Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

၂၀၁၂-ခုနှစ်မှာ ကမ္ဘာကြီးတကယ်ပျက်မှာလား ???

အခုတစ်လောအင်တာနက်၊စာနယ်ဇင်း၊ရုပ်ရှင်တွေမှာပလူပျံနေသောကောလဟာလပညာရှင်အချို့တို့၏
ပယောဂတို့ကြောင့်ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ် ၁၂ လမြောက်သည့်ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်ကမ္ဘာလောကကြီး
အမှန်တကယ်ပျက်တော့မှာလားဟူသည့်စိုးရိမ်ကြောင့်ကြမှုများလူအတော်များများတွင်ဖြစ်ပေါ်နေကြသည်
ဟုကြားသိရပါသည်။ထို့အပြင် ယခုအခါ မုန်တိုင်း၊ငလျှင်စသည့်သဘာဝဘေးအန္တရာယ်တို့ကလည်း ဟိုနေရာ
ဖြစ်လိုက်၊ ဒီနေရာဖြစ်လိုက်နဲ့ ဆိုးဆိုးရွားရွားဖြစ်ပေါ်လျှက်ရှိနေပြီး လူပေါင်းများစွာသေကြေပျက်စီးနေကြသည်
ကိုလည်းတွေ့မြင်ကြားသိနေကြရပြန်ပါသည်။မြွေပူရာကင်းမှောက်ဆိုသလို AIDS,bird Flu, A H1 N1 စသည့်
ရောဂါဆိုးအမျိုးမျိုးတို့ကလည်းထပ်လောင်းဖိစီးနှိပ်စက်နေကြပြန်ပါသည်။အမျိုးမျိုးအဖုံဖုံကမ်းကုန်အောင်ကမ္ဘာ
ဖျက်လက်နက်ခဲယမ်းမီးကျောက်တို့ကိုတီထွင်စွဲကိုင်လျှက်တစ်ဦးနှင့်တစ်ဦးရန်လိုခြိမ်းခြောက်နေကြသောလူ
ကြမ်းသူကြမ်းများကြောင့်လည်းကမ္ဘာသူကမ္ဘာသားအပေါင်းတို့အဖို့လည်းရတက်မအေးဖွယ်ရာနေ့ရက်များလည်း
ဖြစ်နေရပြန်ပါသည်။ထိုမျှသာမက ထူးထူးဆန်းဆန်းအဖြစ်အပျက်များကလည်းကမ္ဘာတစ်လွားတွင်တစ်နေ့တစ်
မျိုးမရိုးရအောင်ဖြစ်ပေါ်နေကြပြန်ရာထင်ရာမြင်ရာအတိတ်နိမိတ်ကောက်ဟောပြောတတ်သူအချို့ကြောင့် လူအ
များအဖို့ သို့လောသို့လောနှင့်ပူပန်သောကဖြစ်စရာတွေထပ်ဆင့်လာရပြန်ပါသည်။
ထိုသို့သောအကြောင်းရပ်တို့ကိုသံသယတွေးများနှင့်မေးလျှောက်လာသည့်ပုဂ္ဂိုလ်ကြီးငယ်အသီးသီးအတွက်သာမက
ကမ္ဘာကြီးတစ်ကယ်ပျက်တော့မှာလားဟူသောသံသယဖြင့်စိုးရိမ်ထိတ်လန့်နေကြသောလူအများ၏ထိတ်လန့်စိုးရိမ်မှု
ပြေပျောက်စေရန်ရည်သန်လျှက် တာဝန်သိသူမှာ တာဝန်ရှိသည် ဟူသည်နှင့်အညီကမ္ဘာ့အကြောင်းကိုလက်လှမ်းမီသမျှ
ကြိုးစားရှာဖွေ၍ ဤဆောင်းပါးကိုရေးသားလိုက်ပါသည်။
ကမ္ဘာဟူသောစကားသည် ကပ္ပ-ဟူသောပါဠိဘာသာမှဆင်းသက်လာသောစကားဖြစ်၏။နှစ်ပေါင်းမည်
မျှကြာမည်ဟုဂဏန်းချ၍မရေတွက်မသတ်မှတ်နိုင်၊ကြံဆ၍သာသိနိုင်သောအချိန်ကာလအပိုင်းအခြားတစ်ခုကို
ဆိုလို၏။အလျှားအနံအမြင့်အားဖြင့်တစ်ယူဇနာ(၈ မိုင်ခန့်)စီရှိသောဂိုထောင်အတွင်း၌ အလွန်သေးငယ်လှသော
မုန်ညှင်းစေ့တို့ကိုအပြည့်ထည့်ထားပြီးလျှင်အနှစ်တစ်ရာတစ်ခါပြည့်မှတစ်စေ့ထုတ်ယူပစ်သဖြင့်ထိုမုန်ညှင်း
စေ့ကုန်သွားသော်လည်း ကပ္ပ-(ကမ္ဘာ) ဟုခေါ်သောအချိန်ကာလကားကုန်ဆုံးမည်မဟုတ်သေး၊
ထိုထက်အနည်းငယ်ကြာသေး၏ဟုကြံဆ၍သိအပ်ကြောင်းထေရ၀ါဒကျန်းစာများ၌မိန့်ဆို၏။
ဤစကားရပ်ကိုထောက်ဆ၍ပါဠိလို ကပ္ပ- မြန်မာလိုကမ္ဘာ-ဟူသည်မှာရှည်လျှားလှစွာသောအချိန်ကာလ
တစ်ခုကိုဆိုလို၏။မှန်၏-သတ္တ၀ါတို့၏မှီရာနေရာမြေ၊ရေ၊လေ၊ကောင်းကင်၊အိုးအိမ်တိုက်တာ၊အဆောက်အဦး၊
တော၊တောင်၊သမုဒ္ဒရာ၊ကျွန်းကြီး၊ကျွန်းငယ်အသွယ်သွယ် နေ၊လ ၊နတ္ခတ်တာရာ စသည်တို့ဖြင့်ဖွဲ့စည်းထားသော
စက်ဘီးသဏ္ဍာန်ကဲ့သို့ စကြာဝဠာတောင်တန်းကြီးတစ်ခု ၀ိုင်းဝန်း၍တည်ရှိသောသြကာသလောက
ဓါတ်စကြာဝဠာကမ္ဘာတစ်ခု၏သက်တမ်းကိုအတိအကျမရေတွက်နိုင်ပါ။
သို့သော် အစရှိလျှင် အဆုံးရှိစမြဲ၊အဖြစ်ရှိလျှင်အပျက်ရှိစမြဲ ဖြစ်ရကားထိုကမ္ဘာတစ်ခု၏သက်တမ်းကို
ဗုဒ္ဓ-အစရှိသော ပညာရှိတို့၏အဆိုအမိန့်အတိုင်းလေ့လာကြပါစို့



ထိုကပ်ကမ္ဘာသည်
၁။ ပျက်စီးနေဆဲအနေအထားအချိန်ကာလ သံဝဋ္ဋကပ်၊
၂။ တစုံတခုဖြစ်ပေါ်မှု မရှိသေးဘဲ အပျက်အတိုင်းတည်ရှိနေသော အနေအထားအချိန်ကာလ သံဝဋ္ဋဌာယီကပ်၊
 ၃။ ပြန်လည်ထူထောင်ရေးကာလ ၀ိဝဋ္ဋကပ်၊
၎။ ထူထောင်ပြီးသည့်အတိုင်း တည်မြဲနေဆဲကာလ ၀ိဝဋ္ဋဌာယီကပ်-ဟု ၄-မျိုးရှိ၏၊
ထိုကပ်လေးမျိုး၏ အချိန်ကာလ သက်တမ်းကို အတိအကျ ဂဏန်းချ၍ ရေတွက်
သတ်မှတ်မရသောကြောင့် အသင်္ချေယျကပ်-ဟုခေါ်၏။ ထိုအသင်္ချေယျကပ်လေးမျိုးတို့တွင် ကမ္ဘာဖျက်
မိုးရွာသည်မှစ၍ မီးကြောင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် မီးလျှံရပ်စဲသည့်တိုင်အောင်၊ ရေကြောင့်ပျက်မည့် ကမ္ဘာဖြစ်လျှင်
ရေရပ်စဲသည့်တိုင်အောင်၊ လေကြောင့်ပျက်မည့် ကမ္ဘာဖြစ်လျှင် လေရပ်စဲသည့်တိုင်အောင်သောကာလသည်သံဝဋ္ဋကပ်(ပျက်ဆဲကပ်)
မည်၏။
မီး-ရေ-လေ တခုခုကြောင့် ပျက်စီးပြီးသည်မှစ၍ ကမ္ဘာပြုမိုး ရွာသည့်တိုင်အောင်သော ကာလသည် သံဝဋ္ဋဌာယီကပ်(အပျက်အတိုင်းတည်နေသောကာလ)မည်၏။ ကမ္ဘာပြုမိုးရွာသည်မှစ၍ လောကကြီး၌ နေ၊လ၊ နက္ခတ်၊ ကြယ်တာရာတို့
ပေါ်ထွက်လာသည့် တိုင်အောင်သောကာလသည်ဝိ၀ဋ္ဋကပ်(ထူထောင်ရေးကာလ)
မည်၏။ နေ၊ လ၊ နက္ခတ်၊ ကြယ်တာရာတို့ ပေါ်ထွက်ပြီးသည်မှစ၍ နောက်ထပ်တဖန်
ကမ္ဘာဖျက်မိုးရွာသည့် တိုင်အောင်သောကာလသည် ၀ိဝဋ္ဋဌာယီကပ်(ဖွံ့ဖြိုးပြီးကာလ)မည်၏။
ယခုလက်ရှိ အချိန်ကာလပိုင်းသည် ၀ိဝဋ္ဋဌာယီအသင်္ချေယျကပ်ဖြစ်၏။
ထိုအသင်္ချေယျကပ် လေးကပ်ကိုပေါင်းမှ မဟာကပ်(တစ်ကမ္ဘာ)ဖြစ်၏၊
ဆိုလိုသည်မှာ ကမ္ဘာတစ်ခု၏ အနေအထားသည် ပျက်ဆဲကာလ၊ အပျက်အတိုင်းတည်ရှိကာလ၊
ထူထောင်နေဆဲကာလ၊ ထူထောင်ပြီး ဖွံ့ဖြိုးပြီးကာလ-ဟု အချိန်ပိုင်း ၄-ခုဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်-ဟုဆိုလို၏။ ထိုအသင်္ချေယျလေးကပ်တို့တွင် ယခုလက်ရှိ ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ်ဦးစအခါက
(တစ်နည်း-ကမ္ဘာဦးအခါက) လူတို့သည်အသက်အသင်္ချေ တည်နေကြရကုန်၏၊
ကာလရှည်လျားလတ်သော် လောဘ-ဒေါသ စသောအကုသိုလ်တရားများ တိုးပွားဖျက်ဆီးသဖြင့်
တဖြည်းဖြည်း ဆုတ်ယုတ်ကာ အသက်ဆယ် နှစ်တမ်းတိုင်အောင် ရောက်လာ၏၊
 ဤသို့ ဆုတ်ယုတ်လာသော အချိန်ကာလကို ဆုတ်ကပ်-ဟုခေါ်၏၊
ထိုအခါ ရောဂါဘယ ဘေးဆိုးကြီး၊ ခေတ်မီလက်နက်ဘေးဆိုးကြီး၊ ငတ်မွတ်ခေါင်းပါးမှု ဘေးဆိုးကြီး
တစ်မျိုးမျိုး(ကပ်ကြီးသုံးပါး တစ်ပါးပါး)ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကြေပျက်စီးကြရကုန်၏၊
အသက်တစ်ရာတမ်းအောက် ၁၀-နှစ်တမ်းတ၀ိုက်ဆီတွင် လောဘ-ဒေါသ-မောဟ အကုသိုလ်တရားများ
မည်မျှ သောင်းကျန်းလာသနည်း-ဟူမူ လိင်တူအချင်းချင်း ဆက်ဆံမှု၊ ဖခင်နှင့်သမီး၊ သားနှင့်အမိဖောက်ပြန်မှု၊
အချိန်မရွေး၊ နေရာမရွေး အရှက်မရှိသောင်းကျန်းမှု-တို့သည် လောကဓလေ့(ဖက်ရှင်) တခုကဲ့သို့ ဖြစ်လာ၏၊
လူသတ်လက်နက်တွေ အလိုလို အလျှံပယ် ပေါများပြီး လူသားအချင်းချင်း တိရစ္ဆာန်ကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်ကြ၏၊ မြို့ရွာတွေပျက်စီးကြကုန်၏။ သူတော်ကောင်းစိတ်ဓာတ်ရှိသူ အချို့သောလူတို့သည် ငါတို့ ကလဲ ဘယ်သူ့ကိုမှ မသတ်လို၊
ငါတို့ကိုလဲ ဘယ်သူကမှ မသတ်ကြပါစေနဲ့ ဟု မေတ္တာတရားရှေ့ရှုကာ ဘေးလွတ်ရာပြေးကြပြီး ခြုံပုတ်-တောအုပ်
ကျောက်ဂူ တောင်ကြား စသည်တို့၌ ပုန်းအောင်းနေထိုင်ကြကုန်၏။ နောက်ဆုံးခုနစ်ရက် လူသတ်ပွဲကြီးပြီး၍ မသေမပျောက်
ကျန်ရစ်ခဲ့သော ထိုလူသားအနည်းငယ်သည် သေကြေပျက်စီးသွားကြသော လူတွေကိုကြည့်ပြီး အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်ကာ
အချင်းချင်း လည်ပင်းဖက်၍ ဒို့ အသက်ရှင်နေကြသေးတယ်နော်၊ ဒို့ မသေကြသေးဘူးနော် ဟု ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။
တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ကူညီဖေးမစောင့်ရှောက်ကြရင်း စိတ်ဓာတ်ယဉ်ကျေးမှု ဗြဟ္မာစိုရ်တရားများ ပြန်လည်ထွန်းကားလာသည်နှင့်အမျှ ထိုလူတို့၏ အသက်တမ်းလည်း သားစဉ်မြေးဆက် တစ်ဆတက်၊တစ်ဆတက် တိုးတက်ကာ အသက်အသင်္ချေတိုင်အောင် ရှည်လာကြပြန်၏၊
 ဤသို့ ၁၀ -နှစ်တမ်းမှ အသင်္ချေယျတမ်းအထိ အသက်တမ်း ပြန်တက်လာသော အချိန်ကာလကို တက်ကပ်-ဟုခေါ်၏၊
ဤသို့သော ဆုတ်ကပ် တက်ကပ် တစ်စုံကို - အန္တရကပ်-တစ်ကပ်-ဟုခေါ်၏၊ ထိုကဲ့သို့သော အန္တရကပ်ပေါင်း ၆၄-ကပ်ပြည့်လျှင်
လက်ရှိ ၀ိဝဋ္ဋဌာယီအသင်္ချေယျ ကပ်ကမ္ဘာသည် ကုန်ဆုံးတော့၏၊ ကမ္ဘာပျက်တော့မည်ဖြစ်၏၊
သံဝဋ္ဋအသင်္ချေယျကပ်၊ သံဝဋ္ဋဌာယီအသင်္ချေယျကပ်၊ ၀ိဝဋ္ဋအသင်္ချေယျကပ်တို့၌ကား သတ္တ၀ါများ လူ့ပြည်နတ်ပြည်၌
မရှိခြင်းကြောင့် တက်ကပ်-ဆုတ်ကပ် အစုံတည်းဟူသော အန္တရကပ်တို့ဖြင့် မသတ်မှတ် မပိုင်းခြားနိုင်သော်လည်း
ဝိ၀ဋ္ဋဌာယီအသင်္ချေယျကပ်နှင့်
အချိန်ကာလ တူညီ၏-ဟု မှတ်ယူရမည်ဖြစ်၏။
ဝိ၀ဋ္ဋဌာယီအသင်္ချေယျကပ် (လက်ရှိကမ္ဘာကြီး)ပျက်ခါနီးလျှင် သတ္တ၀ါတို့သည် လွန်စွာတရားမဲ့ကြသည်-ဟုဆို၏၊
အမေကို မယားလုပ်၊ သားကိုလင်လုပ်သည့်အခြေအနေထိ ဆိုးရွားလာကြ၏၊ ဟိရီ-သြတ္တပ္ပတရားများ လုံးဝကင်းမဲ့ကြ၏၊
မေတ္တာတရား၊ အကြင်နာတရား ချမ်းသာသူကို ကြည်ဖြူနိုင်သော မုဒိတာတရားများ ခန်းခြောက်လာကြ၏၊
လူလူချင်း ညှင်းဆဲကြ၏၊ တစ်ယောက်စားရ တစ်ယောက်မနာလို မရှုစိမ့်ဖြစ်ကြ၏၊
ထိုခေတ်အခါမှာ ပေါ်ထွန်းသောဝါဒဆိုးကြောင့် တရားမဲ့ခြင်းကပင်လျင် ဂုဏ်ရှိသောလုပ်ရပ်-ဖြစ်နေတတ်၏၊
သို့သော် ကမ္ဘာမပျက်ခင်အနှစ်တစ်သိန်းက ကြိုတင်၍ ကမ္ဘာကြီး လုံးဝပျက်စီးတော့မည်-တဲ့ .ဟူသော ကောလာဟလ
ပေါ်ပေါက်လာမည်ဖြစ်၏၊ ထိုအခါ လောကဗျူဟာနတ်များက-လူ့ပြည်တွင်လှည့်လည်၍ အို..လူသားတို့ နောင်အနှစ်တစ်သိန်း
လွန်မြောက်သောအခါ ဤကမ္ဘာကြီးပျက်စီးတော့မည်၊ ပင်လယ်သမုဒ္ဒရာ၊ မြေ၊ မြင့်မိုရ်တောင်နှင့်တကွ ကမ္ဘာ့အဆောင်အယောင်အားလုံး ပျက်စီးချေတော့မည်၊ လူသားအချင်းချင်းမေတ္ထာထားကြပါ၊ ဗြဟ္မစိုရ်တရားလက်ကိုင်ထား ပွားများကြပါ၊ လူကြီးမိဘ ရိုသေကြပါ၊
ပြုစုလုပ်ကြွေးကြပါ၊ ကုသိုလ်ကောင်းမှုပြုကြပါ..ဟု သတိပေးနှိုးဆော်ကြွေးကြော်တိုက်တွန်းကြလေ၏။
ထိုအခါ လူသားတို့ နှင့်တကွ အချို့နတ်များပင် တုန်လှုပ်ခြောက်ခြား သံဝေဂပွားလျက် မဟုတ်တယုတ် တရားမဲ့ဝါဒများကို စွန့်ပယ်လျက် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ တရားဖက်ကြပြန်သောကြောင့် သေလျင်အထက်အထက်ဘုံများသို့  ရောက်ကြရလေသည်။
နောက်ဆုံး၌ လူ့ဘုံ၊ နတ်ဘုံနှင့်ပထမဈာန်ဗြဟ္မာ့ဘုံတို့ရှိ သတ္တ၀ါအများသည် ကမ္ဘာပျက်မည့်ဘေးမှ လွတ်မြောက်ရာ အထက်ဗြဟ္မာ့ပြည်တို့၌ ဗြဟ္မာများသာဖြစ်ကြရလေသည်။ ကမ္ဘာပျက်ခါနီးလျှင် လူ့ပြည်၌ မိုးကြီးသည်းထန်စွာရွာသွန်းပြီး မြည်းအော်သံကဲ့သို့
အသံကြီး မြည်ဟီးလျက် တချီတည်း မိုးပျက်လေတော့သည်၊ ထိုအခါ ကျန်ရှိသောလူသားအနည်းငယ်တို့သည် ကမ္ဘာဖျက် မိုးကြီးမှန်းမသိ၍ ပျော်ပျော်ပါးပါးပင် ကောက်ပဲသီးနှံ စိုက်ပျိုးကြလေကုန်၏၊ နွားများစားလောက် အပင်ပေါက်အရွယ် မိုးကျချိန်ရောက်၍ မိုးမရွာတော့မှ ပြင်းထန်စွာတုန်လှုပ်ခြောက်ချား သံဝေဂပွားလျက် ဗြဟ္မစိုရ်တရား လက်ကိုင်ထားကြလေတော့သည်၊ ထို့ကြောင့် သေသောအခါ လက်ကျန်လူသားအားလုံးလည်း အထက်အထက်ဘုံများ၌ ဖြစ်ကြလေ၏၊ နောက်ဆုံး ကမ္ဘာပျက်မည့်ဘေးမှလွတ်ရာ ဗြဟ္မာများသာ ဖြစ်ကြရမည်ဖြစ်၏၊ ငါးလိပ်စသော တိရိစ္ဆာန်နှင့် ပြိတ္တာ၊ နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူမှ တပါးသော ငရဲသားတို့လည်း ဘ၀ါဘ၀ကပြုခဲ့သော အပရာပရိယ ဝေဒနီယကုသိုလ်ကံကြောင့် သေသောအခါ နတ်ပြည်သို့သာ ရောက်ကြမည်ဖြစ်၏၊ နတ်ပြည်မှတဖန် ကမ္ဘာပျက်မည့်ဘေးလွတ်ရာ ဗြဟ္မာ့ပြည်သို့ ကူးကြလေကုန်၏။ (နိယတမိစ္ဆာဒိဋ္ဌိအကုသိုလ်ကံကြောင့် ငရဲ၌ကျနေသူတို့ကား အ၀ီစိငရဲဘုံသက်ဖြစ်သော သက်တမ်း မစေ့သေးလျှင် မပျက်သောကမ္ဘာသို့ ပြောင်းရွှေ့ခံကြရ၏ဟု ဆို၏၊ အယူမှောက်မှား ဖောက်ပြန်ခြင်း၏ ဆိုးကျိုးကားလွန်စွာကြောက်မက်ဖွယ်ကောင်း၏)
ကမ္ဘာစတင်ပျက်ပုံ
ဤသို့လျှင် သတ္တ၀ါအများ ဗြဟ္မာ့ပြည်လား၍ အောက်ဘုံများ၌ သတ္တ၀ါဟူ၍ မရှိတော့သောအခါ ပကတိနေ၀င်ပြီး တဆက်တည်းပင် ဒုတိယနေတစင်း ပေါ်လာလေ၏၊ နေ၀င်သည်ဟူ၍ မရှိတော့ပဲ အပူဓာတ်လွန်ကဲလာ၍ နုနယ်သော ကမ္ဘာ့အဆောင်အယောင်ပစ္စည်းများ စတင်ပျက်စီးလေ၏၊ ကာလအတော်ကြာလျှင် နောက်ထပ်နေတစင်း ပေါ်လာပြန်၏၊ အပူဒီဂရီလွန်ကဲလာ၍ မြစ်ရေများခန်း ခြောက်လာ၏၊ နေခုနစ်စင်းထိပေါ်လာသောအခါ ကမ္ဘာလောကတစ်ခုလုံး မီးဟုန်းဟုန်းထသဖြင့် ကမ္ဘာ့ ရေ၊ မြေ၊ တော၊ တောင်အားလုံး လောင်ကျွမ်းပျက်စီးကုန်တော့၏ ကမ္ဘာလောကဓာတ်တစ်ခုလုံး ပေါက်ကွဲ လောင်ကျွမ်း ပျက်စီးပြီးသည့်နောက် နေခုနစ်စင်းလည်း ကွယ်ပျောက်ကာ အမှောင်ထုကြီးကျလာလေ၏၊ အပါယ်လေးဘုံ ကမ္ဘာ့တိုက်ကြီးခြောက်တိုက်အပါအ၀င် လူ့ပြည်၊နတ်ပြည်၊ ပထမဈာန်ဗြဟ္မာ့ဘုံ သုံးဘုံအထိ စုစုပေါင်း ဘုံဌာန ၁၄-ခုလုံး ပျောက်ကွယ်သွားလေတော့၏၊ ဒုတိယဈာန် ဗြဟ္မာ့ဘုံအောက်တခွင် တပြည်လုံး၌ အာကာသကောင်းကင်ပြင်ကြီးသာ မင်းမူနေတော့၏၊ အမိုက်မှောင်ကြီးအတိဖြစ်နေ၏၊ ထိုဟင်းလင်း ပြင်ကြီးထဲ၌ တေဇောဓာတ်ဦးဆောင်သော ဥတုအသိုက်အအုံများ ဓာတ်နုများသာလျှင် ကောင်းကင်နှင့်အပြည့် ကျန်ရှိလေ၏၊ နောက်ထပ်တဖန် ဖြစ်ထွန်းပေါ်ပေါက်လာမည့် ကမ္ဘာလောကဓာတ်၏ မျိုးစေ့ဓာတ်ပင်ဖြစ်၏၊ ကမ္ဘာ့နိဂုံးချုပ် မိုးကြီးရွာသွန်းချိန်မှစ၍ ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံး လုံးဝပျက်စီးပြီး ကောင်းကင်နှင့် ဓာတ်နုများသာ ကျန်သည့်အချိန်အထိ တရွေ့ရွေ့ချင်းပျက်စီးနေသော ကာလအပိုင်းအခြားကို ပျက်ဆဲကမ္ဘာ (ကမ္ဘာပျက်သည်)-ဟုခေါ်၏။ လက်ရှိသင်တို့ငါတို့နေထိုင်သော ၀ိဝဋ္ဋဌာယီအသင်္ချေယျကပ်ကမ္ဘာတွင် အန္တရကပ်ပေါင်း (၆၄)ကပ် ရှိရမည်ဖြစ်၏၊ ပထမအန္တရကပ်၌ ကကုသန်မြတ်စွာဘုရားပွင့်တော်မူခဲ့၏၊ ဆုတ်ကပ်အသက်တမ်း လေးသောင်း၌ဖြစ်၏။ ဒုတိယအန္တရကပ်၌ ကောဏာဂုံမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ်အသက်တမ်း သုံးသောင်း၌ဖြစ်၏။ တတိယအန္တရကပ်၌ ကဿပမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ်အသက်တမ်း နှစ်သောင်းကာလ၌ဖြစ်၏။ စတုတ္ထအန္တရကပ်၌ ဂေါတမမြတ်စွာဘုရား ပွင့်တော်မူခဲ့၏၊ ဆုတ်ကပ်အသက်တမ်း တစ်ရာတမ်း၌ ဖြစ်၏။ ပဉ္စမအန္တရကပ်၌ မေတ္တေယျမြတ်စွာဘုရား ပွင့်တော်မူမည်ဖြစ်၏၊ ဆုတ်ကပ်အသက်တမ်း တစ်သိန်းတမ်း၌ဖြစ်၏။ ဘုရားရှင်တို့မည်သည် တက်ကပ်ကာလ၌ ပွင့်တော်မူရိုးထုံးစံမရှိ၊ အသက်တမ်း ဆုတ်ယုတ်သော ဆုတ်ကပ်ကာလ၌သာ ပွင့်တော်မူရိုးထုံးစံရှိ၏၊ တဖန်တက်ကပ်ကာလသည် မြန်ဆန်၍ ဆုတ်ကပ်ကာလသည် နှေးကွေးလေ့ရှိသည်ဟု မိန့်ဆိုကြ၏။ ကျန်သောအန္တရကပ် (၅၉)ကပ်တွင် ဘုရားသဗ္ဗညူ ပွင့်တော်မူမည်မဟုတ်။ သင်တို့ငါတို့နေထိုင်သော ဤကမ္ဘာဝယ် ဘုရားငါးဆူပွင့်တော်မူရကား ဘုရားအများဆုံးပွင့်သောကမ္ဘာ ဖြစ်၍ ဘဒ္ဒကမ္ဘာ (ကောင်းမြတ်သော ကမ္ဘာ)ဟု ခေါ်ကြ၏။ သင်တို့ငါတို့နေထိုင်သော ဤဘဒ္ဒကမ္ဘာသည် အန္တရကပ် (၆၄)ကပ်ပြည့်မှ တပြိုင်နက်ပျက်မည်ဖြစ်၏၊ ထို့ကြောင့် ကမ္ဘာကြီးပျက်ဖို့ရန် အတော်ပင်အချိန်ကြာလိမ့်ဦးမည်ဖြစ်လေသည်။ကမ္ဘာဖျက်လက်နက်ကြီးများ ဤကမ္ဘာလောကဓာတ်ကြီးကို ဖျက်ဆီးသော သဘာဝလက်နက်ကြီးများမှာ မီး၊ ရေ၊ လေတို့ဖြစ်ကြ၏၊ မီးကြောင့်ခုနှစ်ကြိမ်၊ ရေကြောင့်တစ်ကြိမ်အလှည့်ကျပျက်စီးပြီးလျှင် ၆၄-ကြိမ်မြောက်၌ လေတစ်ကြိမ်ဖျက်သည် ဟုဆို၏၊ မီး-ကြောင့်ပျက်လျှင် ပထမဈာန် အာဘဿရာဗြဟ္မာဘုံအထိ ပျက်၏၊ ရေ-ကြောင့် ပျက်လျှင် ဒုတိယဈာန် သုဘကိဏှာဗြဟ္မာဘုံအထိ ပျက်၏၊ လေ-ကြောင့်ပျက်လျှင် တတိယဈာန် ဝေဟပ္ဖိုလ်ဗြဟ္မာဘုံအထိ ပျက်သည်ဟုဆိုကြ၏။ သို့ဖြစ်၍ ၆၄-ကမ္ဘာ၊ ၆၄-ကြိမ်ပျက်ရာ၌ မီး-ဖျက်(၅၆)ကြိမ်၊ ရေ-ဖျက်(၇)ကြိမ်၊ လေ-ဖျက် (၁)ကြိမ်ဖြစ် လေသည်၊ ဤသို့လျှင် ၆၄-ကမ္ဘာတစ်တွဲကို မီး၊ ရေ၊ လေတို့က ဆိုခဲ့ပါအစီအစဉ်အတိုင်း အလှည့်ကျဖျက်ဆီးကြ လေသည်။ တဖန် အချိန်တန်က ကမ္ဘာလောကကြီး ပြန်လည်ဖြစ်တည်ထွန်းကား လာဦးမည်ဖြစ်၏။ ဤသို့သောစနစ်ကို မည်သည့်တန်ခိုးရှင်ကမှ ဖန်တီးသည်မဟုတ်၊ မည့်သည့်ထာဝရဘုရားသခင်မှလည်း တားဆီးနိုင်ခွင့်ရှိမည်မဟုတ်၊ သဘာဝတရားတို့၏ ဓမ္မနိယာမဖြစ်စဉ်တစ်ခုပင်ဖြစ်လေ၏။ ခရစ်ယာန်ကျမ်းစာများက ဤကမ္ဘာလောကကို ထာဝရဘုရားသခင်က ဖန်ဆင်းသည်ဟုဆို၏၊ အစ္စလာမ်ကျမ်းများက တေဇောတေဇ ကွတ်ရတ် တန်ခိုးတော်ဖြင့် အလ္လာာအရှင်မြတ်က ဖန်ဆင်းသည်ဟု ဆို၏၊ ဗြဟ္မဏ၀ါဒီများကမူ ဤကမ္ဘာလောကကြီးကို ဗြဟ္မာကြီးက ဖန်ဆင်းသည်၊ ဗိဿနိုးနတ်မင်းက စောင့်ရှောက်သည်၊ သီဝနတ်မင်းက ဖျက်ဆီးသည်ဟု ဆိုကြ၏၊ သိပ္ပံပညာရှင်များက ဓာတ်ငွေ့များစုပေါင်း ပေါက်ကွဲရာမှ ကမ္ဘာလောကဓာတ်ကြီး ဖြစ်ထွန်းလာသည်ဟုပြောကြ၏၊ ဗုဒ္ဓကျမ်းစာများကမူ ယခင်ကမ္ဘာဟောင်းပျက်စဉ်က ကျန်ရှိနေသော ဥတု၊ တေဇော၊ ဓာတ်နုဓာတ်ငွေ့များနှင့် မပျက်သော ဗြဟ္မာ့ပြည်၌ ရှိနေကြသော သတ္တ၀ါတို့၏ ကံအစွမ်း ဟူသော ဓမ္မနိယာမလမ်းစဉ်အရ ကမ္ဘာလောကဓာတ်ကြီး ပြန်လည်တည်ရှိ ထွန်းကားလာသည်ဟုဆို၏၊ သဘာဝကျကျ စီစစ်လက်ခံတတ်ဖို့ လိုအပ်ပါ၏။
ကမ္ဘာမပျက်မီအကြား လူဖျက်လက်နက်များ
သင်တို့ငါတို့နေထိုင်ရာ ဤ၀ိဝဋ္ဋဌာယီ အသင်္ချေယျကပ်ကမ္ဘာကြီး အဆုံးသတ်တွင် မီး၊ ရေ၊ လေတို့ ကြောင့် အလုံးစုံမပျက်မီအတွင်း အသက်တစ်ရာတမ်းအောက် ဆယ်နှစ်တမ်းသို့ ရောက်လာသောအခါ အငတ်ဘေး၊ ရောဂါဘေး၊ လက်နက်ဘေးတို့ကြောင့် မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရ၏၊ ကမ္ဘာနှင့် ချီ၍ အကြီးအကျယ်မပျက်စီးမီအကြား ဆုတ်ကပ်ဖြစ်သော အန္တရကပ်၌ လူသားတို့ပျက်စီးခြင်းဟုဆိုလို၏၊ လူသားတို့ သန္တာန်၌ လောဘအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အငတ်ဘေးကြီးဆိုက်၍ မကောင်း သူတွေမှန်သမျှ သေကျေပျက်စီးကြရကုန်၏၊ ထိုကပ်ကို ဒုဗ္ဘိက္ခန္တရကပ်-ဟုခေါ်၏။ လူသားတို့သန္တာန်၌ မောဟအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် ရောဂါဆိုးကြီးများ ကျရောက်၍ မကောင်းသူတွေမှန်သမျှ သေကျေ ပျက်စီးကြရကုန်၏၊ ထိုကပ်ကို ရောဂန္တရကပ်-ဟုခေါ်၏။ လူသားတို့သန္တာန်၌ ဒေါသအထူးလွှမ်းမိုး၍ ဆုတ်ယုတ်လာရခြင်းဖြစ်လျှင် အချင်းချင်း လက်နက်တို့ဖြင့် သတ်ဖြတ်၍ မကောင်းသူတွေမှန်သမျှ သေကျေပျက်စီးကြရကုန်၏၊ ထိုကပ်ကို သတ္ထန္တရကပ်-ဟုခေါ်၏။
ဘုရားရှိခိုးဆုတောင်းများ၌ အပါယ်လေးပါး၊ ကပ်သုံးပါး-ဟု သုံးနှုန်းထားသော စကားမှာလည်း ဤကပ် သုံးပါးကိုပင် ရည်ရွယ်၏၊ ဤကပ်သုံးပါး လက်နက်သုံးမျိုးကြောင့် ပျက်စီးကြရာ၌ ကမ္ဘာကြီးပါပျက်စီးသည် မဟုတ်၊ မကောင်းသူများသာ ပျက်စီးခြင်းဖြစ်၏၊ ထိုအပျက်မျိုးသည် ယနေ့ခေတ်လို ဆုတ်ကပ်တိုင်း ဆုတ်ကပ် တိုင်း၌ ကြုံကြရမည်ဖြစ်၏၊ နေရာတိုင်း အချိန်မရွေး ကြုံတွေ့နိုင်၏။ စာဖတ်သူများအနေဖြင့် ဥာဏ်အမြင်ရှင်းအောင် ဤကဲ့သို့မှတ်ယူစေချင်ပါ၏၊ မီး၊ရေ၊ လေတို့ကြောင့် ကမ္ဘာကြီးတစ်ခုလုံးပျက်စီးရခြင်းကို အပျက်ကြီး-ဟု မှတ်အပ်၏၊ ဆုတ်ကပ်တိုင်း ဆုတ်ကပ်တိုင်း၌ လက်နက် ရောဂါ ငတ်မွတ်တာကြောင့် မကောင်းသူများသာ ပျက်စီးရခြင်းကို အပျက်သေး-ဟု မှတ်အပ်၏။ အပျက်ကြီးလည်း ပျက်တတ်၊ အပျက်သေးလည်းပျက်တတ်သောကြောင့်.. လုဇ္ဇတိ ပလုဇ္ဇတီတိ လောကော..ဟူသော ၀စနတ္ထအရ သတ္တ၀ါအားလုံး တည်ရာအားလုံး ရုပ်၊နာမ်အားလုံးကို လောက-ဟု ခေါ်ဆိုကြခြင်းဖြစ်၏။ အပျက်ကြီး-ဟု ဆိုရမည့် ကမ္ဘာပျက်မည့်ဘေးမှ လွတ်မြောက်လိုလျှင် မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားလက်ကိုင်ထား၍ မိဘ၊ ဆရာ၊ အသက်သိက္ခာ၊ ဂုဏ်ဝါကြီးမားသူများကို ရိုသေလေးစား တန်ဖိုးထားကြရမည်ဖြစ်၏။ အပျက်သေး-ဟုဆိုရမည့် ကပ်ကြီးသုံးပါးဘေးမှ ကျော်လွှားလွန်မြောက်လိုလျှင် (ကပ်ကျော်လိုလျှင်) လောဘ၊ ဒေါသ၊ မောဟတို့ကို လျှော့ချခွါချ ထိန်းချုပ်ကြရမည်ဖြစ်ပါကြောင်း တင်ပြရင်း ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါ၏။
ကမ္ဘာလောကကို ငြိမ်းချမ်းသာယာအောင် ဆောင်ရွက်နိုင်ကြပါစေ......
အရှင်သိရီဒတ္တာလင်္ကာရ (ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ) အသောကသီတဂူကျောင်း
၁၆/၂-ရပ်ကွက်၊ ဇောတိကလမ်း၊ သင်္ဃန်းကျွန်း၊ ရန်ကုန်။

ကျမ်းကိုးစာရင်း
၁။ လယ်တီဒီပနီပေါင်းချုပ်၊
၂။ မဟာဗုဒ္ဓ၀င်၊
၃။ သင်္ဂြိုဟ်ဘာသာဋီကာ၊
၎။ သိပ္ပံခေတ်နှင့် ဗုဒ္ဓ၏အစိန္တေယျတရား၊
၅။ အဂုင်္တ္တိုရ်ပါဠိတော်- အဋ္ဌကထာ၊
၆။ ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ၊

 

 
 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit