပြည့်ရှိနေပါသည်။
ဖြစ်သမျှအကြောင်းကိုအကောင်းလို့ဘဲသဘောထားလိုက်ပါတော့မည်။

နောက်ဂိုဒေါင်နှစ်လုံးကနဲနဲနိမ့်ပါသည်။သူ့ပတ်ဝန်းကျင်မှာရှိသောဂိုဒေါင်များကပိုပြီးမြင့်သောကြောင့်ထိုဂိုဒေါင်နှစ်လုံးသည်အခြားဂိုဒေါင်
များ၏အကာအကွယ်ရနေပါသည်။ထို့ကြောင့်ထိုဂိုဒေါင်နှစ်လုံးကိုကျနော်သိပ်စိတ်မပူပါ။နေ့လည်နှစ်နာရီလောက်မှာတော့ကျနော့်ဂိုဒေါင်မှ
ဝန်ထမ်းများတစ်ယောက်ပြီးတစ်ယောက်ရောက်လာကြပါသည်။သူတို့အားလုံးလမ်းလျှောက်ပြီးလာခဲ့ရသည်။လမ်းတစ်လျှောက်လဲပြိုပိတ်
ဆို့နေသောဓါတ်တိုင်များသစ်ပင်များကိုကျော်ဖြတ်ပြီးလာခဲ့ရသည်။ကားလမ်းကြောင်းတွေမပွင့်သေးပါ။တချို့လဲကားတစ်စီးသွားလာရုံ
ကိုယ်ထူ ကိုယ်ထ ရှင်းနေကြသည်။

သံဖရိန်များနှင့်ဆောက်ထားသောဂိုဒေါင်ကြီးထောင့်တစ်ထောင့်ကအမိုးတွေလန်သွားသည်။မိုးရေတွေဂိုဒေါင်ထဲဝင်သွားသည်။မိုးတွင်း
အတွက်စုဆောင်းထားသောပီနံများရေတွေစိုကုန်ပြီ။ဒါအရေးမကြီးပါ။ပစ္စည်းလဲမပျက်စီးပါ။အရေးကြီးတာက၀န်ထမ်းတန်းလျားတစ်ခြမ်းလုံး
ကိုကုက္ကိုပင်ပိသွားပါသည်။ပြိုလဲချိန်၆း၃၀လောက်ရှိပါပြီ။အမြစ်တွေကတကြွကြွဖြစ်နေတာမြင်ပြီးဘေးခန်းသို့ရွှေ့ပြောင်းခဲ့ရသည်။အခန်း
ပြောင်းပြီးမရှေးမနှောင်းမှာဘဲကုက္ကိုယ်ပင်ပြိုလဲကျလာပါသည်။တော်ပါသေးရဲ့လူဘာမှမဖြစ်တာ။လူ့အသက်ထက်ဘာာမှအရေးမကြီးပါ။
အိတ်စပို့၊ပို့ရန်ထည့်ထားသောဂိုဒေါင်။ကျနော်ထင်ထားသလိုဘဲအမိုးတစ်ချပ်မှမရှိတော့ပါ။မိုးရေတွေဂိုဒေါင်ထဲမှာရှိနေလို့ပဲအိတ်တွေ
ဘေးဖယ်ပြီးရေလမ်းကြောင်းဖွင့်ပေးခဲ့ရသည်။ဂိုဒေါင်ထဲမှာရေတွေရှိနေဆဲ။ဘယ်လောက်ပျက်စီးနေပြီလဲ။မမြင်ရလို့မခန့်မှန်းနိုင်ပါ။မိုးရေ
တွေဂိုဒေါင်ထဲမှာဝင်ခဲ့သောကြောင့်ကျနော့်အထင်၈၀%လောက်ပျက်စီးမည်ဟုထင်ပါသည်။စိတ်ထဲမှာတန်ဖိုးငွေကိုတွက်ချက်ပြီး
ဝမ်းနည်းစွာဖြင့်နှမျောနေမိပါသည်။ကျနော့်မိသားစုပိုင်ဆိုင်သမျှလွယ်လွယ်ကူကူရခဲ့တာမျိုးဘာတစ်ခုမှမရှိခဲ့ပါ။

ချွေးနှင့်ရင်းပြီးပင်ပင်ပန်းပန်းရှာဖွေကြိုးစားပြီးမှရလာခြင်းဖြစ်ပါသည်။အချောင်ရသောဇာတာကကျနော်တို့မှာမပါခဲ့ပါ။ပုထုစဉ်လူသား
တစ်ဦးဖြစ်သောကျနော်သည်လတ်တလောတရားသဘောကိုမဆင်ခြင်အားပါ။ပျက်စီးဆုံးရှုံးတော့မည့်ငွေပမာဏကိုနှမျောခြင်းကြီးစွာ
ဖြင့်မြင်ယောင်နေမိပါသည်။နောက်ဂိုဒေါင်နှစ်လုံးကဘာမှမဖြစ်။ဘေးမှကပ်ရက်ဂိုဒေါင်နှစ်လုံးကအကာအကွယ်ပေးထားသည်။ဂိုဒေါင်
ကြီးများအားလုံးစုတ်ပြတ်သွားသည်။

ကျနော်တို့အားလုံးတစ်ညလုံးမအိပ်ခဲ့ရသောကြောင့်အားလုံးပမ်းလျနေကြပါပြီ။အားပြတ်နေကြပါပြီ။အမိုးအကာအချို့ကိုလူအားနှင့်
သယ်သွားကြပြီးသံဖရိန် ဂိုဒေါင်မှပစ္စည်းများကိုဖုံးအုပ်ထားလိုက်ပါသည်။အားလုံးအတွက်တော့မလုံခြုံပါ။ပစ္စည်းရွှေ့ရန်လည်းကားလမ်း
မပွင့်သေးပါ။

ဒီနေ့တော့ဒီလောက်ဘဲကျနော်တို့လုပ်နိုင်ပါမည်။ဖြစ်သမျှအကြာင်းအကောင်းလို့ဘဲသဘောထားလိုက်ပါသည်။မေ့နေလိုက်တာဒီနေ့
စနေကျနော်ဆေးထိုးရမည့်နေ့။တစ်ပတ်တခါထိုးနေကျ Pegasys ထိုးဆေး၊အမြဲလာပို့နေကျဆေးကုမ္ပဏီရောက်မလာခဲ့ပါ။ကျနော်
ဆေးမထိုးဖြစ်တော့ပါ။ရန်ကုန်မြို့တစ်မြို့လုံးဘာတွေဖြစ်ကုန်ပြီလဲ။ကျန်သောမြို့တွေမှာရောဘယ်လိုအခြေအနေလဲ။တယ်လီဖုန်းအားလုံး
သုံးမရသေးပါ။၂၀၀၈မေလ၄ရက်တနင်္ဂနွေနေ့ကိုယ်ထူကိုယ်ထစနစ်နှင့်လမ်းရှင်းကြသောကြောင့်အချို့နေရာမှာကားတစ်စီးသွားလာရုံ
ရလာပါပြီ။နံနက်ပိုင်းမှာကားနှင့်လျှောက်ကြည့်မိသည်။ရန်ကုန်တစ်မြို့လုံးမြင်ရက်စရာမကောင်း။စိတ်ထဲမှာအီရတ်ကိုရောက်နေသလိုလို။
ဘော့စနီးယားကိုရောက်နေသလိုလိုရန်ကုန်မြို့ကြီးဗုံးဒဏ်ခံရသလိုလိုခံစားမိပါသည်။သစ်ပင်တွေဆိုင်းဘုတ်တွေလမ်းပေါ်မှာဗလာပွ
ဖြစ်နေပါသည်။

ရန်ကုန်မြို့အကြီးအကျယ်စုတ်ပြတ်သွားပါပြီ။တနေ့ကမြင်ကွင်းမျိုးကျနော်တို့ပြန်မမြင်ရတော့ပါ။ရန်ကုန်မြို့မှသစ်ပင်၏သက်တမ်းမှာ
နှစ်၂၀-၃၀ လောက်ရှိ ကြပါသည်။အရင်မြင်ကွင်းမျိုးနောက်ဆယ်စုနှစ်ကြာမှပြန်မြင်နိုင်တော့မည်။

ဒီနေ့ကနော့်အိမ်ခေါင်မိုးမှမကောင်းသောကျောက်ပြားများကိုလဲလှယ်တပ်ဆင်နေရင်းဆေးလာပို့မည့်ကုမ္ပဏီကားကိုကျနော်မျှော်
နေမိပါသည်။ဆေးထိုးရက်တစ်ရက်နောက်ကျသွားပါပြီ။

တစ်ကယ်တော့ဆေးထိုးရက်နှစ်ပတ်လောက်နောက်ကျလဲကစ္စမရှိပါ။တစ်လ(သို့)လေးကြိမ်ထိတော့အဆက်မပြတ်သင့်ပါတဲ့ကျနော်ကို
ဆရာဝန်တစ်ဦးကပြောထားသည်။ကျနော်ထိုးနေသောဆေးမျိုးပြည်ထောင်စုရိပ်သာလမ်းMescotဆေးခန်းမှာရှိနေပါသည်။ယခု
လေးနာရီထိုးနေပါပြီ။ လေးနာရီခွဲထိတော့ပို့နေကျကုမ္ပဏီကားကိုစောင့်ရန်ကျနော်ဆုံးဖြတ်ထားပါသည်။သူတို့ရုံးခန်းကကျနော့်အိမ်နှင့်
တော်တော်ဝေးနေသည်။သူတို့နှင့်လည်းဘယ်လိုမှဆက်သွယ်မရ။၎း၃၀ထိရောက်မလာပါကကျနော်Mescotဆေးခန်းကိုလိုက်သွား
ပါတော့မည်။Mescotဆေးခန်းနှင့်ကျနော့်ဆီလာပို့သောကုမ္ပဏီမတူကြပါ။ဖုန်းဆက်အသွယ်ပြတ်နေသောကြောင့်Mescotဆေးခန်း
ကိုကျနော်လိုက်သွားရတော့မည်။

ဆေးထိုးရက်နောက်တစ်ပတ်နောက်ကျ၍ပြဿနာမရှိသည်ကိုကျနော်ကြိုသိပြီးဖြစ်ပါသည်။သို့သော်ကျနော့်သွေးထဲမှာရှိသောစီပိုး
များကိုစက်သေနတ်ဖြင့်ပစ်သလိုဒလစပ်ပစ်သတ်ချင်နေပါသည်။သူတို့အားပြန်ပြည့်စေရန်နားသလိုဖြစ်သွားမည့်အဖြစ်မျိုးကျနော်
မခံနိုင်ပါ။ကျနော်သူတို့ကိုမသေမချင်းသတ်ပစ်ချင်နေပါသည်။လေးနာရီခွဲကျော်သွားပြီ။ကျနော်Mescotကိုလိုက်သွားပါတော့မည်။
ကားကိုဖြေးဖြေးမှန်မှန်မောင်းလာရင်းမြင်ကွင်းများကိုကြည့်လာမိပါသည်။မြင်ကွင်းအားလုံးအတူတူပါပဲ။သစ်ပင်ကြီးတွေ၊ဆိုင်းဘုတ်
တွေ၊မီးကြိုးဖုန်းကြိုးဓါတ်တိုင်တွေလမ်းပေါ်မှာရောယှက်နေကြသည်။

မီးကြိုးနှင့်ညှိပြီးဓါတ်တိုင်ကားပေါ်ပိလာမှာကိုလည်းစိုးရသေးသည်။မလောနှင့်..ဖြေးဖြေးနဲ့အပေါ်သတိထား။ကိုယ်ကိုကိုယ်သတိပေး
နေရသည်။ကားတစ်စီးသွားရုံလာရုံလမ်းကျဉ်းမှာသွားရတော့အချိန်ကြာပါသည်။ကားတစ်စီးနှင့်တစ်စီးထိပ်တိုက်တွေ့ဆုံသောအခါတွင်
ပို၍ကြာပါသည်။

ဒါပေမယ့်လူတွေဟာတစ်ယောက်ကိုတစ်ယောက်ညှာတာကြပါသည်။တစ်ယောက်ကိုတစ်ယောက်အလျော့ပေးကြပါသည်။
ဒီလိုစိတ်မျိုးပုံမှန်အချိန်မှာလဲထားနိုင်ရင်သိပ်ကောင်းမှာ။လူတွေတော်တော်များများကားနှင့်ရေသယ်နေကြသည်။မြို့ထဲမှာလဲရေပြတ်
နေကြပြီ။Mescotဆေးခန်းရောက်တော့၆း၀၀နာရီထိုးနေပါပြီ။ဆေးခန်းပိတ်ထားပါသည်။အစောင့်ကစာတစ်စောင်လာပြပါသည်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့်အအေးခံထားရသောဆေးများကို Trader Hotel သို့ရွှေ့ထားပါသည်။ဆေးလိုလျင် Trader Hotel
သို့လာခဲ့ပါလို့စာရေးထားပါသည်။ကျနော်ထိုးနေသော Pegasys ဆေးကိုအမြဲအအေးခံထားရပါသည်။

အအေးမရှိပါကဆေးအာနိသင်ပျက်လိမ့်မည်။ Trader Hotel ကိုကျနော်ဆက်သွားခဲ့ပါသည်။သစ်ပင်တွေမီးကြိုးတန်းလန်းတွေ
ကြားမှာတဖြေးဖြေးလှုပ်ရှားနေရပါသည်။ TraderHotel ရောက်တော့၇း၀၀နာရိထိုးပြီ။ဆရာနှင့်မဆုံဖြစ်ပါ။ဆေးပစ္စည်းအချို့သွား
ပြန်ယူနေသည်။ကျနော်ဟိုတယ်ဧည့်ခန်း မှာထိုင်စောင့်နေခဲ့ပါသည်။နိုင်ငံခြားသားအများအပြားလဲညကအတွေ့အကြုံကိုပြန်
ပြောနေကြသည်။၂၀၀၈မေလ ၂ရက်နေ့ညကအဖြစ်အပျက်တွေကိုပြန်မြင်ယောင်ရင်းပို၍ထိတ်လန့်လာပါသည်။ဒီတစ်သက်မှာ
ဒီအဖြစ်မျိုးနောက်တစ်ခါမကြုံပါရစေနှင့်.လှမ်းမြင်နေရသောဆူးလေစေတီတော်ကိုဦးခိုက်ရင်းရင်ထဲမှာဆုတောင်းလိုက်ပါသည်။
ဆရာနှင့်ဆေးထိုးပြီးပြန်ထွက်လာတော့ည၈း၀၀ နာရီကျော်နေပြီ။ရေကျော်၊စက်ဆန်း၊ကြက်ဘဲဈေးလမ်းအတိုင်းပြန်ဘို့ဆုံးဖြတ်
လိုက်ပါသည်။လျှပ်စစ်မီးမရှိသောကြောင့်တစ်လမ်းလုံးမှောင်နေသည်။မီးစက်ရှိသောအိမ်များမှမီးများသာလမ်းပေါ်သို့ရောက်
နေသည်။အရာရာအားလုံးမှုံဝါးဝါးနှင့်ရှုတ်ယှက်ခတ်နေပါသည်။သစ်ရွက်များထင်ပြီးဝင်တိုးပြီးမှပင်စည်နှင့်ထိမိပြီးဘော်ဒီပိန်သွား
သောကားများ။မီးကြိုးတန်းလန်းကိုမဆင်မခြင်ဇွတ်မောင်းတော့ဓါတ်တိုင်ပိသွားသောကားများ၊လဲကျနေသောဘီလ်ဘုတ်ကို
ဝင်တိုက်ပြီးလေကာမှန်ကွဲသွားသောကားများ။အမျိုးမျိုးအဖုံဖုံကြုံတွေ့ခဲ့ရပါသည်။ပြန်ချင်စိတ်တွေစောနေတော့ဘေးကအန္တရာယ်
ကိုမေ့လျော့သလိုဖြစ်ခဲ့ပါသည်။ဖြေးဖြေး..အန္တရာယ်ကိုကြည့်ရှောင်..မလောနှင့်.အချိန်တန်ရင်အိမ်ပြန်ရောက်မှာ..အိမ်ရောက်
တော့ ၉း၀၀ နာရီရှိနေပြီ။ကိုယ်ခြံဝင်းထဲရောက်မှစိတ်ဒုံးဒုံးချမိပါတော့သည်။

၂၀၀၈ မေလ ၃ ရက် စင်ကာပူ

ကျနော့်နာမည်ကကိုဘုတ်..စင်္ကာပူ S.M.U မှာဒုတိယနှစ်စာဖတ်နေပါသည်။ကျနော့်မိဘများသည်မြန်မာပြည်တွင် သွင်းကုန်၊
ထုတ်ကုန်လုပ်ကိုင်နေကြသောလုပ်ငန်းရှင်များဖြစ်ပါသည်။ကျနော့်တွင်အကိုတီတီးနှင့်ညီဖိုးလပြည့်တို့ရှိပါသည်။ဒီရက်ပိုင်းအတွင်း
စာမေးပွဲဖြေနေသောကြောင့်ပတ်ဝန်းကျင်နှင့်အဆက်အသွယ်ပြတ်ခဲ့ပါသည်။ကျနော်အတန်းတွင်ကျနော်အတန်းဖေါ်များဖြစ်ကြသော
စင်္ကာပူသား ပက်ထရစ်၊မလေးရှားသားတမီလ်လူမျိုးမူဂါးတို့နှင့်အတူစာဖတ်နေခဲ့ကြပါသည်။ကင်တင်းများ၊စားသောက်ဆိုင်များ
တွင်၎င်း ဒီရက်ပိုင်းမှာမုန်တိုင်းဝင်မည်ဟုပြောနေကြသည်။မလေးရှားသား မူဂါးကမုန်တိုင်းနှင့်ပတ်သက်၍အတွေ့အကြုံနည်းနည်း
ရှိပါသည်။မလေးကျွန်းတစ်ကျွန်းတွင်ကြီးပြင်းခဲ့သောကြောင့်ဖြစ်ပါသည်။ဆူနာမီနှင့်ယှဉ်၍သူ့အတွေ့အကြုံများကိုပြန်ပြောပြပါသည်။
မုန်တိုင်းဘယ်လောက်ပြင်းပြင်းမုန်တိုင်းကြောင့်လူအသေအပျောက်နဲပါသည်။မုန်တိုင်းနောက်ကဒီရေတက်ပါလာပြီဆိုရင်လူသေ
နှုန်းမြင့်တက်လာပါလိမ့်မည်။ဆူနာမီတုန်းကလည်းရေတက်လာပြီးရေဖုန်းလွှမ်းသွားသောကြောင့်အသေအပျောက်များခဲ့ရတာပါ။
မူဂါးပြောသောစကားကိုကျနော်သိပ်စိတ်မ၀င်စားပါ။ကျနော့်အဖေမပြောနှင့်အသက်ရှစ်ဆယ်ကျော်ပြီဖြစ်သောကျနော့်အဖိုးထံမှ
မုန်တိုင်းနှင့်ပတ်သက်သောရှေးစကားများတစ်ခါမှမကြားဖူးပါ။

ထိုကြောင့်ကျနော်နှင့်မဆိုင်သလိုပါဘဲ။၂၀၀၈မေလနှစ်ရက်နေ့ညကစာဖတ်ရင်းဆွေးနွေးရင်းနဲ့နံနက်၂နာရီထိုးသွားသည်။ကျနော်
လန့်နိုးလာတော့ကျနော်မျက်ရည်များနှင့်ရှိုက်ငိုနေသည်။ပက်ထရစ်နှင့်မူဂါးတို့အိပ်မောကျနေဆဲ။ဒီနေ့ညကျနော်အိမ်မက်မကောင်းပါ။
ကျနော်တို့မိသားစုအားလုံးရေရွဲနစ်နေသောအ၀တ်အစားများနှင့်ကျနော့်အခန်းရှေ့မှာရောက်နေကြသည်။အဖေ့မျက်နှာချောင်ကျ
နေသည်။အမေလဲထို့အတူပါဘဲ။အားလုံးပန်းလျနေပုံပေါ်နေသည်။အကိုတီတီးကအဝေးတစ်နေရာကိုငေးကြောင်ကြောင်နဲ့စိုက်ကြည့်
နေသည်။ဖိုးလပြည့်ကတရှုံ့ရှုံ့ငိုနေသည်။မြန်မာအယူအရပြောရရင်နမိတ်မကောင်းပါ။အိမ်သားတွေနေမှကောင်းကြရဲ့လား၊ဘာတွေ
ဖြစ်နေကြပြီလဲ။အိမ်ကိုဖုန်းဆက်မယ်လုပ်တော့စင်ကာပူအချိန်လေးနာရီခွဲ မြန်မာစံတော်ချိန် သုံးနာရီ အဖေတို့အိပ်တုန်းနေမှာပါ။

မနက်ကျမှဘဲဆက်လိုက်တော့မယ်လို့တွေးပြီးပြန်လှဲနေလိုက်ပါသည်။ကျနော်ထပ်အိပ်ရန်ကြိုးစားသော်လည်းအိပ်မပျော်တော့ပါ။မျက်စိ
ထဲမှာအိမ်မက်ထဲကမြင်ကွင်းကိုဘယ်လိုမှမေ့ပျောက်၍မရပါ။ကျနော်လှဲနေရင်းကျနော့်မိသားစုအကြောင်းကိုတဖြေးဖြေးပြန်စဉ်းစား
နေမိပါသည်။အဖေနှင့်အမေတို့သည်ကိုယ့်အားကိုယ်ကိုးပြီးစီးပွားရှာခဲ့ကြသူများဖြစ်ပါသည်။အချောင်ရတဲ့ဇာတာငါတို့မှာပါမလာဘူး
လို့အမေနောက်နောက်ပြောင်ပြောင်နှင့်ညီးညူဘူးပါသည်။အဖေ့စိတ်ဓါတ်သည်နယ်သစ်မြေသစ်တွင်လူသစ်တွေနှင့်ဆက်ဆံပြီးအလုပ်
လုပ်ရတာကိုအရမ်းစိတ်ဝင်စားပါသည်။ထိုကြောင့်မွေးရပ်မှရန်ကုန်ကိုရောက်လာသူဖြစ်ပါသည်။ရန်ကုန်ကိုရောက်ပြီးနိုင်ငံတကာမှစီးပွား
ဖက်မိတ်ဆွေများတိုး၍တိုး၍လာနေပါသည်။အဖေဒီနှစ်ထဲမှာကျနော်ကျောင်းတက်နေသောစင်ကာပူသို့မရောက်ဖြစ်ပါ။ဟိုးနှစ်တွေက
အဖေနှင့်အမေမကြာမကြာရောက်လာတတ်ကြပါသည်။အဖေသည်ရန်ကုန်တက္ကသိုလ်ဘူမိဗေဒနှင့်ကျောင်းပြီးခဲ့ပါသည်။ထို့ကြောင့်
စင်ကာပူတွင်အဖေ့ဘူမိဗေဒအပေါင်းအသင်းတော်တော်များများရှိပါသည်။အဖေတို့ကိုစာသင်ပေးခဲ့သောဆရာများလည်းစင်ကာပူတွင်
ရှိနေကြပါသည်။

ဒေါက်တာဦးဝင်းနိုင်၊ဆရာမဒေါ်ဝေေ၀အေး၊ဒေါက်တာခင်မောင်လတ်၊ဆရာမဒေါ်ကြင်စော၊ဆရာဦးအောင်ကျော်ထွန်းတို့ဖြစ်ကြပါသည်။
ထို့ပြင်အဖေ့မိတ်ဆွေအချို့သည်မြန်မာရပ်ကွက်ဟုခေါ်နိုင်သော ပင်နင်စူလာပလာဇာမှာရုံးခန်းဖွင့်ထားကြပါသည်။ အဖေသည်မိသားစု
အားလုံး၏ကျန်းမာရေးကိုအမြဲဂရုစိုက်ပါသည်။ကျနော်တို့အားလုံးသည်နှစ်စဉ်ကျန်းမာရေးစစ်လေ့ရှိပါသည်။လွန်ခဲ့သော ၁၂ နှစ်လောက်
ကပင်ကျနော်တို့မိသားစုအားလုံးအသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးခဲ့ကြသည်။ပြီးခဲ့သောနှစ်ကကျန်းမားရေးစစ်ရာတွင်
အဖေတစ်ယောက်မှလွဲ၍အားလုံးကောင်းကြပါသည်။အဖေ့မှာအသည်းရောင်အသားဝါစီပိုးတွေ့ခဲ့ရပါသည်။အဖေအရမ်းပေါက်ကွဲခဲ့ပါသည်။
စီပိုးဘယ်လိုရောက်ခဲ့သည်ကိုအဖေကိုယ်တိုင်စဉ်းစား၍မရခဲ့ပါ။ ဆေးထိုးလျှင်ပျောက်မည်ကိုအဖေသိပ်သည်။ genotype 1 ဖြစ်သော
ကြောင့်တစ်နှစ်တိတိထိုးရမှာကို၎င်း၊ ဆေးဆိုးကျိုးမှာပြင်းထန်ကြောင်းအဖေ့ဆေးပညာ ဗဟုသုတအရသိထားခြင်းကြောင့်အဖေနည်းနည်း
စိတ်ဓါတ်ကျသွားပါသည်။တစ်ကယ်လဲပြင်းထန်သည်ဟုကျနော်ထင်ပါသည်။အဖေကိုယ်အလေးချိန် ၁၆၉ ပေါင်မှဆေးနှစ်လထိုးပြီးသော
အချိန်မှာ ၁၅၃ပေါင်သို့လျှော့ကျသွားပါသည်။

အဖေဆံပင်တွေကျဲပါးသွားပြီးမျက်နှာတွေလဲကျသွားပါသည်။ အမြဲလိုလိုခေါင်းကိုက်၊ကိုယ်လက်ကိုက်ခဲနေတတ်ပါသည်။အဖေငယ်စဉ်က
ဘတ်စကက်ဘောကစားခြင်းကိုအရူးအမူးစွဲလမ်းခဲ့ပါသည်။ထို့ကြောင့်ကျနော်တို့ဂိုဒေါင်ကြီးအတွင်းဘတ်စကက်ဘောကွင်းကိုထည့်သွင်း
ထားပါသည်။ကျောင်းပိတ်ရက်များအတွင်းကျနော်တို့ညီအကိုများသူငယ်ချင်းများနှင့်အဖေကိုယ်တိုင်ဘတ်စကက်ဘောကစားလေ့ရှိပါသည်။
စီပိုးသတ်ဆေးထိုးစဉ်ကာလအတွင်းအဖေကျနော်တို့နှင့်မကစားဖြစ်တော့ပါ။

တွန်းတွန်းတိုက်တိုက်ကစားရသောဘတ်စကက်ဘောကစားစဉ်အတွင်းအဖေသွေးထွက်သံယိုဖြစ်မှာကိုစိုးရိမ်ပုံရသည်။
စီပိုးသည်ကူးစက်ရခက်သည်ဟုစာထဲမှာရေးထားသည်။ပေါက်ပြဲဒဏ်ရာအတွင်းသို့စီပိုးရှိသောသွေးဝင်ရောက်မှသာကူးစက်နိုင်ပါသည်။
ကျနော်အဖေ့စေတနာကိုနားလည်ပါသည်။အဖေ့ဆီကစီပိုးဘယ်သူ့ဆီကိုမှမကူးစက်စေချင်ပါ။
စင်ကာပူမှအဖေ့အပေါင်းအသင်းများနှင့်ဆုံတိုင်းမတွေ့တာကြာလို့
အဖေ့ကိုမေးနေကြသည်။ကျနော်ကအဖေရန်ကုန်မှာအလုပ်ရှုတ်နေတယ်လို့ဘဲပြန်ဖြေလိုက်ပါသည်။
အခုဆိုအဖေဆေးထိုးတာခြောက်လပြည့်ခါနီးပြီ။Pegasysထိုးဆေးသည်သွေးထဲမှာပုန်းခိုနေသောစီပိုးကိုလိုက်သတ်သည်။
၎င်းထိုးဆေးကိုထိုးခြင်းဖြင့်သွေးဖြူဥ၊သွေးမွှားဥတွေကိုလျော့ပါးစေပါသည်။

ထိုအခါပြင်ပမှရောဂါပိုးများခန္ဓာကိုယ်အတွင်းသို့အလွယ်တကူဝင်ရောက်လာနိုင်ပါသည်။သွေးဖြူဥအရမ်းနဲနေချိန်များတွင်လေယာဉ်မစီး
သင့်ပါ။အဆင်မသင့်ပါကနှာခေါင်းမှသွေးလျှံတတ်ပါသည်။ဒါကြောင့်လဲဆေးထိုးနေစဉ်အတွင်းရန်ကုန်မှာဘဲနေတော့မည်ဟုအဖေစိတ်
ဆုံးဖြတ်ကာဘယ်မှမသွားတော့ပါ။အဖေဆေးထိုးခြင်းဆေးသောက်ခြင်းကိုမကြောက်ပါ။ရက်ကြာလာသည်နှင့်အမျှဆေးeffectတွေ
တစ်ခုပြီးတစ်ခုခံစားလာရပါသည်။

အခုတစ်လောအဖေအစားအသောက်ပျက်နေပါသည်။ဘာမှစားချင်တာမျိုးမဟုတ်ပါ။စားသောအရသာတွေကတစ်လွဲဖြစ်နေတာမျိုးပါ။ဥပမာ
ဘာစားစားငန်တာမျိုး၊တစ်ခါတစ်ရံခါးနေတာမျိုးဖြစ်ပါသည်။ပါးစပ်အရသာမရှိ၍မစားဖြစ်လေကိုယ်အလေးချိန်တွေကတဖြည်းဖြည်းလျော့ကျ
လေ။နောက်ပိုင်းအစာကိုဆေးလိုသဘောထားပြီးကြိတ်မှိတ်မျိုချနေသည်။အဖေခံစားနေရတာကြည့်ပြီးကျနော်စိတ်မကောင်းပါ။မနှစ်ကအဖြစ်
တစ်ခုကိုတွေးပြီးကျနော်အဖေ့ကိုတောင်းပန်ချင်ပါသည်။ဒါပေမယ့်ပြောမထွက်ပါ။တစ်ချိန်ချိန်တော့ပြောဖြစ်မှာပါ။အခုတော့စိတ်ထဲမှဘဲတောင်း
ပန်လိုက်ပါသည်။အဖေ..ကျနော့်ကိုခွင့်လွတ်ပါမနှစ်ကကျနော်ဘာသာရပ်တစ်ခုကျခဲ့ပါသည်။ကျန်သောဘာသာရပ်တွေအောင်ခဲ့သောကြောင့်
နောက်တစ်တန်းတက်ခွင့်ရခဲ့သည်။သို့သော်ကျရှုံးသောဘာသာရပ်အတွက်နောက်၆လမှာပြန်ဖြေရမည်။စာမေးပွဲကြေးလဲထပ်သွင်းရမည်။
သူတို့ဆီမှာစာမေးပွဲကြေးတွေမြင့်ပါသည်။တကယ်တော့ဒီဘာသာရပ်သည်ကျနော်ပိုင်သောဘာသာရပ်ဖြစ်ပါသည်။ထို့ကြောင့်စာမေးပွဲရက်
အတွင်းပေါ့ပေါ့ဆဆနေမိခဲ့ပါသည်။သူငယ်ချင်းများနှင့်အပျော်လွန်ခဲ့သောကြောင့်ဤဘာသာရပ်မှာကျခဲ့ပါသည်ဟုဝန်ခံပါရစေ။အဖေစာမေးပွဲ
ကျသောကိစ္စနှင့်ပတ်သက်၍ဘာမှမပြောပါ။နောက်ထပ်မဖြစ်ဖို့တော့သတိပေးပါသည်။အဖေလဲနောက်ဆုံး
နှစ်မှာ စာမေးပွဲတစ်ခါကျခဲ့ဘူးပါသည်။

အဖေကျနော့်ကိုခွင့်လွတ်ပေမယ့်လည်းကျနော့်ကိုကျနော်ခွင့်မလွတ်ပါ။ကိုယ့်ကိုကိုယ်ဒဏ်ပေးသည့်အနေဖြင့်ဒီနှစ်ကျနော်ကျောင်းတက်ရင်း
အလုပ်လုပ်ခဲ့ပါသည်။အလုပ်လုပ်ပြီးအတန်ကြာမှအိမ်ကိုအသိပေးလိုက်ပါသည်။အဖေအမြဲဆုံးမသောစကားရှိပါသည်။ငွေကိုသုံးတတ်ရင်
ရှာတတ်ရမည်။ကျနော်ဖြုံးသလိုဖြစ်ခဲ့သောကြောင့်ပို၍ရှာတတ်ရပါမည်ဟုခံယူထားပါသည်။အမေကချက်ချင်းအလုပ်ထွက်ခိုင်းသည်။ အဖေကဘာမှမပြော။ကျနော်အီတလီစကားမတောက်တခေါက်ပြောနိုင်သောကြောင့်အီတလီစားသောက်ဆိုင်မှာစားပွဲထိုးအလုပ်ရခဲ့ပါသည်။
လစာလဲမဆိုးပါ။သို့သော်ဥရောပသားများသည်ကျနော်တို့မြန်မာပြည်သားလိုမဟုတ်ကြပါ။တန်အောင်ခိုင်းတတ်ပါသည်။ငွေများများလိုချင်ရင်
ထိုက်သင့်သောပေးဆပ်မှုတော့ပေးရပါလိမ့်မည်။တစ်ပတ်မှာ ၃ ရက်တစ်ရက်မှာ၁၃ နာရီလုံးဝထိုင်၍မရ။ကျန်သောရက်တွေမှာလဲအချိန်ပိုင်း
လုပ်၍ရသည်။
 

သို့သော်ဤ၃ရက်ကိုအလုပ်ပျက်၍မရပါ။အကြောင်းပြချက်မခိုင်လုံလျှင်အလုပ်ထုတ်ခံထိမည်။လုပ်စရက်တွေမှာအရမ်းထိုင်ချင်သည်။ပင်ပန်း
သောအလုပ်လဲမဟုတ်ပါ။အမြဲတမ်းရပ်ကျင့်မရှိသောကြောင့်ဒါကိုဘဲပင်ပန်းသလိုစိတ်ကထင်နေသည်။ဒါပေမယ့်ကိုယ့်ကိုကိုယ်ဒါဏ်ပေးတာ
ရယ်အဖေ့ညီအငယ်ဆုံးကျနော့်ဦးလေးဂျပန်မှာတစ်ရက် ၁၈ နာရီတစ်ပတ် ၆ ရက်လုပ်တာတွေကိုစိတ်ထဲထည့်ရင်းအလုပ်လုပ်ခဲ့ပါသည်။
ခုတော့လဲနေသားကျနေသလိုဖြစ်နေပါပြီ။ဖုန်းမြည်သံကြောင့်ကျနော့်အတွေးတွေပြတ်သွားပါသည်။လပွတ္တာ၊ဘိုကလေး၊ဖျာပုံ ရေဖုံးသွားပြီ.
ရန်ကုန်တစ်မြို့လုံးသစ်ပင်တွေဘာမှမရှိတော့ဘူး..ကွမ်းခြံကုန်းနှင့်ဒေးဒရဲမှာလဲရေတွေတက်နေပြီ..လူတွေတော်တော်သေကုန်ကြပြီ
ဆွေမျိုး နီးစပ်တွေရယ်၊သူငယ်ချင်းတွေဆီမှဆက်တိုက်ဖုန်းဝင်နေသည်။ကျနော်ရန်ကုန်ကိုဖုန်းဆက်တော့တစ်လုံးမှခေါ်မရပါ။ပက်ထရစ် နဲ့
မူဂါးတို့လဲ နိုးကုန်ကြပြီ။မုန်တိုင်းအကြောင်းလဲသိကုန်ပြီ။

အင်တာနက်ထဲဝင်ကြည့်တော့ဟိုင်းကြီးကျွန်းမှစ၀င်ပြီးလပွတ္တာ၊ဘိုကလေး၊ဖျာပုံမှဖြတ်ကာရန်ကုန်သို့ဦးတည်သွားပါသည်။ဧရာဝတီတိုင်းမှာ
မုန်တိုင်းနောက်ရေတွေလိုက်ပါလာသောကြောင့်အသေအပျောက်များမည်ဟုခန့်မှန်းကြပါသည်။သို့သော်ရန်ကုန်မှတိတိကျကျသတင်း
မရသေး၊တစ်နာရီမိုင် ၁၂၀ နှုန်းနှင့်မုန်တိုင်းအချင်းမှာမိုင် ၁၅၀ လောက်ရှိသောကြောင့်အပျက်အစီးနှင့်အသေအပျောက်တော်တော်များမည်
ဟုခန့်မှန်းကြပါသည်။

ကျနော့်အိမ်မက်ထဲကအဖေတို့ကိုမြင်ယောင်ရင်းထိတ်လန့်တုန်လှုပ်လာပါသည်။စိုးရိမ်ပူပန်စိတ်တွေများလာပါသည်။ဖွဟဲ့ လွဲပါစေ
ဖယ်ပါစေ......စိတ်ထဲမှာမရေတွက်နိုင်အောင်ရေရွတ်နေမိသည်။ရန်ကုန်ဖုံးအလုံးနှစ်ဆယ်လောက်ကိုဆက်တိုက်တစ်လုံးပြီးတစ်လုံးဆက်
ကြည့်သည်။မရပါ။မော်လမြိုင်ကအမျိုးတွေဆီဆက်ကြည့်သည်။ဖုန်းတော့ရပါသည်။သူတို့ကျနော်တို့လောက်ပင်မသိကြပါ။မန္တလေးက
သူငယ်ချင်းတွေလဲဒီအတိုင်းပင်။ အဆက်အသွယ်တွေအားလုံးပြတ်နေပြီ။လူတွေပြောနေကြသလိုရန်ကုန်မှာအခြေအနေတော်တော်
ဆိုးနေပြီထင်တယ်။ဘယ်လိုလုပ်ရင်ကောင်းမှာလဲစိုးရိမ်စိတ်တွေပူပင်သောကစိတ်တွေနှင့်ကျနော်ငူငူငိုင်ငိုင်ကြီးထိုင်နေမိပါသည်။ ပင်နင်စူလာ..
ပင်နင်စူလာ..ပက်ထရစ်သတိပေးမှပြန်သတိရလာသည်။အရေးရယ်အကြောင်းရယ်ဖြစ်လာရင်ကျနော်တို့မြန်မာတွေဆုံလေ့ရှိကြ
သောပင်နင်စူလာဆီသို့သွားရမည်။အဲဒီမှာသတင်းပိုစုံလေ့ရှိသည်။

မူဂါးကျနော့်ကိုပခုံးဖက်ပြီးနှစ်သိမ့်ပြီးကျန်ခဲ့ပါသည်။ပက်ထရစ်ကကျနော်နှင့်အတူလိုက်ခဲ့သည်။အားပါးပါးများလိုက်တဲ့လူတွေ။
ကျနော်စင်ကာပူမှာနေစဉ်တစ်လျှောက်တစ်ခါမျှမတွေ့ဘူးခဲ့ပါ။ လူတွေ..လူတွေအများကြီးဘဲ၊စင်ကာပူရှိရွှေမြန်မာတွေလှလှပပ
ဝတ်စားပြီးဈေးဝယ်ထွက်လာကြတာမဟုတ်ကြပါ။အားလုံးအားလုံးသောကမျက်နှာ၊စိုးရိမ်သောမျက်လုံးများနှင့်သတင်းမေးရောက်
ခဲ့ကြတာပါ။ရင်ထဲကအပူတွေကြီးလွန်းလို့ညအိပ်ဝတ်စုံနှင့်ရောက်လာသူတွေလဲမနည်းပါ။အဖေ့ဘူမိဗေဒသူငယ်ချင်းတွေကိုလည်း
တွေ့ခဲ့ရပါတယ်။အဖေနှင့်အဆက်အသွယ်ရလားသူတို့မေးတော့မရပါလို့ဖြေခဲ့ရသည်။သူတို့ကိုမေးတော့သူတို့လဲမရပါ။အားလုံး
တိတိကျကျဘာသတင်းမှမရသေးပါ။ CNN သတင်းဌာနကမြန်မာပြည်ထဲတွင် နာဂစ်မုန်တိုင်း ၀င်ကြမ်းနေဆဲဖြစ်ကြောင်းသတင်း
ကြေငြာသွားပါသည်။အဖေ့သူငယ်ချင်းရုံးခန်းတွေလဲရန်ကုန်နှင့်အဆက်အသွယ်ပြတ်ခဲ့ပါသည်။အားလုံးစိတ်ထဲမှာဒီတစ်ခေါက်မုန်
တိုင်းအကြမ်းဆုံးလို့သတ်မှတ်လိုက်ကြပါသည်။အဆိုးဆုံးကိုရင်ဆိုင်ဘို့ပြင်ဆင်ထား
ကြ..လို့သတိပေးသံကြားတဲ့နောက်ပိုင်းမှာငိုရှိုက်သံတွေပိုများလာပါသည်။နံဘေးကငိုရှိုက်သံတွေကိုကြားနေရင်းကျနော့်
ရင်ထဲမှာလဲငိုချင်စိတ်တွေတလိမ့်လိမ့်တက်လာပါသည်။ကျနော်တို့မိသားစုအခြေအနေဘယ်လိုဖြစ်နေပြီလဲ။ဘယ်သူမှတိတိကျကျ
မသိသေးပါ။တဆင့်စကားဖြစ်သောကြောင့်စကားတွေလဲတော်တော်ကားသွားပါပြီ။ဟိုင်းကြီးကျွန်း၊လပွတ္တာလုံးဝရေဖုံးသွားပြီ။
ဘိုကလေး၊ဖျာပုံမြို့တစ်ဝက်ရေဖုံးနေပြီ။ပြောတဲ့စကားယုံရခက်သည်။

ဒါပေမယ့်တိတိကျကျဘယ်သူမှမသိသေး။ပင်နင်စူလာ မှာလူတွေလဲများသည်ထက်များလာနေသည်။လောလောဆယ်ဘယ်သူမှ
တိတိကျကျသတင်းမရသေးပါ။တစ်ဆင့်စကားတွေလဲနားမထောင်ချင်တော့ပါ။လူတွေလဲများလာတော့မွန်းကျပ်လာပါသည်။
စိတ်တွေလဲရှုတ်ထွေးနေပါသည်။လတ်ဆတ်သောလေကိုရှုရင်းစိတ်ကိုဖြေလျော့ရန်ကွန်ဗင်းရှင်းစင်တာဘက်ကိုလျှောက်လာခဲ့သည်။
လမ်းလျှောက်နေရင်းပက်ထရစ်ကသူ့သူငယ်ချင်းဗစ်တာဆီကိုဖုန်းဆက်နေသည်။ဗစ်တာတို့အိမ်ကိုသွားရအောင်ဗစ်တာတို့အဖေ
ကမင်းရဲ့သောကတွေကိုနဲနဲဖြေလျော့ပေးနိုင်မယ်ထင်တယ်သို့နှင့်ဗစ်တာတို့အိမ်ကိုထွက်လာခဲ့ပါသည်။ဗစ်တာတို့အဖေနံနက်စော
စောကတည်းကအလုပ်သွားပြီ။သူ့အဖေကမိုးလေ၀သပညာရှင်တစ်ဦး။အခုသွားသောရုံးသည်လည်းလူမှုရေးအဖွဲ့အစည်းတစ်ခု။
ကျနော်သေသေချာချာမခေါ်တတ်ပါ။

ဘေးအန္တရာယ်ကျရောက်သောနေရာများကိုစောင့်ကြည့်လေ့လာသောအဖွဲ့လို့ခေါ်မလား၊သဘာဝအရင်းအမြစ်များပျက်စီးမှုကိုတွက်ချက်
ပေးသည်။ဘယ်လိုအကာအကွယ်လုပ်သင့်သည်ဆိုတာကိုအကြံပေးသည်။အကူအညီတောင်းခံလာပါကသူတို့ကလမ်းပြမြေပုံများထုတ်
ပေးသည်။ဒုက္ခရောက်နေသောနေရာတစ်ခုသို့လွယ်လွယ်ကူကူဝင်ရောက်ပြီးအကူအညီပေးနိုင်ရန်လမ်းကြောင်းများကိုလည်းပြပေးသည်။ နိုင်ငံရေးနှင့်မပတ်သက်သောလူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။နေရာဒေသမရွေးဘေးအန္တရာယ်ကျရောက်နေပါကသူတို့အမြဲ
စောင့်ကြည့်လေ့ရှိသည်။

ယခုမြန်မာပြည်မုန်တိုင်းကြောင့်သူတို့လဲအလုပ်ရှုတ်နေကြသည်။ဗစ်တာကိုယ်တိုင်ကားမောင်းပြီးသူ့အဖေရုံးခန်းကိုလိုက်ပို့ပေးပါသည်။
ဗစ်တာအမေနှင့်ညီမလေးလဲလိုက်ခဲ့ကြပါသည်။မစ္စတာချူးဗစ်တာအဖေနှင့်ကျနော့်ကိုမိတ်ဆက်ပေးပါသည်။ကျနော့်လိုအသက်နှစ်ဆယ်
မပြည့်သေးသောချာတိတ်တစ်ယောက်ကိုမစ္စတာချူးးနှင့်သူတို့ရုံးအဖွဲ့သားများတလေးတစားနှုတ်ဆက်ကြပါသည်။ကျနော့်ကိုထိုင်စေပြီး
သူတို့တွေ့ရှိချက်များကိုကွန်ပျူတာမှဆလိုက်ရှိုးထိုးပြနေသည်။

နာရီအတိအကျနှင့်မုန်တိုင်းဝင်လာပုံများမုန်တိုင်းနောက်မှလိုက်လာသောဒီရေများတစ်မြို့ပြီးတစ်မြို့အရှိန်နှင့်ဝင်လာနေပုံများ၊မုန်တိုင်း
လမ်းကြောင်းများ၊မုန်တိုင်းရွှေ့လျားနှုန်းများ၊မုန်တိုင်းမဖြစ်မီမုန်တိုင်းဖြစ်ပြီးပုံများကိုလည်းနှိုင်းယှဉ်ပြနေပါသည်။စိုးရိမ်သောကစိတ်နှင့်
ပထမကျနော်စိတ်မ၀င်စားပါ။ဒါပေမယ့်နောက်ပိုင်းစိတ်ဝင်စားလာခဲ့သည်။ဧရာဝတီတိုင်းအတော်ထိသွားပါပြီ။

အပျက်အစီးတော်တော်များသည်။လယ်ယာမြေများတော်တော်ပျက်စီးနေပါပြီ။လက်ရှိမုန်တိုင်းအပြီးလယ်သမားများပိုင်ဆိုင်မှုဘာမှ
ကျန်တော့မည်မဟုတ်ပါ။နောက်ပြီးဘယ်လိုစပါးပြန်စိုက်မလဲ။ရေငန်ဝင်ထားသောမြေကိုဘယ်လိုပြုပြင်မလဲ။ဒီရေတက်သောနှုန်းကို
ကြည့်ပြီးလူအသေအပျောက်များမည်ဟုခန့်မှန်းနေကြသည်။လေဘေးသင့်နေသောလူတွေအတွက်ဘယ်လိုအကူအညီပေးသင့်သလဲ
စသည်ဖြင့်ခေါင်းစဉ်များစွာဆွေးနွေးနေကြသည်။သူတို့အဖွဲ့အကြမ်းဖျင်းဆွေးနွေးနေကြခြင်းဖြစ်ပါသည်။ကျနော်ဖြစ်ပျက်သမျနောက်
ဆုံးအဖြစ်အပျက်ကောင်းကင်ဓါတ်ပုံတွေကိုသူတို့ဌာနမှကြည့်၍ရနေသည်။

ကျနော်မစ္စတာချူးကိုတစ်ခုတောင်းဆိုခဲ့ပါသည်။ကြည့်ခွင့်ရရင်ကျနော့်အိမ်နှင့်ဂိုဒေါင်ကိုကြည့်ပါရစေလို့တောင်းဆိုလိုက်ပါသည်။
တကယ်တော့သူတို့အဖွဲ့အစည်းဝန်ထမ်းမှလွဲ၍ကျန်အပြင်လူများကိုနောက်ဆုံးအဖြစ်အပျက်ကောင်းကင်ဓါတ်ပုံများကိုကြည့်ခွင့်
မပေးပါ။အပြင်လူတစ်ယောက်ဝင်ကြည့်ပြီးနိုင်ငံရေးနှင့်ရောယှက်တာမျိုးအဖြစ်မခံပါ။ဘေးဒုက္ခကျရောက်နေသောနေရာမှလာ
သောသူတစ်ဦးဖြစ်ခြင်း၊နိုင်ငံရေးမရောယှက်နိုင်ဟုတီးတိုးတိုင်ပင်ပြီးကျနော့်ကိုကြည့်ခွင့်ပေးခဲ့ပါသည်။ဝေဇယန္တာလမ်းမပေါ်မှ
ကျနော်တို့အိမ်ကိုအရင်ကြည့်ပါသည်။အိမ္ဘာမွမျဖစ္ပါ။ဒါပေမယ့်အဆက်အသွယ်အားလုံးပြတ်နေပြီ။မိသားစုထဲမှမည်သူနှင့်မဆို
စကားတစ်ခွန်းပြောခွင့်ရရင်ကျနော်စိတ်အေးနိုင်ပါပြီ။ဒါပေမယ့်ဆက်သွယ်၍မရပါ။ရင်ထဲမှာတော့စိုးရိမ်စိတ်တွေလျော့မသွားပါ။
ဂိုဒေါင်ထဲမှာအကြီးဆုံးဂိုဒေါင်ကိုကျနော်ကြည့်သည်။ဂိုဒေါင်ထောင့်တစ်ထောင့်ကသွပ်ပြားတွေလန်ထွက်နေသည်။ဒီဂိုဒေါင်ကို
ကျနော်သိပ်စိတ်မပူပါ။မိုးရာသီမှာရောင်းချရန်ပီနံမိုးကာလိပ်များထားရှိသောကြောင့်ဖြစ်ပါသည်။မိုရေစို၍လည်းမပျက်စီးပါ။
 

ဒုတိယဂိုဒေါင်အိတ်စပို့ပို့ရန်ကွန်တိန်နာများကိုစောင့်နေသည်။ဒီဂိုဒေါင်ကိုကြည့်ဖို့ကျနော်တော်တော်ဝန်လေးနေသည်။ပျက်စီး
လွယ်သောပဲအိတ်များအပြည့်ရှိနေသည်။ဂိုဒေါင်လဲကြာနေပြီ။နဲနဲမြင့်သည်။ဂိုဒေါင်ထဲကပစ္စည်းတန်ဖိုးကိုကျနော်သိသည်။အဖေ့
အတွက်ကွန်တိန်နာလိုင်းများကိုကျနော်ရှာဖွေပေးခဲ့ပါသည်။မုန်တိုင်းဒဏ်ကိုဒီဂိုဒေါင်ခံနိုင်ပါ့မလား။စိုးရိမ်စိတ်များနေသောကြောင့်
ဒီဂိုဒေါင်ကိုနောက်မှကြည့်ရန်ဆုံးဖြတ်လိုက်သည်။ဆက်၍တတိယနှင့်စတုတ္ထဂိုဒေါင်ကိုဆက်ကြည့်သည်။ဒီဂိုဒေါင်တွေကနိမ့်သော
ကြောင့်ခံနိုင်ရည်ရှိမည်။ထို့ပြင်အထဲမှာထည့်ထားသောကြမ်းခင်းလိပ်များသည်လည်းရေစို၍ပြဿနာမရှိပါ။တွေ့တော့ထင်ထားတဲ့
အတိုင်းဘာမှမဖြစ်။နံဘေးကဂိုဒေါင်ကြီးတွေစုတ်ပြတ်နေပြီ။အမိုးတွေလန်ပြန်ထွက်နေပြီ။ စိတ်ကိုတင်းထားပြီး ဒုတိယဂိုဒေါင်ကို
ကြည့်မိပါသည်။အဖြေကိုကြိုတွေးမိပါသည်။မမြင်ရသေးသောကြောင့်မဖြစ်ပါစေနှင့်လို့ဆုတောင်းပြီးကြည့်လိုက်တာပါ။ကျနော်
ဆုတောင်းမပြည့်ခဲ့ပါ။ဂိုဒေါင်အမိုးအားလုံးလန်ပြန်ထွက်နေပြီ။အမိုးအားလုံး၏လေးပုံသုံးပုံမရှိတော့ပါ။ဂိုဒေါင်ထဲကပစ္စည်းများ
အကြောင်းမစဉ်းစားရဲတော့ပါ။ရေစိုလျှင်ပျက်စီးပါမည်။အဖေနှင့်အမေတို့ကိုပြန်မြင်ယောင်ရင်းသနားသွားပါသည်။သူတို့ချွေးနှင့်
ရှာဖွေခဲ့သောပစ္စည်းဥစ္စာများ၊ကျနော်တို့ညီအကိုတွေနှင့်လည်းဆိုင်ပါသည်။ခက်ခက်ခဲခဲရှာဖွေခဲ့ရသောပစ္စည်းဥစ္စာ
များကိုလွယ်လွယ်နှင့်ဆုံးရှုံးရမည်ဆိုတော့ကျနော်လဲစိတ်မကောင်းနိုင်ပါ။အဖြေကိုကြိုသိနေပေမဲ့လည်းလက်တွေ့ကြုံလာသောအခါ
ကျနော့်အသည်းနုနုခံနိုင်ရည်မရှိတော့ပါ။မူးကနဲမိုက်ကနဲဖြစ်သွားပါသည်။ပစ္စည်းတန်ဖိုးကိုစဉ်းစားရင်းကျနော့်မိသားစုအတွက်နှမျော
တသ၀မ်းနည်းစိတ်တွေတလိမ့်လိမ့်တက်လာပါသည်။ကျနော်ဟန်မဆောင်နိုင်တော့ပါ။အဖေတို့အပေါ်စိုးရိမ်စိတ်၊ဆုံးရှုံးသွားသော
ပစ္စည်းများကိုနှမျောစိတ်တွေပေါင်းစပ်ပြီးရင်ထဲကငိုချင်စိတ်တွေတားလို့မရတော့ပါ။ဤနေရာမှာပင်ကျနော်ချုံးပွဲချ၍ငိုချလိုက်မိပါသည်။
ပတ်ဝန်းကျင်ကိုမေ့သွားပြီးကျနော်ဝမ်းနည်းစွာငိုကြွေးနေမိပါသည်။ကျနော်ကိုကြည့်ပြီးအားလုံးစိတ်မကောင်းဖြစ်နေကြသည်။
ကျနော်ဝမ်းနည်းစွာနှင့်ငိုကြွေးနေတာကိုမြင်ပြီးဗစ်တာအမေနှင့်ညီမငယ်လည်းမျက်ရည်တွေကျနေခဲ့ပါသည်။

စိတ်လွတ်ပြီးဘယ်လောက်ထိငိုကြွေးနေမိလဲမသိတော့ပါ။တစ်ယောက်ပြီးတစ်ယောက်ပခုံးကိုလာကိုင်ပြီးနှစ်သိမ့်တော့မှသတိပြန်
ရလာပါသည်။ကျနော့်စိတ်ထဲမှာအသိတစ်ခုဝင်လာပါသည်။ကျနော်အိမ်ပြန်မည်။အဖေ့ကိုသွားပြန်ကူညီမည်။ ပက်ထရစ်
ငါမိသားစုဆီပြန်တော့မယ် သူငယ်ချင်းမင်းစာမေးပွဲဖြေနေတယ်လေသတိထားပါအုံး..ငါဖြေချင်စိတ်မရှိတော့ဘူး
ငါ့မိဘတွေကိုစိတ်ပူတယ်.ငါပြန်တော့မယ်ကျနော်ငိုရှိုက်ရင်းပြောချလိုက်မိပါသည်။အားလုံးအတန်ကြာအောင်တိတ်ဆိတ်
သွားပါသည်။ခဏကြာမှမစ္စတာချူးကျနော့်ဆီကိုလှမ်းလာရင်းအောက်ပါစကားများကိုတည်ငြိမ်စွာပြောပါသည်။

သားမိသားစုပေါ်စိုးရိမ်စိတ်နှင့်ပြန်မယ်ဆိုရင်တော့အန်ကယ်မတားပါဘူးဒါပေမယ့်အန်ကယ့်စကားကိုသေသေချာချာစဉ်းစားပြီးမှ
ဆုံးဖြတ်ပါလို့အန်ကယ်ပြောပါရစေ. သားမိသားစုတွေဟာလပွတ္တာဝန်းကျင်မှာနေခဲ့ကြမယ်ဆိုရင်တော့အခုချက်ချင်းလိုက်သွားပါလို့
အန်ကယ်ပြောမိမှာဘဲမုန်တိုင်းအလွန်ဒီရေတွေတက်လာလို့အသေအပျောက်များမယ်လို့ခန့်မှန်းကြတယ်ရန်ကုန်ကိုတော့မုန်တိုင်း
တည့်တည့်ဖြတ်တယ်၊ဒါပေမယ့်ဒီရေတွေမတက်ခဲ့ဘူးဒီတော့အန်ကယ်တို့ခန့်မှန်းတာလူအသေအပျောက်ရှိချင်လဲရှိမယ်၊ရန်ကုန်မြို့
လူဦးရေနှင့်နှိုင်းယှဉ်ရင်ရာခိုင်နှုန်းတော်တော်နည်းမယ်လို့အန်ကယ်ထင်တယ်မြင်လိုက်ရတဲ့သားတို့အိမ်မှာအပျက်အစီးတွေ
မတွေ့ခဲ့ဘူး၊နောက်ပြီးမုန်တိုင်းဖြတ်နေချိန်ဟာသန်းခေါင်နှင့်နံနက်စောစောချိန်တွေဆိုတော့မိသားစုအားလုံးဟာအိမ်အတွင်းမှာဘဲရှိ
နေကြမယ်။ဒါဆိုအန္တရာယ်ကျရောက်နှုန်းတော်တော်နည်းနေပြီ၊သားတို့မိသာစုဘာမှမဖြစ်နိုင်ဘူးလို့အန်ကယ်ယူဆတယ်။ပျက်စီးသွား
တဲ့ပစ္စည်းတွေကြောင့်သားပြန်မယ်ဆိုရင်သားပြန်ရောက်လို့လဲဒီပစ္စည်းတွေပြန်ကောင်းမလာနိုင်ဘူး။သားဖေဖေမှာလဲပျက်စီးမှုအနည်း
ဆုံးဖြစ်အောင်လုပ်ဖို့အကြံဥဏ်ရှိမှာပါ။တကယ်တော့လူအရေးအကြီးဆုံးပါဘဲ။ဥစ္စာဆိုတာလူလုပ်လို့ရခဲ့တာပါ။အခုလောလောဆယ်
သားလုပ်ရမှာ ရန်ကုန်ကိုတစ်နည်းနည်းအဆက်အသွယ်ရဖို့ဘဲ။အားလုံးနေကောင်းကြတယ်ဆိုရင်သားစာမေးပွဲဆက်ဖြေပါ။
သားမိဘတွေတာဝန်ကျေခဲ့သလို သားဘက်ကလဲတာဝန်ကျေဖို့လိုမယ်။

သားမိဘတွေနေထိုင်ကောင်းရက်နဲ့စာမေးပွဲဆက်မဖြေဘဲအိမ်ပြန်မယ်ဆိုရင်တော့..
သားဟာမိဘတွေအပေါ်တာဝန်မဲ့တဲ့သားဖြစ်သွားလိမ့်မယ်... . . .

နာဂစ် အပိုင်း နှစ် ( သို့ ) တော်ကူး.သို့ဆက်ဖတ်ပါရန်.
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit