Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

နာဂစ် အပိုင်း - နှစ် ( သို့ ) တော်ကူး

     မေ ၅ရက် ၂၀၀၈ တနင်္လာနေ့
ညကတစ်ညလုံးအိပ်တာအိပ်နေသည်။နိုးတစ်ဝက်အိပ်ခြင်းပါ။မှေးခနဲဖြစ်နေချိန်မှာဝီခေါ်အောင်မြည်နေ
သောအသံများကြားပြီးလန့်နိုးလာပါသည်။ဝီခေါ်အောင်မြည်နေသောအသံများကြားတိုင်းကျနော်သွေးပျက်နေဆဲ။
ပျက်စီးသွားသောပစ္စည်းများကိုဘယ်လိုအကောင်းဆုံးဖြစ်အောင်ပြန်လုပ်မလဲ။အဆောက်အဦးကိုလဲမိုးထပ်မရွာခင်ပြင်ဆင်ရအုံးမည်။
လူတိုင်းဒုက္ခရောက်နေချိန်မှာလက်သမားတွေလဲအားမှာတော့မဟုတ်ပါ။ကားလမ်းတွေလဲပိတ်ဆို့နေဆဲ။ဘာမှမတတ်နိုင်ပါ။
လမ်းကြောင်းတွေပွင့်ပစ္စည်းဈေးတွေတည်ငြိမ်မှပြန်ဆင်ရတော့မည်။
မနေ့ကစော်ဘွားကြီးကုန်းမှာသွပ်ပြားတွေဝယ်ကြရင်းဈေးတွေမြောက်ကုန်ပြီ။
မတန်တဆဖြစ်ကုန်သည်။တန်ရာတန်ဖိုးမဟုတ်ဘဲအကုန်အကျမများချင်ပါ။
ကျနော့်အဆောက်အဦးဆိုရင် လိုအပ်ချက်တွေများမည်။မနေ့ကစီပိုးသတ်ဆေးထိုးထားသောအရှိန်နှင့်ညကအိပ်မပျော်ခဲ့ပါ။
စိုးရိမ်သောကစိတ်တွေနှင့်အိပ်ဆေးလဲမသောက်ဖြစ်ခဲ့ပါ။တစ်လူးလူးတလိမ့်လိမ့်နှင့်ညကကောင်းကောင်းအိပ်မပျော်ခဲ့ပါ။
 ၂း၀၀ နာရီနိုးလာကတည်းကထပ်အိပ်၍မရတော့ပါ။ကြားခဲ့ရတဲ့သတင်းတွေကလဲမကောင်းတော့ပါ။
ဧရာဝတီတိုင်းမှာလူအသေအပျောက်တော်တော်များတယ်လို့ကြားနေရတယ်။
ကြာဆံ၊ဗျော့ကြီး၊အာနိုး၊ကိုဌေးရန်ကုန်တက္ကသိုလ်မှာဆုံခဲ့ကြသောဧရာဝတီတိုင်းမှသူငယ်ချင်းတွေရောနေကောင်းကြရဲ့လား။
မိသားစုတွေရောဘယ်လိုနေလဲ။အားလုံးအဆင်ပြေကြပါစေလို့
ရင်ထဲမှာဆုတောင်းပေးနေပါသည်။ကျနော်တို့နှစ်တွေမှာရန်ကုန်တက္ကသိုလ်မှာဧရာဝတီတိုင်းမှကျောင်းသားတွေများခဲ့သည်။
ဒေသကောလိပ်ဒုတိယနှစ်မှာစိတ်ကြိုက်အသက်မွေးပညာရွေးချယ်ခွင့်ရှိသည်။
ပုသိမ်ဒေသကောလိပ်မှကျေင်းသားများကပုသိမ်ဒေသကောလိပ်မှာမရှိသောရေလုပ်ငန်းကိုလျှောက်ကြပြီး
ရန်ကုန်ဒေသ-၂ မှာလာတက်ကြသည်။
တတိယနှစ်မှာရိုးရိုးမေဂျာရသူများကရန်ကုန်တက္ကသိုလ်မှာဆက်တက်ကြသည်။
ကျနော်တို့အားလုံးခင်ရာမင်ရာတွေမှတစ်ဆင့်ခင်သွားကြပါသည်။
ကြာဆံ၊အေးကြိုင်၊ထိန်ဝင်းတို့နှင့်ပတ်သက်ပြီးကိုဌေးကိုသိခဲ့ရပါသည်။
သူက.ဘူမိဗေဒ ဘာသာရပ်မဟုတ်ပါ။အရှည်ကြီး၊၀င်းစိန်တို့ Chemistry မှ ဖြစ်ပါသည်။
ဒါပေမယ့်ဟင်္သာတသားဆိုတော့ကြာဆံတို့နှင့်ပတ်သက်နေပါတယ်။သူတို့စံရိပ်ငြိမ်မှာအဆောင်ငှားနေပါ
သည်။ကျနော်တို့အားလုံးအတွဲညီစွာဖြင့် ပုဂံဆောင်၊ရတနာဆောင်၊သီရိဆောင်တို့မှာဂစ်တာနှင့်တေးသီချင်းများဟစ်ကြွေးခဲ့ပါသည်။
ကျနော်တို့အားလုံးပျော်ပျော်ပါးပါးနေကြရင်းကျောင်းတွေပြီးခဲ့ကြပါသည်။
ကိုဌေးတစ်ယောက်ပုသိမ်ဒေသကောလိပ်မှာတွေ့ခဲ့သောလပွတ္တာမြို့နယ်ကတစ်ယောက်နှင့်အိမ်ထောင်ကျသွားပြီလို့ကြားရပါတယ်။
နောက်ပိုင်းမှာကိုဌေးဆားလုပ်ငန်းနှင့်အဆင်ပြေနေပြီလို့ရန်ကုန်မှာပြန်ဆုံစဉ်ကပြောခဲ့ပါသည်။
သူတို့လုပ်ငန်းရှိသောရွာကိုကျနော်ကိုပြောပြခဲ့ပါသည်။သူတို့ရွာနာမည်ကိုကျနော်နားမယဉ်ခဲ့၍မမှတ်မိခဲ့ပါ။
ရန်ကုန်တစ်မြို့လုံးဖုံးလိုင်းတွေပြတ်တောက်နေပါတယ်။
တစ်ချို့  GSM တွေပြန်ရနေပြီ။အိမ်မှာရှိသော GSM,ဆယ်လူလာ၊ CDMA ဖုံးတွေအားလုံးဖွင့်ထားသည်။
မည်သူမဆိုဆက်သွယ်၍ရနိုင်အောင်လို့ပါ။ည 3း00 နာရီကျနော့် GSM ဖုံးမြည်လာသည်။
နံပတ်ကြည့်လိုက်တော့ No number တဲ့
အော် ..လေတိုက်တဲ့အရှိန်နှင့် GSM အိတ်ချိန်းတွေလဲနံပတ်တောင်မမှတ်ပေးတော့ပါလား
ဟဲလို
ဟဲလို ..အဖေလား
အေး ဟုတ်တယ်..ကိုဘုတ် အဖေတို့အားလုံးနေကောင်းကြတယ်ပစ္စည်းတွေလဲဘာမှမဖြစ်ဘူး။
ကိုဘုတ်..စာမေးပွဲဖြေလို့ရလား
စင်ကာပူမှာကျောင်းတက်နေသောကျနော့်သားကိုဘုတ်ဆီက
ကျနော်တစ်ယောက်တည်းစကားအဆက်မပြတ်ပြောနေသည်။ကျနော့်သားဆီကဘာမှပြန်မပြော
အသံတိတ်နေသည်။ ဟဲလို .ကိုဘုတ် ကြားလားကြားလား
အတန်ကြာအောင်တိတ်ဆိတ်နေပြီးမှငိုသံတွေစကားသံတွေလုံးထွေးပြီးထွက်လာခဲ့ပါသည်။
အဖေ ကျနော့်ကိုမညာပါနှင့်
အိတ်စပို့ ဂိုဒေါင်ကိုကျနော်ကြည့်ပြီးပြီ။
မင်းဘာတွေပြောနေတာလဲ .ငါ့ပစ္စည်းဂိုဒေါင်တွေဘာမှမဖြစ်ဘူး
မညာပါနှင့်အဖေရယ်..ကျနော်အားလုံးကိုကျနော့်မျက်စိနှင့်မြင်ပြီးပြီ။
အဖေ့ဂိုဒေါင်မှာသွပ်တွေမရှိတော့ဘူး။ဂိုဒေါင်ထဲမှာလဲရေတွေပြည့်နေတယ်။
ကျနော်နားလည်လိုက်ပါပြီ။ဒီခေတ် IT နည်းပညာတွေရဲ့အဆင့်မြင့်တာတွေကိုကျနော်လက်ခံလိုက်ပါ
ပြီ။ကျနော်နားချရတော့မည်။ဧရာဝတီတိုင်းမှာလူအများကြီးသေကြရတယ်။ ပစ္စည်းဥစ္စာတွေလည်းအများကြီးဆုံးရှုံးနေကြတယ်။
အဖေတို့မိသားစုဘာမှမဖြစ်ဘူး။ ဒီပစ္စည်းဆုံးရှုံးတာဟာ ဧရာဝတီတိုင်းနှင့်ယှဉ်ရင်ဘာမှမပြောပ
လောက်ဘူး။မင်းစိတ်ထဲမှာမထားပါနှင့်။လူမသေ ငွေမရှားလို့အဖေသဘောထားထားတယ်
ဒီခလေးနားဝင်လာအောင်ချော့မော့ပြီးရှင်းပြနေရပါသည်။မိသားစုတွေသေကွဲကွဲနေချိန်မျိုးမှာ ကျနော့်ပစ္စည်းဆုံးရှုံးတာလောက်ကဘာမှမဖြစ်စလောက်ပါ။
စာမေးပွဲကိုဆက်ဖြေခိုင်းပါသည်။စိတ်အေးအေးထားပြီးစာပြန်ကျက်ခိုင်းရပါသည်။
နံနက် 8း00 နာရီ ဆိုင်မဖွင့်ခင်ဆိုင်ရှေ့မှာလူအယောက် ငါးဆယ် လောက်စောင့်နေကြသည်။
အားလုံးပီနံမိုးကာ လာဝယ်ကြခြင်းဖြစ်ပါသည်။လိုအပ်၍လာဝယ်ကြသူတွေပါ။
ဈေးဝယ်သူတွေပါးသွားရင်ကျနော့်ဝန်ထမ်းတွေခေါ်ပြီး Export ဂိုဒေါင်ဆီသွားရန်စိတ်ကူးထားသည်။
ဒါပေမယ့်တစ်ယောက်ပြီးတစ်ယောက်တစ်သုတ်ပြီးတစ်သုတ်လာဝယ်ကြသူတွေပြတ်မသွားပါ။
ကျနော်လဲဂိုဒေါင်ကိုမရောက်ဖြစ်ပါ။ညနေဆိုင်ပိတ်တော့ည 7း00 နာရီထိုးတော့မည်။
ဝန်ထမ်းအားလုံးပင်ပန်းနေကြပါပြီ။ကျနော်တို့ပီနံမိုးကာလိပ်များကိုဈေးတင်ပြီးမရောင်းခဲ့ပါ။ပုံမှန်ဈေးအတိုင်းသာရောင်းခဲ့ပါသည်။
စိတ်ထဲမှာလဲဒုက္ခရောက်နေသူများကိုဝန်မပိစေချင်ပါ။ဒါပေမယ့်တစ်ချို့ဆိုင်တွေကတစ်နာရီဈေးတစ်မျိုးနှင့်ရောင်းနေကြသည်။
လိုအပ်နေသူအဖို့ဘယ်ဈေးပြောပြောဝယ်နေကြရပါသည်။ဒီနေ့တစ်နေ့လုံးဘယ်သူမှမအားကြပါ။
ပစ္စည်းတင်သောကားတွေလဲဂိုဒေါင်နှင့်ဆိုင်ကိုလွန်းပြန်သယ်ပို့နေရသည်။
ကြားရတဲ့သတင်းတွေလဲနားမထောင်ရက်ပါ။သူတို့တွေပြောကြတဲ့မြင်ကွင်းများစိတ်ချောက်ချားစရာကောင်းနေပါသည်။
တုံးတုံးပက်လက် ၊ရေမျောကမ်းတင်၊ဒီလောက်တောင်အဖြစ်ဆိုးလှချည်လား..ရင်နာစရာသတင်း၊တစ်မိသားစုလုံးသေအတူရှင်မကွာ..ကြိုးတန်းလန်းနှင့်
ဆေးထိုးသောအရှိန်..ပင်ပန်းသောဒဏ်.ကွဲကြေနေသောနှလုံးသား..နာနေသောရင်
နှမျောတသဖြစ်နေသောလောဘစိတ်..ဒါတွေအားလုံးစုနေသောဒဏ်ကိုကျနော်ခံနေရပါသည်။
ညဘက်အိပ်မပျော်ပါ၊အစားအသောက်ပျက်နေပါသည်။ကိုယ်လက်ကိုက်ခဲနေပါသည်။ဦးခေါင်းမှာလဲတ
စစ်စစ်နှင့်ထိုးပြီးကိုက်နေပါသည်။ဒီမနက်ကျနော့်ဝန်ထမ်းတစ်ယောက်မိဘများရှိရာ ဟိုင်းကြီးကျွန်းကိုပြန်ခွင့်
တောင်း၍ခွင့်ပြုခဲ့ပါသည်။သူကံကောင်းပါသည်။မိဘတွေနှင့်ကျန်းမာစွာပြန်တွေ့ခဲ့ရပါသည်။
သူ့ဆီကစကား၊သူမြင်ခဲ့တာတွေပြန်မြင်ယောင်ကြည့်မိပြီးကျနော်စိတ်မကောင်းပါ။ကမ်းခြေမှာဗုံကလေး
ကိုတီးရင်းပြန်မလာနိုင်တော့တဲ့မိဘနှစ်ပါးကိုစောင့်နေရှာသောအသက်လေးနှစ်သားခလေးတစ်ယောက်၊
ခွေးကလေးကသစ္စာရှိစွာဖြင့်သခင်နှင့်အတူထိုင်စောင့်နေရှာသည်။
ဒါတွေကြားမိပြီးကျနော်ညဖက်အိပ်မပျော်ပါ။
2008 မေလ 6 ရက်
နံနက်ခြောက်နာရီလောက်ကျနော့်ဖုံးအသံမြည်လာပါသည်။နံပတ်ကြည့်လိုက်တော့..ပုသိမ်ကဗျော့ကြီး
ကိုဌေးတို့ရွာတစ်ရွာလုံးကုန်သွားပြီ။
လူ ဆယ်ဂဏန်းလောက်ဘဲကျန်တော့တယ်..
ကိုဌေးတို့မိသားစုသတင်းမေးလို့မရဘူး.
နေပါအုံး..ကိုဌေးက ဘယ်ရွာမှာနေတာလဲ..
ပြင်စလူရွာ နောက်ခဏကြာတော့ဖုံးထပ်မြည်လာပါသည်။ ဟင်္သာတသား..ကြာဆံဆီက.
ဒီမနက်ဘဲကိုဌေးမိဘနှင့်ညီမတွေကိုဌေးတို့ဆီလိုက်သွားကြပြီ။ကိုဌေးအမေနှင့်ညီမတွေတငိုငိုဖြစ်နေတယ်။
ဟိုမှာကိုဌေးညီတစ်ယောက်လဲကိုဌေးအလုပ်ကိုဝိုင်းကူလုပ်နေသည်။ငါကြားတဲ့သတင်းထဲမှာကိုဌေးတို့ရွာ
အခြေအနေအဆိုးဆုံးဘဲ.ဒုတိယအကြိမ်ကိုဌေးတို့သတင်းကိုကြားလိုက်ရတော့..မိုက်ခနဲဖြစ်သွားပါသည်။
ကြားရတဲ့သတင်းတွေစိတ်ထဲမှာမြင်ယောင်မိပါသည်။
တုံးလုံးပက်လက်၊ရေမျောကမ်းတင်၊ဘုရားဘုရားကျနော့်သူငယ်ချင်းဒီလိုအဖြစ်မျိုးနှင့်မကြုံရပါစေနှင့်..
အခန်းတံခါးကိုဂျက်ချလိုက်ပါသည်။ပြီးနောက်ကျနော်ရှိုက်၍ရှိုက်၍ငိုနေမိပါသည်.။
အဖြစ်ဆိုးလှချည်လားသူငယ်ချင်းရယ်..။ဒီနေ့တစ်နေ့လုံးနေလဲမကောင်းပါ။စိတ်လဲမကောင်းပါ။
&152;သူငယ်ချင်းရယ်..။ဒီနေ့တစ်နေ့လုံးနေလဲမကောင်းပါ။စိတ်လဲမကောင်းပါ။
ကိုဌေးအကြောင်းတွေးမိတိုင်းကျနော်လူမမြင်ကွယ်ရာမှာကြိတ်ပြီးမျက်ရည်ကျခဲ့ရ့ပါသည်။
ပီနံမိုးကာကိုသဲသဲမဲမဲလာဝယ်နေကြသည်။ကျနော့်ဝန်ထမ်းများက၀ယ်အားအခြေအနေ၊အခြားဆိုင်များမှာ
ရောင်းသောဈေးနှုန်းကိုကြည့်ပြီးဈေးတင်ရောင်းပါကဖြစ်နိုင်သည်ဟုတင်ပြလာပါသည်။
ကျနော်တို့မိသားစုတိုင်ပင်ပြီးဈေးတင်ရောင်းသောကိစ္စကိုမလုပ်ခဲ့ပါသည်။ပုံမှန်ဈေးအတိုင်းသာဆက်ရောင်းမည်။
ဈေးလုံးဝမတင်ရောင်းပါ။ကျနော့်သူငယ်ချင်းအတွက်ကျနော်မျက်ရည်အကြိမ်ကြိမ်ကျခဲ့ရပါသည်။
သောင်းနှင့်ချီပြီးသေဆုံးခဲ့ရသူများနှင့်ပတ်သက်နေသောအသိုင်းအ၀ိုင်း၊ဆွေမျိုး၊မိတ်ဆွေများ၏မျက်ရည်
တွေချောင်းစီးနေလောက်ပြီ။ဒီမျက်ရည်စက်များနှင့်လာဝယ်သူများ၏ပိုက်ဆံ..
ကျနော်တစ်ပြားတစ်ချပ်မျှပိုမယူရက်ပါ။တတ်နိုင်ပါကအားလုံးကိုအလကားပေးလိုက်ချင်ပါသည်။
ဒီနေ့လဲမနေ့ကလိုပါဘဲ အားလုံးပင်ပန်းနေကြသည်။ကျနော်ခေါင်းအရမ်းကိုက်နေပါသည်။
အစားအသောက်ဘာမှမစားချင်ပါ။

2008 မေလ 7 ရက်
ဒီနေ့လဲပီနံမိုးကာအရမ်းရောင်းကောင်းနေပါသည်။
ကျနော်တို့ဆိုင်သည်အခြားဆိုင်များထက်ဈေးသက်သာသောကြောင့်ဟုထင်ပါသည်။
ဥရောပသားတစ်ဦးနေ့ခင်းဘက်ကျနော့်ဆိုင်ကိုရောက်လာပါသည်။ပီနံမိုးကာကိုကြည့်ပါသည်။
ပြီးတော့ဈေးမေးပါသည်။အခြားဆိုင်များထက်သက်သာသည်ဟုပြောပါသည်။
သူအလိပ်နှစ်ရာဝယ်မည်ဟုပြောပါသည်။ကျနော်နည်းနည်းအံ့သြသွားပါသည်။
ဘာလုပ်ဘို့လဲမေးကြည့်တော့၊သူ့အဖြေကကျနော့်ကိုပိုအံ့သြစေပါသည်။လေဘေးသင့်နေသူများကိုပေးမည်။
ဆန်၊သောက်ရေ၊အမိုးအကာ အရေးကြီးဆုံးလိုအပ်ချက်။သူ့ကိုအရမ်းလေးစားးမိပါသည်။
ကျနော်တို့နှင့်လူမျိုးလဲမတူ၊ဘာသာမတူ၊မတူသောနိုင်ငံမှလာသောသူကဒုက္ခရောက်နေသူကိုကူညီမည်တဲ့။
အရမ်းလေးစားမိပါသည်။အရမ်းအားကျမိပါသည်။..ငါတို့တွေဒီအတိုင်းကြည့်နေကြမလား..
တစ်နေ့နေ့ကျနော်လဲတတ်နိုင်သလောက်ကူညီသွားပါမည်။သူနှင့်ပတ်သက်ပြီးအဖွဲ့အစည်းတွေရောက်လာ
ကြသည်။လေဘေးဒုက္ခသည်များကိုကူညီရန်ပီနံမိုးကာများလာဝယ်ကြသည်။
ဒီရက်များတွင်လာဝယ်ကြသောသူများသည်ဒုက္ခသည်များကိုကူညီကြသောအဖွဲ့အစည်းများသာဖြစ်ပါသည်။
လေဘေးကူညီသောအဖွဲ့နှင့်ပတ်သက်ပြီးကျနော်စိတ်ကျေနပ်မှုရပါသည်။ဒုက္ခရောက်နေသောကျနော်တို့
ပြည်သူတွေကိုအလကားပေးရန်အတွက်လာဝယ်ကြသူများထံမှကျနော်ငွေပိုမယူရက်ပါ။
ထိုအချိန်တွင်ဆိုင်တော်တော်များများဈေးတင်ရောင်းနေပါသည်။လာဝယ်ကြသူများလဲပစ္စည်းအရေအသွေး
နှင့်တန်ဘိုးကိုမနှိုင်းယှဉ်တတ်ပါ။ထို့ကြောင့်ဈေးခေါ်ရောင်းနေသူများထံမှလည်းဝယ်နေကြပါသည်။
ပီနံမိုးကာရရေးသည်သာအဓိကဖြစ်နေပါသည်။
ကျနော်ပစ္စည်းဈေးတင်မရောင်းခဲ့းခဲ့သောကြောင့်ကျနော်အရမ်းစိတ်ရှင်းပါသည်။
ကျနော်တို့ဈေးသက်သာစွာရောင်းပေးသောကြောင့်ကျနော်တို့ပြည်သူတော်တော်များများအသုံးပြုနိုင်ကြပါလိမ့်မည်။
ကျနော်သည်လိုဘဲသဘောထားပါသည်။လူတိုင်းလူတိုင်းမှာမတူညီသောခံယူချက်တွေရှိ
ကြပါသည်။လူမှုရေးအဖွဲ့အစည်းတော်တော်များများနှင့်ဆုံခဲ့ပြီးနောက်သူတို့တွေရဲ့ခံယူချက်သဘောထားများကိုသိခဲ့ရပါသည်။
ကျနော်တို့ဗုဒ္ဓဘာသာတိုင်းပြည်၌အသက်နည်းနည်းရလာသောအခါဘာသာရေး ဘက်သို့ပြောင်းလေ့ရှိပါသည်။
သူတို့တွေကဘ၀အစိတ်အပိုင်းအချို့ကိုမိသားစုအတွက်ပေးဆပ်ခဲ့ပြီးကျန်နေသောအစိတ်အပိုင်းကိုဒုက္ခရောက်နေသူများကို
ကူညီရန်အတွက်ရည်ရွယ်ထားပါသည်။
အချို့ကလဲလက်ရှိလုပ်နေသောအလုပ်ကိုခဏထားပြီးဒုက္ခရောက်နေသူများကိုကူညီရန်ရောက်လာကြပါ
သည်။အချို့ကျတော့ကူညီပေးသောအဖွဲ့အစည်းမှာလူရောစိတ်ပါနှစ်ထားလိုက်ကြပါသည်။
သူတို့ပြောသမျှနားထောင်ပြီးကိုယ့်ကိုကိုယ်လဲပြန်ဆန်းစစ်ကြည့်မိပါသည်။
ငါဘာလုပ်ပေးခဲ့ပြီလဲဘာတွေကူညီပေးခဲ့ပြီလဲ
ကျနော်တို့ပြည်သူတွေအတွက်ဘာမှမလုပ်ခ+ခဲ့ရသေးပါ။ဘာမျှလဲမကူညီဖြစ်သေးပါ။
ကျနော်သည်တာဝန်မကျေသောပြည်သူတစ်ယောက်ဖြစ်ပါသည်။
ကျနော့်လိုတာဝန်မကျေသောသူတွေဘယ်လောက်များနေပြီလဲ။
ဒုက္ခပင်လယ်ဝေနေတဲ့သူကိုဒီအတိုင်းကြည့်နေကြတော့မှာလား။..
ဒီနေ့မနက်ဟောင်ကောင်ကုမ္ပဏီပိုင်ရှင် Johnson ဆီကဖုံးဝင်လာပါသည်။
ကျနော့်အခြေအနေကိုမေးပါသည်။ကျနော်လဲအမှန်အတိုင်းပြောပြခဲ့ပါသည်။Export လုပ်ရန်
Ready cargo ပစ္စည်းတော်တော်များများပျက်စီးသွားကြောင်းပြောပြလိုက်သည်။
ကျနော်စကားကြားပြီးနောက်ကျနော့်ကိုသူအရမ်းတောင်းပန်ပါသည်။ကျနော်နားမလည်ပါ။
သူစကားအစပြန်ဖေါ်ပေးမှကျနော်သတိပြန်ရလာပါသည်။မေနှစ်ရက်နေ့သူ့ဆီကစာထဲမှာ
မင်းဂိုဒေါင်ထဲကပစ္စည်းတွေကိုဂရုစိုက်ပါလို့သူရေးခဲ့သည်။ကျနော်မေ့နေပါပြီ
ဒီရက်ပိုင်းအလုပ်ရှုပ်နေတာရယ်စိတ်ရှုပ်နေတာရယ်ကြောင့်ပါ။
သူတမင်ရည်ရွယ်ပြီးရေးခဲ့တာမဟုတ်ကြောင်း၊ဒါမျိုးလဲမဖြစ်စေချင်ကြောင်းပြောပြီးတောင်းပန်ပါသည်။
ကျနော်သူ့ကိုဗုဒ္ဓလမ်းညွန်ခဲ့သောအကြောင်းများနှင့်ယှဉ်ပြီးရှင်းပြခဲ့ပါသည်။တရုတ်လူမျိုးဖြစ်သော
Johnson ကျနော်ပြောသောဗုဒ္ဓအကြောင်းကိုနားလည်မလည်ကျနော်မသိခဲ့ပါ။
မင်းစိတ်မှာဘာမှမထားပါနှင့်၊ငါတို့ဗုဒ္ဓကပြောခဲ့တယ်၊ဖြစ်ချိန်တန်ရင်ဖြစ်မယ်၊ပျက်ချိန်တန်ရင်ပျက်မယ်၊
ဘယ်အရာမှမတည်မြဲဘူး.
ဒီရက်ထဲအလုပ်ရှုတ်နေသလိုစိတ်ရှုတ်စရာတွေလဲကြုံခဲ့ရပါသည်။တမနက်ဖုန်းကိုင်တော့
-----လေဘေးကူညီသောအဖွဲ့မှဒေါ်ဘယ်သူပါတဲ့ကျနော့်ဆိုင်တံဆိပ်နှင့်ပီနံမိုးကာဈေးကိုမေး
ပါသည်။သူအလိပ်နှစ်ရာယူမယ်တဲ့။သူ့အတွက်ချန်ထားပါတဲ့ကျနော်ကသူ့ကိုသည်လိုရှင်းပြခဲ့ပါသည်။
ကျနော့်အနေနှင့်လာဝယ်သောသူမှန်သမျှကိုရောင်းပေးနေရသည်။သူ့အနေနှင့်ဝယ်ချင်ရင်ဆိုင်ကိုလာခဲ့ပါ။
ကူညီသောအဖွဲ့အစည်းများကိုဦးစားပေးပါသည်။လာဝယ်ကြသူတွေတဖွဲဖွဲရောက်နေကြသောကြာင့်
ကျနော်လဲဒေါ်ဘယ်သူကိုမေ့နေပါသည်။အချိန်အတော်ကြာမှဖုန်းလာပါသည်။သည်အချိန်ကျနော်အပြင်
ရောက်နေသည်။လေဘေးကူညီသောအဖွဲ့မှဒေါ်ဘယ်သူပါတဲ့၊သူ့အတွက်ချန်ထားတဲ့ပီနံမိုးကာရပြီလားတဲ့။
ကျနော့်ဆိုင်ကခလေးတွေကကြိုရောင်းထားသောစာရင်းကိုကြည့်ပြီးသူ့နာမည်ကိုမတွေ့သောကြောင့်ချန်
ထားသောစာရင်းမှာမရှိကြောင်းပြောလိုက်ပါသည်။ခလေးတွေကဒါဘဲပြောရသေးတယ်။
ဈေးသည်ပီပီစကားကိုသည်လိုဘဲလွယ်လွယ်ပြောရသလား.လို့သူပြောချင်တာပြောပြီးဖုန်းချသွားပါသည်။
ကျနော်ပြန်ရောက်လာသောအချိန်မှာဆိုင်ကခလေးတွေကဒေါ်ဘယ်သူအကြောင်းကိုကျနော့်ကိုပြောပြပါ
သည်။သူပြောခဲ့သောစကားကိုလဲပြန်ပြောခဲ့ပါသည်။နေ့လည်ကအလိပ်နှစ်ရာယူမည်ဘယ်လောက်ဈေးလဲ
ပစ္စည်းရှိလားလို့ကျနော့်ဖောက်သည် ၄ဆိုင် ၅ ဆိုင်ကဖုန်းဆက်မေးနေတာပြန်သတိရမိပိါသည်။
ကျနော်ဆိုင်တံဆိပ်ပစ္စည်းကျနော့်ဆီမှာဘဲရှိမည်။ကျနော့်ပစ္စည်းကျနော့်ဆိုင်မှလွဲ၍အခြားဆိုင်တွင်ဈေးမ
သက်သာပါ။သူတို့လဲဈေးနည်းနည်းတင်ရောင်းပါမည်။ဒေါ်ဘယ်သူကဈေးစုံစမ်းတာဖြစ်မှာပါ။
ဝယ်ဈေးမြင့်မြင့်ထိမှာကြောက်၍ဈေးစုံစမ်းတာကျနော်အပြစ်မမြင်ပါ။
ဈေးအမြင့်ဆုံးကိုလိုက်မေးပြီးမှဈေးပေါသောကျနော့်ဆီကိုဖုန်းဆက်သောဒေါ်ဘယ်သူ၏အတွင်းစိတ်ကို
ကျနော်မသိနိုင်ပါ။ထင်မြင်စရာနှစ်မျိုးတွေ့ရပါသည်။ရိုးရိုးသားသားလား..မရိုးမသားလား.
စကားကိုဒီလိုဘဲလွယ်လွယ်ပြောရသလားလို့မာန်မဲပြီးဖုန်းချသွားသောဒေါ်ဘယ်သူကိုကျနော်ပြန်ရှင်းချင်ပါသည်။
စကားကိုဘယ်သူကလွယ်လွယ်ပြောခဲ့သလဲလို့မေးလိုက်ချင်ပါသည်။
သိန်းရာကျော်နေသောအရောင်းအ၀ယ်ကိစ္စအတွက်သူဖုန်းဆက်ပြီးပြောခဲ့သည်။လူကိုယ်တိုင်ရောက်မလာခဲ့ပါ။
နောက်တစ်ကြိမ်လဲဖုန်းဆက်ခဲ့သည်။ဒေါ်ဘယ်သူဆိုတာကျနော့်အမေ၊အမ၏ သူငယ်ချင်းမဟုတ်သလိုကျနော့်ဖေါက်သည်လည်းမဟုတ်ပါ။
သူ့ကိုလဲကျနော်မမြင်ဖူးပါ။သိလဲမသိခဲ့ပါ။
သူပြောသောအဖွဲ့အစည်းဆိုတာလဲစာစောင်တွေ၊ဂျာနယ်တွေ၊သတင်းစာတွေမှာပါနေတော့ကျနော်မဟုတ်
ခလေးတွေလဲဒီအဖွဲ့အစည်းနာမည်ကိုသိနေကြသည်။ကျနော်ဈေးသည်တစ်ယောက်ပါ။
ပိုက်ဆံကိုင်ပြီးလာဝယ်ကြသူများကိုရောင်းနေရပါသည်။အရောင်းအ၀ယ်ဖြစ်ကြပြီဆိုရင်လည်းစရံငွေပေးတာမျိုးရှိကြရပါမည်။
ရေမလာဘဲနှင့်လေနှင့်လာနေသောဒေါ်ဘယ်သူကိုရှင်းရန်ကျနော်အသင့်ရှိပါသည်။
သူတို့အဖွဲ့အစည်းထဲမှာတော့ကျနော့်ဆိုင်ကိုအမနာပပြောချင်လဲပြောနေကြပါလိမ့်မည်။
နိုင်ငံခြားသားအဖွဲ့အစည်းတော်တော်များများပီနံမိုးကာလာဝယ်ကြသည်။တစ်ကြိမ်ထဲမဟုတ်ပါ။
နှစ်ကြိမ်သုံးကြိမ် အချို့ဆိုရင်အကြိမ်ကြိမ်လာဝယ်ကြသည်။တစ်ကြိမ်ပြီးတစ်ကြိမ်ဈေးတက်ပြီလားလို့
မေးလေ့ရှိပါသည်။ကျနော်ကသူတို့ကိုဈေှးတင်မရောင်းပါ၊ပုံမှန်အတိုင်းရောင်းမယ်လို့ပြောလိုက်မှ
သူတို့စိတ်အေးသွားပုံရပါသည်။အပြင်ဆိုင်တွေဈေးတင်ရောင်းတာသူတို့သိနေကြပါသည်။
ဈေးပိုမပေးရတော့လဲလူများများအတွက်ပိုဖြန့်နိုင်တာပေါ့လို့ကျနော့်ကိုရှင်းပြပါသည်။
နောက်ပိုင်းစိတ်ချလက်ချနှင့်သူတို့အကူမြန်မာပြည်သားနှင့်ဝယ်ခိုင်းလေ့ရှိပါသည်။
တစ်ရက်မြန်မာပြည်ကအကူများကပီနံမိုးကာလာဝယ်ကြသည်။ငွေရှင်းပြီးအခြားပစ္စည်းတွေဝယ်ရန်
သိမ်ကြီးဈေးဘက်သို့ထွက်သွားကြပါသည်။အပြန်မှပစ္စည်းလာယူမည်ဟုပြောသွားကြပါသည်။
ပစ္စည်းလာယူပြီးတော့ကျနော်တို့ကိုဘောက်ချာအသစ်ရေးခိုင်းပါသည်။
ကျနော့်ပစ္စည်းကိုးသောင်းတန်ကိုတစ်သိန်းနှစ်သောင်းနှင့်ဘောက်ချာဖွင့်ခိုင်းပါသည်။
ဘာမျှမပတ်သက်သောနိုင်ငံခြားသားကသူတို့ငွေနှင့်ကျနော်တို့တိုင်းပြည်ကိုကူညီနေသည်။
သူတို့ရဲ့စေတနာတွေကိုအလေးမထားတဲ့အပြင်ငွေကိုလည်းဖြတ်ခုတ်ဖို့ကြံရက်တဲ့ကိုယ်ဆီက
ကောင်တွေလုပ်ပေါက်ကရွံစရာကောင်းလိုက်တာ။ကျနော်မလုပ်ပေးနိုင်ပါ။သည်လိုမျိုးမလုပ်သင့်ကြောင်း
ကျနော်ပြောခဲ့သည်။သည်အကူကောင်လေးများသည်အခြားဆိုင်မှာလုပ်လို့ရလို့လဲကျနော့်ဆီမှာဈေး
တင်ထားသောဘောက်ချာကိုရေးခိုင်းတာပါ.။ဘယ်သူမှမလုပ်ပေးခဲ့ရင်ဘောက်ချာရေးခိုင်းရဲမှာမဟုတ်ပါ။
ဆွမ်းဆန်ထဲကြွက်ချေးရောသလို ဒီလိုစုန်းပြူးတွေလည်းရှိကြပါတယ်။

တော်ကူးသို့
ဒီရက်နောက်ပိုင်းအကူအညီပေးနေကြသောအဖွဲ့အစည်းများ၊ပုဂ္ဂလိကအသင်းအဖွဲ့များလှူဒါန်းကူညီနေကြ
သည်မှာကျေနပ်အားရစရာကောင်းပါသည်။ကျနော်တို့လဲ GEOLOGYသူငယ်ချင်းများနှင့်၎င်း၊
ကုမ္ပဏီအဖွဲ့အစည်းမှ၎င်း၊စာနယ်ဇင်းမှ၎င်းငွေအားဖြင့်လှူဒါန်းခဲ့ပါသည်။
မြန်မာလူမျိုးများသည်အလှူဒါနပြုရာတွင်ကိုယ်တိုင်လှူရတာကိုမှပို၍အလှူမြောက်သည်ဟုယုံကြည်လေ့ရှိ
ကြသည်။ကျနော်တို့လဲထို့အတူပါ။ကိုယ်ထိလက်ရောက်မလှူရခြင်းအပေါ်ကျနော့်အလှူမပြည့်စုံသလို
ဘဲစိတ်ထဲမှာခံစားရပါသည်။နောက်ပြီးအလှူဒါနပြုပြီးပါကရေစက်ချ အမျှဝေပြီးမှကိုယ်လှူခဲ့သောအလှူပြီး
ပြည့်စုံသည်လို့မှတ်ယူလေ့ရှိပါသည်။ကျနော်လှူနေသောအလှူမပြီးပြည့်စုံသေးပါ။
ကိုယ့်ကိုကိုယ်တာဝန်မကျေသောပြည်သူတစ်ယောက်လို့ခံယူထားတာရယ်၊
ဘေးဒုက္ခကြုံနေရသောပြည်သူများကိုသနားတာရယ်၊သူငယ်ချင်းကိုဌေးကိုသတိရနေတာရယ်..
ဒီအကြောင်းကြောင်းတွေကြောင့်တနေ့နေ့မှာကိုယ်တိုင်သွားလှူမယ်လို့စိတ်ကူးထားပါသည်။
ဒါပေမယ့်ကျနော်ကိုယ်တိုင်စနေနေ့တိုင်းအသည်းရောင်အသားဝါစီပိုးသတ်ဆေးထိုးနေရသည်။
ဆေးထိုးပြီးသုံးရက်အတွင်းကျနော်နေထိုင်သိပ်မကောင်းပါ။ဆေးစထိုးသည်မှစ၍ကျနော်ညအိပ်ခရီးမသွား
ဖြစ်ပါ။ဆေးထိုးပြီး ၅ ရက်နောက်ပိုင်းနည်းနည်းနေထိုင်ကောင်းပါသည်။ဒီရက်မျိုးနှင့်ဆုံပြီးကိုယ်နှင့်ခင်သော
အဖွဲ့များနှင့်ကြုံပါကကျနော်သွားချင်ပါသည်။ဒါပေမယ့်ညအိပ်ခရီးကိုတော့ကျနော်မသွားချင်ပါ။
ဒီရက်များတွင်တွေ့မြင်နေရသောစာစောင်တွေမှာအုပ်စုလိုက်ကိုယ်နှင့်ပတ်သက်သောနေရာများကို
ကိုယ်ထိလက်ရောက်လှူနေကြသည်မှာကျနော်အရမ်းအားကျမိပါသည်။
အချို့လဲကိုယ်ကိုယ်ကိုကြော်ငြာနေသလားမှတ်ရပါသည်။
ဘာဘဲဖြစ်ဖြစ်ဒုက္ခရောက်နေသူများကိုကူညီခြင်းဖြင့်ဗုဒ္ဓအဆိုအရကုသိုလ်ရပါသည်။
ဒီဘ၀သာမကနောက်ဘ၀ထိဒီကုသိုလ်ပါသွားပါမည်။
ဒါပေမယ့်အပြင်ကိုထုတ်မပြောဖြစ်ခဲ့သောစကားများကိုကျနော့်ရင်ထဲမှာရှိနေပါသည်။
ဧရာဝတီတိုင်းသညိကျနော်တို့မြန်မာပြည်၏စပါးကျီဖြစ်ပါသည်။
ဧရာဝတီတိုင်းသားအများစုသည်စပါးစိုက်ကြပါသည်။လယ်ယာမြေပျက်စီး၊ကျွဲနွားများသေ၊မိသားစုဝင်အချို့ဆုံးပါး၊
 တောင်သူများ၏စိတ်ဓါတ်တော်တော်ကျနေပါသည်။သူတို့တွေမိုးစပါးအမှီစိုက်ပျိုးနိုင်ကြပါ့မလား။
အကယ်၍မိုးစပါးမမှီခဲ့ပါကသူတို့ဘ၀ကိုကျနော်တို့ပြည်သူများကကငါးလ၊ခြောက်လထိထောက်ပံ့ထားပါမှနွေစပါးပြန်စိုက်နိုင်ပါမည်။
သူတို့ဘ၀ရပ်တည်နိုင်ဘို့ကျနော်တို့ပြည်သူများမှာလဲတာဝန်ရှိပါသည်။ယခုဖြစ်ပျက်ခဲ့တာတွေရက်ပိုင်းသာရှိသေးပါသည်။
တစ်ယောက်တစ်လှည့်ဝိုင်းကူနေကြပါသည်။ နောက်မှာအချိန်တွေအများကြီးကျန်နေသေးပါသည်။
 ရေတက်ငဇင်ရိုင်းလိုတော့မလုပ်ကြပါနှင့်..တောင်သူများကိုသနားကြပါ။
1987 GEOLOGY မှာကျောင်းပြီးခဲ့သောကျနော့်ညီနှင့်သူငယ်ချင်းများတော်ကူး ရွာကိုသွားလှူမည်.
အချိန်ရရင်လိုက်ခဲ့ဘို့ကျနော့်ညီခေါ်နေပါသည်။သွားမည့်ရက်ကလဲသောကြာနေ့၊ကျနော်နေလို့ထိုင်လို့
ကောင်းသောရက်ဖြစ်ပါသည်။ကျနော်လိုက်ဘို့ဆုံးဖြတ်လိုက်ပါသည်။လှူကြမည်ဆိုတော့အဓိကဆန်ကို
ဘဲပြေးမြင်မိပါသည်။ကျနော်တို့ဆန်အိတ်တစ်ရာ ၀ယ်ပါသည်။ခေါက်ဆွဲခြောက်တွေလဲဝယ်ကြပါသည်။
ငါးသေတ္တာတွေလဲပါသည်။ကွမ်းခြံကုန်းမြို့အတွင်းမှာတည်ရှိသောတော်ကူးရွာကိုကျနော်တစ်ခါမှမရောက်ဘူးခဲ့ပါ။
ကျနော်ညီသူငယ်ချင်းများ၏ဇာတိရွာဖြစ်ပါသည်။ကျနော့်စိတ်ထဲဘယ်နေရာဒေသမဆိုဒုက္ခရောက်သူများကိုကိုယ်တိုင်လှူချင်နေပါသည်။
ကျနော့်ညီသူငယ်ချင်းနှစ်ယောက်က 14 ပေ CANTER တစ်စီးနှင့်ဒိုင်နာ
တစ်စီးငှါးပေးသည်။နောက်သူငယ်ချင်းနှစ်ယောက်တော်ကူးရွာကိုတစ်ရက်ကြိုပြီးဆင်းသွားကြသည်။
နံနက်ကိုးနာရီမှာဆုံကြသည်။ပစ္စည်းတွေလဲအားလုံးတင်ထားပြီးပြီ။ကျန်နေသေးသောသူငယ်ချင်းများကို
စောင့်နေကြပါသည်။နေ့လည်စာအတွက်အရှည်ကြီးတို့အမေထမင်းအိုးကြီးနှင့်ထည့်ပေးလိုက်သည်။
ခဏနေတော့ဟင်းအတွက်လ္ဘက်သုတ်ရောက်လာပါသည်။ထို့ပြင်ဆရာတော်တစ်ပါးကိုပါပင့်ဖိတ်ခဲ့ပါသည်။
အားလုံးကဘုန်းကြီးတစ်ပါးပါလို့အံ့သြနေကြသည်။ကျနော်တို့မြန်မာပြည်သည်ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်ပါ
သည်။လူတိုင်းသံဃာတော်များကိုလေးစားကြည်ညိုကြပါသည်။သည်လမ်းခရီးအခြေအနေကိုမည်သူမျှမသိ
ကြပါ။အရေးအကြောင်းကိစ္စပေါ်လာလျှင်ဖြေရှင်းပေးနိုင်ရန်ဆရာတော်ကိုပင့်လာရခြင်းဖြစ်ကြောင်းရှင်းပြမှ
အားလုံးသဘောပေါက်သွားကြပါသည်။ဆရာတော်ပါလာသောကြောင့်အားလုံးလဲကျေနပ်သွားကြပါသည်။
သူငယ်ချင်းများ၏အတွေးကိုချီးကျူးမိပါသည်။ကျနော်ပင်လျှင်ဤသို့မတွေးမိခဲ့ပါ။
နံနက်၉း၀၀နာရီမှစ၍ထွက်လာခဲ့ကြပါသည်။လှိုင်သာယာမှတွံတေးလမ်းအတိုင်းလာခဲ့ကြပါသည်။
မိုးတဖွေးဖွေးကြားထဲကခရီးထွက်လာကြပါသည်။ကွမ်းခြံကုန်းကို ၁၁း၀၀ နာရီ လောက်မှာရောက်ပြီး
ကျနော်တို့ထမင်းစားကြပါသည်။အရှည်ကြီးအမေထည့်ပေးလိုက်သောထမင်းနဲ့လ္ဘက်သုပ်ကိုဖေါ့ဗူးထဲမှာ
ထည့်ပြီးစားကြပါသည်။ကွမ်းခြံကုန်းကိုမရောက်တာ ၁၃ နှစ်လောက်ကြာနေပြီ။ယခင်အခြေအနေ
ယခုမြင်နေရသောမြင်ကွင်းတွေကြောင့်ဒီမြို့ရဲ့အခြေအနေကိုကျနော်မခန့်မှန်းတတ်တော့ပါ။
သွားရာလမ်းတစ်လျှောက်မြင်နေရသောမြင်ကွင်းများအားလုံးအတူတူပါဘဲ။သစ်ပင်ကြီးတွေပြိုလဲနေကြ
သည်။လမ်းပေါ်မှာပိတ်နေကြသည်။ကားများသွားလာရုံလမ်းရှင်းထားကြသည်။လယ်ကွင်းထဲမှာရေတွေ
လဲပြည့်လျှံနေသည်။အိမ်တွေလဲပြိုလဲနေကြသည်။မြင်ရတာတွေစိတ်မကောင်းစရာပါ။
ကျန်ခဲ့သောမိသားစုများလဲရှိတာလေးနှင့်ပြင်ဆင်နေကြဆဲ။
ဒီမြင်ကွင်းကိုကြည့်ရင်းအရင်ကဖြစ်နိုင်သောမြင်ကွင်းကိုစိတ်ထဲမှာခန့်မှန်းကြည့်ပါသည်။
လမ်းတစ်လျောက်စိမ်းစိုနေသောသစ်ပင်များ၊စိမ်းလန်းနေပြီးလေ
တိုက်တိုင်းဘယ်ညာယိမ်းနွဲ့နေသောစပါးကွင်းများအလယ်ကလယ်စောင့်တဲများ၊
ရွေရောင်တောက်ပြောင်နေသောဘုရားထီးတော်များခန့်ညားထည်ဝါနေသောဘုန်းကြီးကျောင်းများ.
ဒါတွေအားလုံးပြောင်းလဲကုန်ပါပြီ.ဘယ်အရာမှမတည်မြဲပါ။အားလုံးအနိစ္စ..
MP3 ကိုထုတ်ပြီးနားကြပ်ကိုနားမှာတပ်လိုက်ပါသည်။
အရှုံးမပေးနှင့်မိငယ်ရယ်..
ရဲရင့်မှကျော်ဖြတ်သွား..
အများအကျိုးအတွက်တာဝန်ထမ်းရွက်တဲ့အခါ..
တစ်ကယ်ကိုယ်ကျိုးစွန့်နိုင်မှ
နေ၀င်ညကိုကူးဖြတ်ပြီးမှ
ရောင်နီသာတဲ့..နေ့သစ်ကိုရောက်မယ်.
ယုံကြည်ခြင်းနှင့်ကြိုးစားထားမှ..တစ်ချိန်မှာအောင်မြင်လွတ်မြောက်နိုင်မယ်လေ
သံသရာလမ်းဟာမချောမွေ့တတ်တော့
တာဝန်ကိုယ်စီအားတင်းရှေ့ဆက်လမ်း
အရှုံးမပေးနှင့်မိငယ်ရယ်.
စာရွက်အပိုင်းအစတွေမှာရေးခြစ်ထားသောကဗျာတွေကိုစုစည်းပြီးကိုနေ၀င်းကရေးစပ်သီကုံးးခဲ့တာပါ။
သူ့သီချင်းသံစဉ်တွေကိုကျနော့်သူငယ်ချင်းစိုင်းလှဝင်းအခန်းမှာရှာဖွေပြီးသီဆိုခဲ့ပါသည်။
ကိုနေ၀င်းသံစဉ်ရှာပြီးသီချင်းစာသားသွင်းနေတာကိုကျနော်တို့အားလုံးပါးစပ်ဟပြီးငေးကြည့်နေခဲ့ပါသည်။
အနုပညာဈာဉ်ကျနော်တို့ကိုပါကူးစက်ခဲ့ပါသည်။ခင်မောင်တိုးသီချင်းကိုနား ထောင်ရင်းတော်ခရမ်းကို
ရောက်လာပါပြီ။ကျနော်တို့ခရီးမဆုံးသေးပါ၊ခရီးဆက်ရပါအုံးမည်။
မိုးရွာထားကြောင့်မြေလမ်းမှာဗွက်ထနေပြီးလမ်းနည်းနည်းဆိုးပါသည်။ဆန်အိတ်တွေတင်ထားသောကားများတအိအိနှင့်
ခရီးဆက်နေပါသည်။ကားဟွန်းတီးသံကြား၍ဒရိုင်ဘာလမ်းဖယ်ပေးလိုက်ပါသည်။
လေးဘီးယက်သောဟိုင်းလတ်ကားနှစ်စီးပေါ်မှာစားစရာ၊ခေါက်ဆွဲဖာ၊မုန့်ခြောက်၊များအပြည့်တင်ထား
ပါသည်။ဘယ်နေရာကိုသွားလှူကြမလဲ..ကျနော်မသိပါ။ကားပေါ်မှလူငယ်လေးများကိုကြည့်ပြီးကျနော်ချီးကျူးမိပါသည်။
လူငယ်ပေမယ့်လည်းမြင့်မြတ်သောစိတ်ဓါတ်ကိုလေးစားမိပါသည်။
တော်ခရမ်းလွန်လာသောအခါလမ်းဘေးဝဲယာလူတွေကိုတွေ့လာ
ပါသည်။အချို့လဲလယ်ကွင်းစပ်များမှာအုပ်စုလိုက်ထိုင်နေကြသည်။ကားလမ်းဘေးမှာတော့ခလေးတွေများ
ပါသည်။ ဆန်ပေးပါ.စားစရာပေးပါ..ခလေးများ၏အသံများကကျနော့်နားထဲသံရည်ပူလောင်းထည့်လိုက်သလိုဘဲ။
ရင်ထဲမှာနင့်သွားရပါသည်။သူတို့မိဘတွေမောင်နှမတွေဘယ်မှာလဲ..ကျနော်တို့ရှေ့ကဟိုင်းလတ်ကားရပ်ပြီးခေါက်ဆွဲဖာတွေပေးဝေနေ
ကြပြီ။ခဏအတွင်းမှာလူနှစ်ရာကျော်လောက်ဖြစ်လာသည်။သူတို့မှာလည်းဦးတည်သောရွာရှိမှာပါ။
ဒီလူအုပ်လေးနှင့်သူတို့မှာပါသောပစ္စည်းခဏလေးအတွင်းကုန်သွားနိုင်ပါသည်။
သူတို့လဲကြံရာမရဖြစ်နေပုံရပါသည်။ခေါက်ဆွဲထုတ်များကိုလမ်းဘေးဝဲယာသို့မိုးပေါ်သို့မြှောက်ပြီးပစ်ပေးပါ
သည်။လူများလဲမိုးပေါ်ကကျလာသောပစ္စည်းများကိုအလုအယက်လုနေကြပါသည်။ကားပေါ်မှလူငယ်လေး
များသည်အလဲလဲအပြိုပြိုလုယက်နေပုံများကိုတဟားဟားရီမောပြီးဗီဒီယိုကင်မရာနှင့်မှတ်တမ်းတင်နေပါ
သည်။ပြီးနောက်ကားကိုအမြန်မောင်းထွက်သွားကြပါသည်။
စားရမယ့်သောက်ရမယ့်လူများအဖို့မရှက်နိုင်ပါ။အတူတူပါလာသောဆရာတော်ကြီးလဲဒီမြင်ကွင်းကို
ကြည့်ပြီးစိတ်မသက်သာစွာနှင့်ငြီးငြူနေပါသည်။ကျနော့်ရင်ထဲမှာလဲစကားလုံးအချို့ကိုရေရွတ်နေပါသည်။
ဒါလူတွေ.လူတွေ ကံမကောင်းအကြောင်းမလှခဲ့၍စားရမဲ့သောက်ရမဲ့ဘ၀သို့ရောက်နေကြရသည်။
ဘယ်သူမှဒီလိုလုပြီးစားရသည့်ဘ၀မရောက်ချင်ပါ။ဒါပေမယ့်လည်းကျန်နေသေးသောမိဘများအတွက်၊
သားသမီးများအတွက်အရှက်ကိုမငဲ့နိုင်ပါ။အလုအယက်အလဲလဲအပြိုပြို.
လူကြီးတွေဝင်လုကြတော့ခလေးတွေအလိုလိုနေရင်းဘေးရောက်ကုန်ပါသည်။
သူတို့လေးတွေလက်ထဲမှာနတ္ထိ..ပစ္စည်းမရသောသူတွေကများနေပါသည်။လူတွေအများစုလည်း
စိတ်ဆိုးနေကြပါသည်။ဒီပြဿနာဒီမှာပြီးမသွားပါ၊နောက်မှလိုက်လာသောကျနော်တို့ကားနှစ်စီးဆီသို့ဦး
တည်လာနေပါပြီ်။လူတွေတဖြေးဖြေးများလာပါသည်။ကျနော်တို့ကားဆက်သွား၍မရအောင်လမ်းမကို
လူအုပ်ကြီးကပိတ်ဆို့ထားသည်။ဆန်အိတ်ချပေးဖို့တောင်းဆိုနေကြသည်။ကားဘီးနည်းနည်းလိမ့်လိုက်
တော့ဒေါသဖြစ်နေသောလူအချို့ကားဘော်ဒီကိုပြေး၍ဆောင့်ကန်ကြသည်။လက်တွေနဲ့ထုကြသည်။
များပြားလှသောလူအုပ်ကြီးအလယ်မှာကျနော်တို့အားလုံးမျက်လုံးအ၀ိုင်းသားနှင့်ဖြစ်နေကြပါသည်။
လေဘေးဒုက္ခသည်တွေကိုကူညီဖို့ကျနော်တို့ရောက်လာခဲ့ကြသည်။
ယခုဒုက္ခသည်တွေကကျနော်တို့ဆန်အိတ်တွေကိုလုဖို့ကျိုးစားနေကြပြီ။
များပြားလှသောလူအုပ်ကြီး၊စိတ်ဆိုးဒေါသဖြစ်နေသောသူတို့အပြုအမူတွေကိုမြင်မိပြီးပါလာခဲ့သော
ကျနော့်ညီမငယ်တွေ စိုးရိမ်ထိတ်လန့်စွာဖြင့်ငိုကြွေးနေကြပြီ၊
ကဲကျနော်တို့ဘာဆက်လုပ်ကြမလဲ။
ပစ္စည်းများကိုမြင်ပြီးလိုချင်တပ်မက်မှုကြောင့်လောဘဆိုတာဖြစ်လာရတယ်။
အလုအယက်လုကြသောကြောင့်မရသောသူများကဒေါသဆိုတာဖြစ်လာရတယ်။
ထိုဒေါသကြောင့်မစဉ်းစားမဆင်ခြင်နိုင်ကြတော့ဘဲသတိလက်လွတ်ဖြစ်ကာမောဟစိတ်နှင့်ကျနော်တို့အား
ရန်ပြုဖို့အထိဖြစ်လာကြပါသည်။ အော်..လောဘ၊ဒေါသ၊မောဟ ဆိုတာဒါပါလား။
ဟေ့ ဒကာကားရပ်လိုက်ဒီပြဿနာဘုန်းကြီးရှင်းမှပြီးတော့မယ်
ဆရာတော်ပြောပြောဆိုဆိုကားပေါ်မှဆင်းသွားပါသည်။ကျနော်တို့ဗုဒ္ဓဘာသာတိုင်းပြည်တွင်အရေးရယ်၊
အကြောင်းရယ်၊မီးရေး၊ထင်းရေး၊ကအစဘုန်းကြီးများအများဆုံးအကူအညီပေးလေ့ရှိကြသည်။
ယခုလည်းဆရာတော်မှတစ်ပါးအားကိုးစရာမရှိတော့ပါ။
ကဲကဲဒကာတွေဘုန်းကြီးအားလုံးကိုမေတ္တာထားတယ်။မင်းတို့ငတ်နေကြတယ်ဆိုတာလဲဘုန်းကြီးသိ
တယ်၊ဘုန်းကြီးအားလုံးကိုမျှမျှတတလုပ်ပေးမယ်၊ငါတို့ဆီမှာပါလာတဲ့ဆန်အားလုံးကိုတော့မယူကြနဲ့၊
တော်ကူးအလွန်ပင်လယ်ဝနားကဒကာတွေငတ်ပြီးသေကြရတော့မယ်၊မင်းတို့သူတို့တွေကိုကိုယ်ချင်းမစာဘူးလား၊
မင်းတို့ကမြို့နှင့်နီးသေးတယ်၊ငါ့ဒကာတွေတစ်ပတ်တစ်ခေါက်ရောက်မယ့်ဆန်ကိုဘဲမျော်နေကြတာ၊
မင်းတို့ယူလိုက်ရင်သူတို့တွေငတ်ပြီးသေကုန်လိမ့်မယ်၊မင်းတို့လဲဘ၀တူတွေပေါ်မေတ္တာထားကြပါ၊
ကိုယ်ချင်းစာစိတ်တွေမွေးကြပါ.ဆရာတော်ကြီးစကားထိရောက်ပါသည်။တချက်တည်းငြိမ်ကျသွားပါသည်။
ကျနော်တို့ကားမှဆန်အိတ်သုံးဆယ်ကိုချပေးလိုက်ပါသည်။အသက်နည်းနည်းကြီးသောလူ၅ ယောက်ကို
မျှမျှတတဝေပေးဘို့မှာကြားခဲ့ပါသည်။အကယ်၍များဆရာတော်မပါလာပါကဒီပြဿနာကိုကျနော်တို့ဘယ်လိုရှင်းကြမလဲ၊
အရေးရယ်အကြောင်းရယ်အရမ်းအားကိုးရပါသည်။ရွာထိပ်မှာကြိုရောက်နေသောသူငယ်ချင်းနှစ်ယောက်နှင့်အတူရွာခံဘုန်းကြီးများ၊
ဆရာမကြီးနှင့်ရွာလူကြီးများထွက်ကြိုနေကြသည်။
လမ်းမှာဆန်အိတ်သုံးဆယ်ချပေးခဲ့ရတဲ့အကြောင်းပြောပြတော့အားလုံးကိုယ်ချင်းစာ
စွာဖြင့် ပေးလိုက်ကြပါကွယ်.သူတို့လဲလိုအပ်နေကြပါတယ်..အားလုံးဘ၀တူတွေပါကွယ်
ဆရာမကြီးမေတ္တာစိတ်အပြည့်နှင့်စကားဆိုပါသည်။ဆရာမကြီးအိမ်မှာအားလုံးပစ္စည်းစုထားပါသည်။
ကြိုရောက်နေသောသူငယ်ချင်းနှစ်ယောက်ကရွာခံဘုန်းကြီး၊ရွာလူကြီး၊ဆရာမကြီးနှင့်တိုင်ပင်ပြီးပေးရမည့်သူများစာရင်းထုတ်ပြပါသည်။
ကျနော်တို့အားလုံးကျေနပ်ကြပါသည်။
ရွာခံဆရာတော်ကြီးကမျှဝေပေးပါလိမ့်မည်။ကျနော်တို့ပစ္စည်းအားလုံးစာရင်းကိုရွာခံများသို့လွဲပေးခဲ့ပါသည်။
စိတ်ထဲမှာကျေနပ်ပါသည်။ကိုယ်တိုင်လှူခဲ့ရသောကြောင့်ဖြစ်ပါသည်။
ဆရာတော်ကြီးကရွာထဲလျှောက်ပြရင်းသူ့ကျောင်းဆီသို့ခေါ်ဆောင်လာခဲ့ပါသည်။
ကျောင်းရောက်လျှင်ဒီနေ့လှူခဲ့သောအလှူကိုရည်စူး၍ရေစက်ချအမျှအတန်းဝေဖို့စီစဉ်ထားပါသည်။
ကျနော်တို့၏အလှူအလုံးစုံပြီးမြောက်သွားပါပြီ။.ပြီးနောက် ဆရာတော်ကြီးကောက်ညှင်းပေါင်းပူပူ
နွေးနွေးချကျွေးပါသည်။ကောက်ညှင်းကိုမြင်တော့မှကျနော်တို့အားလုံးဆာလာပါသည်။
ပြဿနာတက်နေချိန်များတွင်ဆာရကောင်းမှန်းမသိပါ။သူငယ်ချင်းအားလုံးတစ်ယောက်တစ်လုပ်ယူစားမိပါသည်။
တောမှကောက်ညှင်းပေါင်းကိုကျနော်အရမ်းကြိုက်ပါသည်။
နောက်တစ်လုပ်စားဘို့လက်အလှမ်းနားထဲ
ခလေးငိုသံတွေသဲ့သဲ့ကြားလိုက်ပါသည်။မလှမ်းမကမ်းဓမ္မာရုံမှာဒုက္ခသည်များယာယီနားခိုနေကြသည်။
ခလေးငိုသံကိုအားလုံးကလည်းနားစွင့်နေကြသည်။
တိုက်ဆိုင်စွာဖြင့်ပေါက်ပြဲနေသောကျောင်းခေါင်မိုးမှရေတစ်စက်သည်ကျနော့်လက်ခုံပေါ်သို့မျက်ရည်တစက်အလား
ပေါက်ခနဲကျလာပါသည်။ကျနော်ဒုတိယအကြိမ်လှမ်းနေသောလက်..မယူရက်တော့ပါ။
လက်ကိုချက်ချင်းပြန်ရုတ်လိုက်ပါသည်။ကျန်သူငယ်ချင်းများလည်းသဘောပေါက်စွာဖြင့်လှမ်းနေသောလက်များကို
ပြန်ရုတ်သွားကြပါသည်။ဒါကိုဆရာတော်ကြီးရိပ်မိပါသည်။
ဒကာတွေစားကြပါ..ဆွမ်းစားဆောင်မှာလူတွေအားလုံးအတွက်လောက်ငှပါတယ်
စားကြစမ်းပါ..မင်းတို့လှူလို့လဲငါ့ဒကာတွေကိုကျွေးနိုင်တာပေါ့ မင်းတို့စားကြစမ်းပါ .
ဆရာတော်ကြီးဘယ်လိုပြောပြောကျနော်တို့ဆက်မစားကြတော့ပါ။
ကျနော်တို့ညနေအိမ်ပြန်ရောက်ရင်အစားအသောက်အဆင်သင့်ရှိပါသည်။
သူတို့မှာပြန်စရာအိမ်မရှိပါ..ချက်စရာဆန်မရှိပါ.
ဘုန်းကြီးကျောင်းမှာအားကိုးတကြီးနေနေရသည်။ဘုန်းကြီးကျွေးမှသူတို့စားရပါမည်။
ကျနော်တို့စားလိုက်သောကြောင့်သူတို့တွေဝေစုနည်းကုန်ပါမည်။မစားရက်တော့ပါ။
ဒီနေ့ပိုနေသောကောက်ညှင်းသည်မနက်ဖြန်အတွက်ဖြစ်ပါသည်။ဒီနေ့လှူခဲ့ရသလို
နောက်ထပ်လည်းလှူပါရစေလို့ဆရာတော်ကြီးကိုဦးချနှုတ်ဆက်ရင်းဆုတောင်းခဲ့ပါသည်။
ရေတက်ငဇင်ရိုင်းလိုဘ၀မျိုးမဖြစ်ပါစေနှင့်.ဒုက္ခသည်များကိုသနားကြပါ။
ဒီနေ့အိမ်ပြန်ရောက်တော့ည ၉း၀၀ နာရီထိုးနေပြီ။
အလုံးစုံပြီးမြောက်ပြည့်စုံခဲ့သောအလှူကိုပြန်စဉ်းစားရင်းရင်ထဲမှာအရမ်းကျေနပ်အားရမိပါသည်။
ပြုသမျှကောင်းမှုအစုစုကို ၃၁ ဘုံသားအားလုံး အမျှ.အမျှ.အမျှ ..ယူကြပါ။
ရည်မှန်းထားသောရွာသို့ဆန်အိတ်တစ်ရာလုံးမရောက်ဖြစ်ခဲ့ခြင်းအတွက်စိတ်ထဲမှာတော့မကောင်းပါ။
လမ်းမှာကြုံတွေ့ရသောအတွေ့အကြုံကိုလည်းပြန်သုံးသပ်မိပါသည်။လမ်းပေါ်မှာဆန်အိတ်သုံးဆယ်ယူခဲ့
သောလူတွေအကြောင်းကိုလဲပြန်စဉ်းစားမိပါသည်။
သူတို့တွေဒီပုံစံမျိုးနဲ့လာသမျှကားတွေဆီကအမြဲတမ်းခွဲယူနေကျလား။
မြန်မာလူမျိုးများကဒုက္ခသည်ဆိုပြီးရက်ရက်ရောရောပေးကမ်းနေကြသည်။
ဒါကိုဒီလူတွေအခွင့်ကောင်းယူနေကြသလား။
လယ်ယာပျက်စီး၊ကျွဲနွားသေ၊မိသားစုအချို့ဆုံးပါးကိုယ်တိုင်ကစိတ်ဓါတ်ကျနေသောသည်လူတွေစားရမဲ့
သောက်ရမဲ့ဘ၀ရောက်နေလို့ဒီလိုလုပ်တာလား။
သည်လိုပုံစံမျိုးနှင့်ကြာလာရင်အလုပ်လုပ်ချင်စိတ်ပျောက်ပြီးရေသာခို၊အချောင်ရလိုစိတ်များသွားပြီးစိတ်ဓါတ်
ပျက်မှာကိုလဲစိုးရိမ်မိပါသည်။
ကြာလာရင်လယ်ယာအလုပ်ကိုပြန်လုပ်ချင်စိတ်ရှိပါ့တော့မလား။
သူတို့တွေတစ်ကယ့်ဒုက္ခသည်တွေရောဟုတ်ပါရဲ့လား။
ဒီလိုမျိုးလည်းမထင်ရက်ပါ။ထင်လဲမထင်ချင်ပါ။
ဆရာတော်ကြီးနှင့်အတူရွာထဲလျှောက်ကြည့်ရင်းချောင်းရိုးအနားရောက်တော့နှာခေါင်းထဲသို့
မရင်းနှီးသောအနံ့တစ်ခုနှာခေါင်းထဲကိုတိုးဝင်လာပါသည်။
ဒကာကြီး.ဒီဘက်နားတိုး.ဒီနားလေးမှာမရှင်းရသေးတာတွေရှိတယ်.
ဒါကိုကြည့်ပြီးတရားရှုတတ်ရမယ်.ဘုန်းကြီးတို့အားလုံးတစ်နေ့ဒီခရီးကိုဆိုက်ရလိမ့်မယ်..
ဘယ်အရာမှမတည်မြဲပါဘူး..အနိစ္စ၊ ဒုက္ခ၊အနတ္တ..
ချောင်းစပ်ရှိခြုံတောအောက်ကိုကျနော်မကြည့်ရက်ပါ။ကြည့်လဲမကြည့်ဝံ့ပါ။
နောက်ဆုံးထွက်သက်ဘယ်လောက်ခက်မလဲဆိုတာကိုခန့်မှန်းမိပါသည်။အိပ်ရာထဲမှာနေရင်းဒီအနံ့ကိုပြန်
သတိရမိပြီးပျို့အန်ချင်သလိုလိုစိတ်ထဲမှာမသက်မသာဖြစ်မိပါသည်။တစ်ကယ်တော့ငါတို့တေ

ွအားလုံးဒီခရီးကို
လျှောက်လှမ်းနေကြတာပါ။ဘယ်လိုမှရှောင်လွဲ၍မရပါလူသားအားလုံးဟာခရီးသည်တွေပါ။..
အိပ်ရာထတော့ဒီနေ့စနေနေ့ကျနော်စီပိုးသတ်ဆေးထိုးရမည့်နေ့.RIBAVIRIN ဆေးတစ်နေ့နှစ်ကြိမ်သောက်နေရသည်။
PEGASYS တစ်ပတ်တစ်ကြိမ်ထိုးနေရသည်။နောက်ထပ်ဆေးထိုးရန်ခြောက်လကျန်သေးသည်။
မနက်အိပ်ရာထမှာကျနော်ခန္ဓာကိုယ်ပေါ်မှာအနီကွက်များပြည့်နေသည်။ပထမနဲနဲယားပါသည်။
နောက်ပြီးပို၍ယားလာပါသည်။ပိုဆိုးတာက၀မ်းပျက်ဝမ်းလျောနေပါသည်။
ဒီခရီးလမ်းကိုကျနော့်လိုလူမသွားသင့်ဆိုတာကျနော်သိနေခဲ့ပါသည်။စိတ်ထဲမှာလဲအလှူတစ်ခုကိုပြီးမြောက်စေချင်သည်။
ထင်ထားသည့်အတိုင်းဆရာကျနော့်ကိုသတိပေးစကားပြောခဲ့ပါသည်။ဤဆေးထိုးနေစဉ်
အတွင်းကူးစက်ရောဂါဖြစ်ပွားလွယ်သောဒေသများကိုမသွားပါနှင့်၊ ဆေးထိုးပြီးသောက်ဆေးပေးပါသည်။
PEGASYS ဆေးသည်ဗိုင်းရပ်စီကိုသတ်နေသောကြောင့်သွေးတွင်းရှိသွေးနီဥများ၊သွေးဖြူဥများလည်း
ပျက်စီးစေပါသည်။သွေးနီဥ၊သွေးဖြူဥလျော့နည်းလာသောကြောင့်ပြင်ပရောဂါပိုးများကိုခုခံကာကွယ်သော
စွမ်းရည်ကျလာပါသည်။ဆရာသတိပေးစကားကျနော်လိုက်နာရပါမည်။
ဒီနေ့ညပုသိမ်မှဗျော့ကြီးဖုန်းဆက်လာပါသည်။ကိုဌေးနှင့်သူ့သမီးငယ်ကျန်ရစ်ခဲ့သည်။
သူ့အမျိုးသမီးနှင့်သားကြီးအခုထိရှာမတွေ့သေး။ကိုဌေးတစ်ယောက်နာဂစ်ရဲ့ရိုက်ချက်ကြောင့်စိတ်နောက်
သလိုလိုဖြစ်နေသည်။ရင်ထဲမှာမကောင်းပါ၊စိတ်ဓါတ်ကျနေသောသူငယ်ချင်းကိုကိုယ်တိုင်နှစ်သိမ့်အားပေး
ချင်ပါသည်။ကျနော်လုပ်နိုင်မယ်မထင်တော့ပါ။ဆရာသတိပေးစကားနှင့်ကိုယ်ခံစားနေရသောဝေဒနာတွေ
ကြောင့်ပါ။ ရင်ထဲမှာဤစကားလုံးများကိုအကြိမ်ကြိမ်ရေရွတ်နေမိပါသည် ။
ငါ့ ..ကိုခွင့်လွတ်ပါ..သူငယ်ချင်း

        
        
        
        
        
        
        
        

နာဂစ် အပိုင်း သုံး (သို့) ပြင်စလူ သို့ဆက်ဖတ်ပါရန်
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit