Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

ဒေါက်တာမြင့်လွင်သိမ်း ၏ အထုပ္ပတ္တိအကျဉ်း


 

Dr. Myint Lwin Thein, a hero of Myanmar Geology

၁၉၉၀ ခုက ဘူမိဗေဒကွင်းဆင်းစဉ် ကွယ်လွန်ခဲ့သော ဆရာကြီး ဒေါက်တာ မြင့်လွင်သိမ်းအား ဂုဏ်ပြုသည့်အနေဖြင့် ပညာရည်ချွန်ဆု ရံပုံငွေ တစ်ရပ်ထူထောင်ကာ ရန်ကုန်တက္ကသိုလ် မှ ဘူမိဗေဒဘွဲ့ရများနှင့် အသုံးချ ဘူမိဗေဒ ဒီပလိုမာ ဘွဲ့ရများမှ ရွေးချယ် ဆုချီးမြှင့်ခဲ့သည်မှာ ၁၅ ကြိမ်ရှိခဲ့ပြီး ဆရာကွယ်လွန်ခဲ့သည့် ဇန်န၀ါရီလ ၂၉ ရက်နေ့တိုင်း အမှတ်တရ စာတမ်းဖတ်ပွဲများလည်း AGD တွင် ကျင်းပခဲ့ပါသည်။ ယခု ကွင်းဆင်းရာသီတွင် ဆရာကြီးအား သတိတရ ရှိစေရန် အထုပ္ပတ္တိအကျဉ်းကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာမြင့်လွင်သိမ်းအား ၁၉၃၅ ခု ဖေဖော်ဝါရီ ၂၈ တွင် ဟင်္သာတ၌ မွေးဖွားခဲ့ပြီး ၁၉၅၃ တွင် မြို့မအထက်တန်း ကျောင်းမှ တက္ကသိုလ် ၀င်တန်းအောင်ခဲ့သည်။ ၁၉၅၈ တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ(ဂုဏ်ထူး) ဘွဲ့ရခဲ့ပြီး အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ်မှ ၁၉၆၂ တွင် မဟာသိပ္ပံဘွဲ့နှင့် ၁၉၆၅ တွင် ပါရဂူဘွဲ့ တို့ကို Invertebrate Paleontology အထူးပြုဖြင့် ရရှိခဲ့သည်။
၁၉၆၅ တွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန လက်ထောက်ကထိက အဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ပြီး ၁၉၆၆ မှ ၁၉၇၅ ထိ ကထိက တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း၏ stratigraphy ကို စောက်ချ လုပ်ကိုင်ခဲ့ရင်း ဘွဲ့ကြိုဘွဲ့လွန် ကျောင်းသားများ ကိုပါ ပြုစု ပျိုးထောင်ခဲ့သည်။
၁၉၆၆ စက်တင်ဘာတွင် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့တွင်ကျင်းပသော IGCP အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ် အဖြစ်တက်ရောက် ခဲ့သည်။
၁၉၆၉တွင် မြန်မာနိုင်ငံ IGCP National Committee ၏ အတွင်းရေးမှူးအဖြစ် စတင်ဆောင်ရွက်သည်။
၁၉၇၄ မေလတွင် အီရန်နိုင်ငံ တီဟီရန်တွင်ကျင်းပသော IGCP ၏ အရှေ့တောင်အာရှ ဆိုင်ရာ အစည်းအဝေး သို့တက်ရောက်သည်။
၁၉၇၅ တွင် မြန်မာနိုင်ငံ သုတေသနမူဝါဒညွှန်ကြားရေးဘုတ်အဖွဲ့ ဘူမိသိပ္ပံ သုတေသနအဖွဲ့ဝင်အဖြစ် စတင် ဆောင်ရွက်ခဲ့သည်။
၁၉၇၅ ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ ဘန်ကောက်တွက်ကျင်းပသော IGCP Project 32 ၏ ဒေသဆိုင်ရာ အစည်းအဝေး သို့ မြန်မာကိုယ်စားလှယ် အဖြစ်တက်ရောက်သည်။
၁၉၇၅ မှ ကွယ်လွန်သည်အထိ ဘွဲ့လွန်အသုံးချဘူမိဗေဒဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် အသုံးချဘူမိဗေဒ ဒီပလိုမာသင်တန်းများ၊ သုတေသန project များကို စိတ်ရောကိုယ်ပါ ကြီးကြပ်လုပ်ဆောင်ခဲ့သည်။ အထူးသဖြင့် တောင်ပိုင်းရှမ်းပြည်ရှိ Lead Zinc Silver Barite သတ္တုသိုက်များ၊ မြောက်ပိုင်းရှမ်းပြည် ဘော်တွင်း သတ္တုတွင်းနှင့် မန္တလေးတိုင်းရှိ ပတ္တမြား၊ နီလာ၊ နဂါးသွဲ့ တွင်းထွက်များနှင့် ဂရက်ဖိုက်၊ ရွှေသတ္တုများ အကြောင်း ကိုယ်တိုင်ပါဝင် သုတေသနပြု လေ့လာခဲ့သည်။

၁၉၈၆ တွင် ညွှန်ကြားရေးမှူးတာဝန်အပြင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တွဲဖက်ပါမောက္ခ အဖြစ်ပူးတွဲထမ်းဆောင်ခဲ့ သည်။ သတ္တုရိုင်းသိုက်များနှင့် ပတ်သက်သော regional geology ဆိုင်ရာ စာတမ်းများ ပြုစုရေးသားခဲ့သည်။
၁၉၈၈ တွင် အသုံးချဘူမိဗေဒဌာနသင်ကြားရေးနှင့် သုတေသနလုပ်ငန်းရပ်များ ဖွံ့ဖြိုးရေးအတွက် သြစတြေးလျနိုင်ငံ သို့ လေ့လာရေးခရီးသွားရောက်ခဲ့သည်။
၁၉၇၁ မှ ၁၉၈၂ ထိ မဟာသိပ္ပံကျမ်းများကို ကြီးကြပ်သူအဖြစ်ဆောင်ရွက်ခဲ့ရာ (ယနေ့ ဘူမိဗေဒ ပါမောက္ခများဖြစ်ခဲ့၊ ဖြစ်နေသူ) ကျောင်းသား ၁၀ ဦးမွေးထုတ်ခဲ့သည်။ ဆရာ၏ ပုံနှိပ်ပြီး သုတေသနစာတမ်း (၆) စောင်ရှိပြီး ပုံမနှိပ်ရသေးပဲ မြန်မာနိုင်ငံ သုတေသနစာတမ်းဖတ်ပွဲများတွင် ဖတ်ကြားထားသည့် စာတမ်း (၇) စောင်ရှိသည်။ ရေးပြီး သုတေသန စာတမ်း (၄) စောင်ရှိပြီး ကွယ်လွန်ချိန်တွင် လက်ရေးဖြင့် အပြီးသတ်ရေးပြီးသော သုတေသနစာတမ်း (၁) စောင် ရှိသည်။
၁၉၉၀ ခု ဇန်န၀ါရီ (၂၉) ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ သာစည်မြို့နယ် ယင်းမာပင်ဒေသ၌ ဘွဲ့လွန်အသုံးချ ဘူမိဗေဒဌာနမှ ဆရာဆရာမများ၊ ဒီပလိုမာကျောင်းသားများနှင့်အတူ ကွင်းဆင်းနေစဉ် ယင်းမာပင်မြို့ တောင်ဖက် ၂ မိုင်ခန့် အကွာ၌ ကွယ်လွန်ခဲ့သည်။
ဆရာကွယ်လွန်ပြီး ၁၉၉၀ မေလတွင် ဂျာမဏီနိုင်ငံ DAAD မှ ချီးမြှင့်သည့် သုတေသနပညာသင်ဆုကို မြန်မာနိုင်ငံမှ လျှောက်ထားသူများ အနက်မှ ဆရာနှင့် တစ်ဦး ကိုသာ ရွေးချယ်ပါကြောင်း အကြောင်းကြားစာကို ၀မ်းနည်းစွာဖြင့် လက်ခံရရှိခဲ့ပါသည်။ ၁၉၉၀ အောက်တိုဘာ တွင် အိန္ဒိယနိုင်ငံ နယူးဒေလီတွင်ကျင်းပမည့် IGCP အစည်းအဝေးသို့ တက်ရောက်ရန်လည်း ဖိတ်ကြားခြင်း ခံခဲ့ရပါသည်။
ဆရာ၏ဇနီး ဒေါ်တင်တင်ရီ၊ သားမောင်ကျော်စိုးသိမ်း၊ သမီး မ၀င်းရည်သိမ်း တို့ကျန်ရစ်သည်။
ဆရာ၏ သုတေသနများမှ ၁၉၇၃ ခုနှစ်တွင် နိုင်ငံတကာအဆင့်ပုံနှိပ်ဖော်ပြခဲ့သည့် တောင်ပိုင်းရှမ်းပြည်၏ သက်ဦးကပ် အစောပိုင်း ထရဗေဒ (The Lower Paleozoic Stratigraphy of Western Part of the Southern Shan State, Burma) စာတမ်းမှာ အထင်ရှားဆုံးဖြစ်ပြီး ယင်းသုတေသနကို အတူပူးတွဲလုပ်ကိုင်ခဲ့သည့် (ဒေါက်တာ) ဦးဖေမောင်သန်း၊ (ဒေါက်တာ) ဦးဝင်းနိုင်၊ ဦးမင်းဆွေ၊ ဦးစိုးသိန်း၊ ဦးမင်းကို၊ ဦးဇော်သက်၊ ဦးသန်းနိုင်၊ ဦးခင်မောင်ဝေ၊ နှင့် (ဒေါက်တာ) ဒေါ်ရင်ရင်နွယ်၊ ဒေါ်နန္ဒာဦး၊ ဒေါ်ဝေေ၀အေး၊ ဒေါ်တင်ဌေးမူ နှင့် တတိယနှစ် ဘူမိကျောင်းသား ၁၀၀ ကျော်တို့ ကိုယ်စား ခေါင်းဆောင်တင်ပြခဲ့သည်။ ဤစာတမ်းကို ယနေ့တိုင် ရှမ်းပြည်ကွင်းဆင်းအဖွဲ့များ၊ ဘွဲ့လွန်သုတေသနများ အတွက် သမ္မာကျမ်းစာသဖွယ် အားကိုးမှီခိုကြရကာ ယင်းတွင်ဖော်ပြချက်များနှင့် တင်ပြပုံနည်းစနစ်များသည် နှစ်ပေါင်း ၃၀ ကျော်တိုင် ပြောင်းလဲလာသော ထရဗေဒသုတေသန စည်းမျဉ်းများနှင့် ညီညွတ် ခေတ်မီ နေဆဲဖြစ်သည်။
မှတ်ချက်။ ဒေါက်တာမြင့်လွင်သိမ်းပညာသင်ဆုကော်မတီ၏ မှတ်တမ်းများကို
ကိုးကားပါသည်။

ref : http://www.geolfriends.com
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit