Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main »

 

ကြီးမိုက်..အပိုင်း(၁)

ဘယ်လိုနေလဲ…
အခြေအနေမကောင်းဘူး……..
ကြည့်လုပ်အုံး…. စောစောစီးစီးဗိုက်မှောက်နေရအုံးမယ်……

သခွားသီးနဲ့ ကုလားကြီးကျနော့်ကို သတိပေးနေပြီ….. ဒဂုံဆောင်ပထမထပ် မျက်မှန် ထူထူတပ်ထား သောမှုန်ကြီး အခန်းမှာ ရှိုးရိုက်ပြီးပြန်လာတာ……. ဒီနေ့ ကျနော် ကံမကောင်းပါ…. ကျနော်ရှုံးခဲ့တယ်…. ဒဂုံဆောင်ဧည့်ခန်း ခေါင်းရင်း ဖက်မှာကျနော် တို့ရဲ့အခန်းရှိတယ်၊ သခွားသီးနဲ့ ကုလားကြီးကတစ်ခန်း၊ ကျနော်က တစ်ယောက်ထဲ၊ ဘူမိဗေဒနောက်ဆုံး နှစ်တက်နေကြတဲ့ ကျနော်တို့ကို ကျောင်းပျော်တွေလို့ သူငယ်ချင်းတွေက ခေါ်ကြတယ်… ကျောင်းကိုတော့မပျော်ပါ၊ စာမေးပွဲကျနေ လို့နှစ်ကြာနေတာပါ……

ကျနော်တို့သုံး ယောက်လုံး တတိယနှစ်မှာစာမေး ပွဲကျခဲ့ကြတယ်…. တက္ကသိုလ်မှာ စာမေး ပွဲကျတာအခြေ အနေတော်တော်ဆိုး လို့ကျတာပါ။ စာမေးပွဲကျတဲ့ နှစ်မှာကျနော်တို့ သုံးယောက်လုံး ဂစ်တာတီးလိုက်၊ ဖဲရိုက်လိုက် နဲ့နေလာခဲ့ကြတာ….. အဲဒီအချိန်တုန်းက ဖင်ဆီဒိုင်း ချောင်းဆိုးပျောက်ဆေး ကိုစွဲစွဲမြဲမြဲသောက်ခဲ့တယ်…… မြန်မာပြည်ဖြစ် ကွန်မိုက်တိုင်စင်းက အ၀င်ဆိုးလို့မကြိုက်ဘူး၊ နိုင်ငံခြားဖြစ်ပစ္စည်းတွေပြတ်ရင်တော့ပြည်တွင်း ဖြစ်နဲ့ဘဲအစားထိုးခဲ့ရတယ်…ဒါကိုကွန်ပစ်တယ် လို့ပြောလေ့ရှိတယ်….

ဟိုအချိန်က ဖင်ဆီဒိုင်းကိုမူးယစ်ဆေးလို့မသတ်မှတ်ခဲ့ကြဘူး….တစ်ရက်အဆောင်မှူးကျနော်တို့ကုတင် အောက်မှာ ပြန့်ကျဲနေတဲ့ ဖင်ဆီဒီုင်ပုလင်းတွေ ကိုမြင်ပြီးအံ့သြနေတယ်…..

ဘာဆေးပုလင်းတွေလဲ….
ချောင်းဆိုးပျောက်ဆေးပါဆရာ….
ပုလင်းများလှချည်လား……

ချောင်းဆိုးနေတာတော်တော်ကြာပြီ…..ဆေးသောက်တာလဲမပျောက်ဘူးဆရာ…..
ကြာရင်မကောင်းဘူး၊ တက္ကသိုလ်ဆေးရုံးမှာပြလိုက်အုံး…..

အဆောင်မှူးက စေတနာအပြည့်နဲ့ ဆေးခန်းသွား ခိုင်းနေတယ်…. ကျနော်တို့ရဲ့ဓါတ်စာမှန်းမသိလို့… စိတ်ထဲမှာ ဖင်ဆီဒိုင်း သောက်ပြီး ဂစ်တာတီး ရတာအရမ်း ကောင်းတယ်လို့ ထင်နေတယ်…. ညတိုင်း ကျနော်တို့ သောက်ခဲ့ကြပါတယ်…… လှည်းတန်း ဈေးကဆေး ဆိုင်တွေမှာကျနော်တို့ သွားဝယ်လေ့ရှိပါတယ်……တတိယနှစ် ကွင်းဆင်းတော့ ကျွဲတပ်ဆုံမှာ ကွင်းဆင်းရတယ်။ ကျနော်တို့သုံးယောက်လုံး ရိက္ခာအပြည့်ယူသွားကြတယ်…. ရိက္ခာပြတ်သွား မှာစိုးလို့ သာစည်ဘူတာ ရောက်တဲ့ အခိုက်မြို့ထဲ ဆေးဆိုင် နဲ့အချိတ် အဆက်လုပ်ခဲ့ကြတယ်။ သာစည် မှာ ဖန်ဆီဒိုင်း ကိုမသောက်ကြဘူး…ဆေးဝါးအဖြစ်နဲ့ဘဲသုံးကြတယ်…..လိုအပ်လို့ မှာခဲ့ရင်ပို့ပေးမယ်တဲ့….. တောင်ကြီးကလော ဟိုင်းလပ်ကား ရပ်တဲ့အိမ်မှာပို့ပေးထားမယ်တဲ့….. စာရေးပြီး ဟိုင်းလပ်ကားနဲ့ပေးလိုက်… နောက်နေ့ရောက်လာပြီ…. အဆင်ချောလို့……. တတိယ နှစ်စာမေးပွဲကျတော့ ဒဂုံဆောင်မှာ နေလို့မရတော့ဘူး…. ကျနော်တို့သုံးယောက် စံရိပ်ငြိမ်က အပြင်ဆောင်မှာသွားနေကြတယ်…. အပြင်ဆောင်မှာလူလည်းစုံတယ်… လိုင်းလဲ စုံတယ်…. အပြင်းတွေ၊အပျော့တွေ၊ အရိုင်းတွေ၊ အယဉ်တွေ၊ ဒုတ်တွေ ရှုပ်နေတာဘဲ….. အပြင်ဆောင်မှာက ပိုလွတ်လပ်တယ်…. နေမီး၊ ညမီး ဖဲဝိုင်းတွေလည်းခြိမ့်ခြိမ့်သဲ….. လိမ္မာမှအိမ်ပါမယ်၊ မလိမ္မာရင်အိမ်က ပို့လိုက်တဲ့ ငွေရေတ လျှောက်တဲ့ သွန်ချသလို ကုန်သွားမယ်…. အပြင်ဆောင်မှာကျနော့် ဘ၀အတွက် မှတ်မှတ် ရရ အဖြစ်အပျက် လေးတစ်ခုက ပြောပြချင်တယ်…..

ကျနော်တို့ အဆောင်မှာ အိမ်ရှင်မနေပါ၊ အဆောင်သား တွေဘဲနေကြတယ်… အရမ်းလွတ်လပ်တယ်…. ညတစ်ည ၁၀ နာရီထိုးလောက် ကျနော်တို့ရှိုးရိုက်နေကြတာ… ကျနော်တို့ သုံးယောက်က တစ်အိမ်ဝင်ကစားတယ်၊ သုံးယောက်တိုင်တိုင် ပင်ပင် ကစားတော့မှ ဒီနေ့ည တော်တော်ရှုံးနေတယ်…… ဖဲဝိုင်းဘေး မှာမူးနေတဲ့ကောင်တွေ၊ လှဲနေတဲ့ကောင်တွေလှဲ၊ ထိုင်တဲ့ ကောင်တွေထိုင်နေကြတယ်….

ကျနော့် နောက်မှာအခန်းဘေး ကရှမ်းလေးထိုင်နေတယ်…နောက်ကျောကို လာလာထိလို့လှည့်ကြည့်လိုက် တာရှမ်းလေးနဲ့အခြား တစ်ယောက်တကုပ်ကုပ်နဲ့ ဘာလုပ်နေလဲမသိပါ…… သုံးယောက်သားခေါင်းချင်ဆိုင်ပြီး အောက်ဖဲကိုအသာလေး ပွတ်ဆွဲနေခိုက်.. အုံးကနဲ.. ကျနော့်နောက်ကျောကိုထုချလိုက်သလို၊ ခေါင်းပါ ငိုက်ကျသွားပါတယ်…ကျနော့် နောက်ကျော နာသွားပါတယ် … ဘယ်ကောင်လဲ ငါ့ကိုထိုးတာ……. တခွီးခွီး အသံတွေ၊ ရှော့ဖြစ်သွားပြီဟေ့ …..လုပ်ကြပါအုံး….. ပြောလဲ ပြောလှည့်ကြည့် လိုက်တော့ ရှမ်းလေးပါးစပ်မှာ အမြှပ်တစီစီနဲ့ လက်တွေကောက်ကွေး၊လူလည်းဆန့် ငင်ဆန့်ငင်ဖြစ်နေပြီ…… လက်ဖျံမှာလည်း အပ်တန်းလန်းနဲ့…. ကျနော်ဒီလိုမျိုးတစ်ခါမှမမြင်ဖူးပါ……

ဆားရှိလား… ပါးစပ်ထဲဆားထည့်လိုက်…
ဘာ ဆားမှမရှိဘူး….
လုပ်ကြပါဟ…. ဆေးရုံပို့ရအောင်….

ဘာဆေးရုံလဲ… ဒါဝက်ရူးပြန်နေတာမဟုတ်ဘူး… အကုန်လုံးအင်းစိန်ရောက်ကုန်မယ်….
ရပ်ကြည့်မနေကြနဲ့…တစ်ခုခု လုပ်ကြအုံး…….

ဘာမှမလုပ်နဲ့ ….. သေမှာဘဲ….. ဒုတ်ဆရာတစ်ယောက်ရဲ့ပြောစကား….. အားလုံးရုတ်ရုတ်သဲသဲနဲ့ဝုန်းဒိုင်း ကြဲနေကြပြီ……. မျက်စိ ရှေ့မှာရှမ်းလေး ဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင်နေတယ်……. နောက်ကကျနော့်လက်ကို ဆောင့်ဆွဲရာ ကို ကျနော် ကိုယ်လိုက်ပါ သွားပါတော့တယ်…… သခွားသီးက ရှေ့ကပြေးနေပြီ……ကုလားကြီးကျနော့် လက်ကိုဆွဲပြီး အဆောင် ရှေ့ကို ခုန်ချလိုက်ပါတယ်….

ပြေး….ပြေး…ပြဿနာအဖြစ်မခံနဲ့…ကြားမ၀င်နဲ့……
ဒီနေ့ည ကျနော်တို့အဆောင် မပြန်တော့ပါ……နောက်နေ့ကျနော်တို့ အဆောင်သား အားလုံးကို ကမာရွတ်ရဲ စခန်းက လာခေါ် သွားပါ တယ်။ တစ်ယောက်ချင်း စစ်မေးပါတယ်၊ ကျနော်က မြင်တဲ့အတိုင်းပြောလိုက်ပါတယ်…။
တော်သေး တယ်။ ကျနော်တို့ဆီး တွေကိုမစစ်လို့ အဲဒီနေ့မနက်မှာ ကျနော်တို့အားလုံး တင်ထားကြတယ်…..

ဆေးထိုး အပ်တန်းလန်းနဲ့ ရှော့ဖြစ်သွား တဲ့ရှမ်းလေး ခေါင်းနောက်ကို လှန်ထွက်ပြီး ကျနော့်ကျောကိုထုသလို ဖြစ်သွားတာ၊ အပ်တန်းလန်း ပါးစပ်က အမြှပ်တွေဆန့်ငင်ဆန့်ငင်နဲ့ အသက်ငင် နေတဲ့ရှမ်လေး မျက်နှာကိုတစ်ပတ် ကျော်တဲ့ အထိ ကျနော့် မျက်လုံး ထဲကမထွက်ဘူး……. ပြဿနာ ဘယ်လိုပြီးသွားလဲ ကျနော်မသိပါ……ဒုတ်ကို တော်တော် လန့်သွားပါတယ်….. နောက် ပိုင်းကျနော်

တို့သုံးယောက်လုံးဒုတ်ကိုမသုံးတော့ပါ….. ဒီနှစ်ကွင်းဆင်းရတဲ့နေရာက ယင်းမာပင်ရွာ၊ တောင်ကြီးပင်းတယ၊ က လောလိုင်းကား တွေရပ်ပြီး ထမင်းစားလေ့ ရှိတဲ့ရွာကြီး၊ ယင်းမာပင်ဗိုလ်တဲမှာစခန်း ချတယ်၊ စားသောက်ဆိုင်တွေများ တဲ့ယင်းမာပင်စခန်း ကို ကျနော်အရမ်း သဘောကျတယ်……. ကျနော်တို့ ဓါတ်စာအတွက်မပူရဘူး…… သောက်နေကျ လ္ဘက်ရည်ဆိုင် က မိတ္ထိလာ ကို မှာပေးတယ်….. သာစည်ဆေး ဆိုင်ထက်ဈေး ပေါသေးတယ်…..

နောက်ဆုံး နှစ်မှာကျနော်တို့ ဒဂုံဆောင်ကိုပြန်ရောက်လာပါတယ်…. ကျနော်တို့သုံးယောက်ဒီသံသရာထဲမှာ တ၀ဲလည်လည်၊ စိတ်တူကိုယ်တူမို့လားမသိ၊ sကျနော်တို့ သုံးယောက် တစ်ဦးပေါ်တစ်ဦး တော်တော်ခင်ကြတာ….. ခင်ရာ ဆွေမျိုးဆိုတဲ့ စကားလည်းရှိတာကိုး…. ဒါပေမယ့်ကျနော်တို့ သုံးယောက်ဟာ လူမျိုးမတူသလို ဘာသာလည်း မတူ ကြပါဘူး…..ပဲခူးမှာနေပြီး ဗလီတက်တဲ့ လူမျိုးဖြစ်လို့ကုလားကြီးလို့ခေါ်လိုက်ကြတာ… စောသာခွား နာမည်ကနေသခွားသီး ဖြစ်သွားတဲ့လူက တောင်ငူမှာနေတာ….. အဖေကခရစ်ယာန်၊ အမေကဗုဒ္ဓဘာ သာ၊ကျနော်က ဗမာမော်လမြိုင်သား ငယ်ငယ်ကတည်းက တစ်နေကုန် လျှောက်လည် နေလေ့ရှိလို့ဘေးနားက ကုလားအိမ်တွေက ဂျာဂိုးလို့ခေါ်နေရင်း ဒီနာမည်ရန်ကုန်ထိပါလာတယ်…. ကျနော်တ နေရာထဲမှာ ငြိမ်ငြိမ်နေလို့မရ ဘူး၊ ဟိုဟိုဒီဒီ လျှောက်သွား နေရမှနေလို့ကောင်းတာ……

ကျနော်တို့သုံး ယောက်ရဲ့ စိတ်ထဲမှာ ဘာသာရေးဟာ ကျနော်တို့နဲ့မဆိုင်သလို စိတ်လည်းမ၀င်စားခဲ့ပါ…… လူငယ်တိုင်း ဟာဒေါသနဲ့ မကင်းကြပါဘူး…. ဒေါသကြီးတာ မကောင်းမှန်းသိကြပါတယ်…. ဒါပေမယ့်ငယ်ငယ်ရွယ် ရွယ်လူငယ်တွေ သတိ လက်လွတ် ဖြစ်တတ်ကြပါတယ်…. တစ်ည ကျနော်တို့ ပုဂံဆောင်အနောက်ဘက်မှာ ဂစ်တာ သွားတီးကြပါတယ်……. အဆောင် နောက်မှာကျနော်တို့ ရောက်ချိန်နှစ်ဖွဲ့က အရင်ရောက်နေတယ်……ကျနော်တို့လဲနေရာယူလိုက်ကြပါတယ်……… အေးအေး ဆေးဆေး ထိုင်စကား ပြောနေကြရင် အလှည့် စောင့်နေကြပါတယ်…. ဂစ်တာတီးနေတဲ့အဖွဲ့က ဘယ်သူ့ကိုမှအလှည့်မပေးဘဲ ဆက်တိုက်တီး နေတာပါ….ကျနော်တို့ ဘာမှမပြောဘဲနဲ့ ထိုင်ကြည့်နေကြတယ်….စိတ်ပျက်နေတဲ့အရင်တစ်ဖွဲ့က ထပြန်သွားပြီ….ကျနော်တို့ နှစ်ဖွဲ့ဘဲကျန်နေတယ်…..

သူငယ်ချင်းတို့ ငါတို့ကိုလည်းပေးတီးပါအုန်း……..
ကျနော်တို့စကားလှမ်းပြောလိုက်ပါတယ်…. ဒီကောင်တွေဘာမှပြန်မပြောဘူး…… သီချင်းဆုံးတော့
ဆက်တီးပြန်ရော….
မင်းတို့ ဘာအထာလဲ……. -ီး ဖြစ်လား…ဘာဖြစ်ချင်လဲ………
မျက်နှာချင်း ဆိုင်ထိုင်နေတဲ့တကောင်ကဆဲတာ….. သုံးယောက်ကကျောပေးပြီးထိုင်နေတာ…..
ဘာပြောကောင်းမလဲ….သခွားသီးနဲ့ကုလားကြီး ဂစ်တာတွေနဲ့ထိုင်နေတဲ့ကောင်တွေကိုလွဲရိုက်တာ
တစ်ကောင်ကမြောင်းထဲလိမ့်ကျပြီးထပြေးသွားတယ်….. သူပြေးတဲ့လမ်းတက္ကသိုလ်ရိပ်သာလမ်းဘက်မ ဟုတ်ဘူး…ဘီအီးဒီယောက်ျားလေး အဆောင်ဘက်ကိုဒီကောင်တွေ ဘီအီးဒီကကောင်တွေထင်တယ်…. နှစ်ကောင် ကမြောင်းထဲမှာခွေခွေလေး၊ မျက်နှာချင်းဆိုင်ထိုင်နေတဲ့ကောင်ကထမလာဘူး ဒီကောင်မူးနေတယ်…..

ကျနော်တို့ ဒဂုံဆောင်ဘက်ကို အမြန်ဆုံးသုတ်ခြေတင်ခဲ့ကြပါတယ်….. အမှန်အတိုင်း ပြောရရင်ကျနော်နဲနဲ ကြောက်တယ်….. သခွားသီးနဲ့ ကုလားကြီးက အတွေ့အကြုံရှိပုံရတယ်…. သခွားသီးက ကရင်လူမျိုးပီပီလက်ဝှေ့ လည်းကျွမ်းတယ်၊ လက်လဲသွက်တယ်……

တစ်ရက်ကျနော်တို့ သုံးယောက်လျှောက် သွားရင်း ဗဟန်းဘက်ကိုရောက်ခဲ့ကြပါတယ်…… ဟိုအချိန်ကအာ ဇာနည်ကုန်း နောက်ဖက်နား လောက်မှာ ရွေတိဂုံတက်တဲ့ မြေကြီး လမ်းလေးရှိတယ်….. သစ်ပင်ကြီးတွေကြားထဲက ဖြတ်သွားရတာ….. လမ်းခုလတ်မှာ နတ်ရေကန်လို့ ခေါ်တဲ့ရေကန်လေးရှိတယ်….

ဘေးနှစ်ဘက်မှာ ခြုံနွယ်တွေနဲ့ဖုံးလွှမ်းနေတယ်……. ကျနော်တို့လျှောက်လာရင်း လမ်းဘေးခြုံအောက်မှာ ဖဲသုံးချပ်ကစားဝိုင်း ကိုတွေ့လိုက်ပါတယ်…. ထုံးစံအတိုင်းသွားပြီးစပ်စုကြပါတယ်… ဒိုင်ကတစ်ယောက်၊ ထိုးသားက ခြောက်ယောက်။ နှစ်ယောက်ကကျောင်းစိမ်းနဲ့ ခုနှစ်တန်း ရှစ်တန်းလောက်ဘဲရှိအုံးမှာ၊ ဗလတောင့်တောင့်နဲ့ ထိုး သားကဒိုင်ဘေး မှာကျန်တဲ့ လေးကောင်ကဆေးသမားပုံစံ ခပ်ပိန်ပိန်တွေ………

ရပ်ကြည့်လို့အကျိုးမရှိဘူး…. ထိုးကြည့်မှရှိမယ်….
လာ ကစားလေ..ထိုင်…ထိုင်…. ဒိုင်ကကျနော်တို့ကိုခေါ်နေပြီ…..

ကျနော်တို့ဒီအတိုင်းရပ်ကြည့်နေတာ မကြာပါဘူး ကျောင်းသားလေးတွေ မုန့်ဘိုးကုန်သွားပါတယ်….လက်ပတ်
နာရီဖြုတ်နေပြီ ထပ်ကစားချင်နေတဲ့ပုံဘဲ……..

ညီလေး..မင်း တို့ပိုက်ဆံကုန်ပြီလား…..
ကုန်ပြီ….
တော်ပြီဆက်မကစားနဲ့တော့…မင်းတို့ပြန်ကြတော့…….

မော်လမြိုင်အမှတ် (၆) ကျောင်းမှာတက်တုန်းက ကျိုက်ဿလံ စောင်းတန်းမှာဖဲ သုံးချက်နှိပ်စက်လို့ကျနော်နာ ရီပြောင်ပြီးပြီ….ဒီခလေးတွေအရွယ်လောက်ဘဲရှိအုံးမယ်…..

တော်ပြီ….မင်းတို့မကစားနဲ့တော့…..
ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ….သူ့ပိုက်ဆံနဲ့သူကစားတာပူမနေနဲ့…..
ခလေးတွေလောက်တောင်သတ္တိမရှိတဲ့ ငကြောက်တွေ….
လာမရှုပ်နဲ့ မကစားရင်ဝေးဝေး သွား….
မသွားဘူးကွာ…ဒါမင်းအမေ့ လင် မြေမို့လို့လား……

ဒီလိုနဲ့ ပါးစပ် သေနတ် အပြိုင်ပြစ်ကြရင်း ပိုက်ဆံကိုင်ပြီး ထလာတဲ့ ဗလတောင့်တောင့်ထိုးသားကို ကုလားကြီးပြေး ကန်တာ…. သူကန်တဲ့နေရာက ပေါင်ကြားကိုကျုံးကန်တာ…. ယောက်ျာလေးတွေရဲ့ အားနည်းချက်ဟာ သိကြတဲ့အ တိုင်းပေါင်းကြားမှာ…..ကျနော်စိတ်ထင်ဗလကြီးဂွေးကြေမွသွားပြီလို့ထင်မိပါတယ်….ပေါင်ကြားကိုလက်နှစ်ဖက် အုပ်ပြီးကိုင်းညွတ်ကျလာတဲ့မျက်နှာကိုသခွားသီးဒူးနဲ့တိုက်ပစ်လိုက်တာ……မြေကြီးပေါ်မှာကွေးကွေးလေးနဲ့ မလှုပ်တော့ဘူး……

ထိုင်နေတဲ့ဒိုင်မျက်နှာကိုကုလားကြီးပြေးပြီးပိတ်ကန်ပါတယ်…..ကုလားကြီးရဲ့ကန်ချက်နဲ့ဒိုင်ပက်လက် လဲသွားပါတယ်။ သူ့ပုဆိုးက မျက်နှာတက်အုပ်ပြီးအောက်မှာ ဖင်ပေါ်ခေါင်းပေါ်နဲ့…… ဒီအချိန်နောက်သုံးယောက်ထလာပြီး ကျနော်တို့ဖက်လှည့်ပြီးလက်သီးတရွယ်ရွယ်ချိန်ရွယ်နေကြပါတယ်…… ဗလကြီးနဲ့ဒိုင်ကိုကြည့်ပြီးထိတ်လန့်နေပုံရပါတယ်…..

မင်းတို့ကောင်တွေ အလံရှုး ဆိုတာသိပြီးသားဘ၊ဲ လာလေ…….

ကုလားကြီးလိုက်ထိုးတော့ဒီကောင်သုံးကောင်ရွှေတိဂုံဘုရားဘက်ကိုထွက်ပြေးသွားကြပါတယ်….ကျောင်း

သားလေးနှစ်ယောက်ကလွယ်အိတ်လေးကောက်ပြီး မျက်စိသူငယ်နားသူငယ်နဲ့ကြည့်နေကြပါတယ်….

အဲဒီအချိန်မှာဘဲလူအချို့ရောက်လာပါတယ်……ကျနော်တို့ကိုဖြစ်ပျက်တာတွေမေးနေတယ်….ခဏနေ တော့ပြေးသွားတဲ့သုံးယောက်ကိုဆွဲပြီးလူအချို့ရောက်လာပါတယ်…….အရပ်ဝတ်နဲ့ရဲတွေ၊ဆားပုလင်းတွေဘယ် ကပေါ်လာကြတာလဲ၊ကျောင်းသားလေးတွေကိုလိမ်ကစားနေတုန်းဒီရဲတွေဘယ်ရောက်နေလဲ၊ကစားသမားတွေ နဲ့ရန်ဖြစ်မှဒီရဲတွေရောက်လာကြတယ်….နဲနဲတော့ထူးဆန်းတယ်……

ကျနော်တို့အားလုံးဗဟန်းရဲစခန်းကိုရောက်ခဲ့ကြပါတယ်….တက္ကသိုလ်ကျောင်းသားတွေဆိုလို့ပြန်လွတ် ပေးလိုက်ပါတယ်……

ကုလားကြီး…မင်းဘာလို့ ဗလကြီးကိုအရင်သွားကန်တာလဲ……
မှတ်ထား…..ဗလကြီးဟာလူမိုက်….ဒိုင်ကခေါ်ထားတဲ့ လူမိုက်….
ဒါကြောင့်အရင်ရှင်းပြစ်လိုက်တာ…..
အစကတည်းကငါသိတယ်….ကျောင်းသားနှစ်ယောက်ကလွဲရင်အားလုံးအလံရှုးတွေ…..


- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

နောက်ဆုံးနှစ်မှာ မြင်းတိုက်မှာ ကွင်းဆင်းရတယ်။ ကျနော်တို့သုံးယောက် အတူတူတစ်အုပ်စုတည်း ကျအောင်
ကျောင်း ၀င်ကြေးကိုနောက်ဆုံးမှသွားသွင်းခဲ့ကြတယ်…. ကျနော်တို့ကိုဆရာ ဦးအောင်ကျော်ထွန်းအုပ်ချုပ်တယ်….. မြင်းတိုက်က ကလောနဲ့နီးတယ်၊ ကျနော်တို့ကွင်းဆင်းနေရင်း နဲ့ကလောတက် လေ့ရှိတယ်…….. ကလောမှာဆေး ခြောက်ပေါတယ်…သူ့အဆက်အသွယ်နဲ့ သူဝယ်ရတာ…… ရာသီဥတုကလည်း ဆေးသမား ကြိုက်တဲ့ရာသီဥတု၊ အေးအေးစိမ့်စိမ့် မြင်းတိုက်မှာ နတ်ပန်းရနံ့ကိုရှိုက်ရင်း နတ်ပြည်တက်လေ့ရှိတယ်……

ပထမရက်တွေမှာကျ နော်တို့အားလုံးကို မြင်းတိုက်ဧရိယာတစ်ခုလုံး ကိုလိုက်ပြတယ်…… ဧရိယာနှံ့ပြီဆိုရင်အုပ်စုခွဲတယ်။ နေရာအ လိုက်ကိုယ့်အုပ်စုနဲ့ ကိုယ်ကွင်း ဆင်းရတယ်၊ ဘူမိဗေဒမြေပုံအတွက် နမူနာတွေကောက်ရတယ် ၊မြေအမျိုးအစားခွဲရတယ်၊ မြေပုံထုတ်ရမယ်၊ လိုအပ်ချက်အားလုံးကိုစုပေါင်းပြီးလုပ်ရ တယ်။ ကျနော်တို့ သုံးယောက် အခြေအနေကိုသိနေ တဲ့အုပ်စု ခေါင်းဆောင် ကကျနော်တို့ကို သိပ်ပြီးမပြောပါ။ ဒါပေမယ့် ကျနော်တို့အလိုက်သိပါတယ်၊ ဥပမာအနေနဲ့ပြောရရင် ပန်းရံအုပ်စုတစ်စုလိုပေါ့….. ပန်းရံဆရာတွေ အတွက်မဆလာအသင့်၊ အုတ်အဆင်သင်၊့ ကျနော်တို့ကလူကြမ်းပေါ့။ ရေချိန်ညီမညီ၊ ကျင် တွယ်ကျမကျ၊ ဒါ.ပန်းရံခေါင်းရဲ့တာဝန်၊ ကျနော်တို့ အလုပ်ပြီးရင်တောပန်းရနံ့ ရှိုက်ရင်း နတ်ပြည်တက်မယ်… ဒါမှမဟုတ် ရွှေလိမ္မော်နဲ့ ပျော်ကြမယ်…..

နောက်ရက်တွေမှာ အုပ်စုလိုက်ကွင်း ဆင်းရပါတယ်….. ကျနော်တို့အုပ်စု ကျတဲ့နေရာက ကလောနဲ့နီး နေပြီ ဒါကြောင့် အချိန်ရတိုင်း ကလောတက်တယ်။ ကိုယ့်အုပ်စုနဲ့ကိုယ်မို့ ဆရာမသိနိုင်ဘူး။ ကျနော်တို့အချင်းချင်းပြေ လည်ဘို့ဘဲလိုတယ်…….
ကျနော်တို့ အချိန်ရရင်ကလော မြို့စွန်နား ကရှမ်းခေါက်ဆွဲဆိုင်ကိုသွားလေ့ရှိတယ်။ ရွှေလိမ္မော်အရက်နဲ့ကျနော် တို့အချမ်း ဖြေကြတယ်…. စိုင်းဆိုင်မောဝ် သီချင်းထဲကလို ဆိုင်ရှင်ရှမ်းမလေး ချောတာလဲပါတယ်။ ရှမ်းခေါက်ဆွဲ ကောင်းတာလဲပါတယ်…. အောက်ပြည် အောက်ရွာကလာ တဲ့သူမို့သူတို့စကား သံတွေက အထူအဆန်းဖြစ်နေတယ်။ ရှမ်းသံဝဲ၀ဲ နဲ့ပြောနေတဲ့သူ့စကားသံ အရမ်း နားထောင်လို့ ကောင်းနေတယ်၊ တက္ကသိုလ်ကျောင်းသားတွေမို့လို့ အမြဲတမ်း ပိုပိုသာသာထည့်ပေး လေ့ရှိတယ်……ပြဿနာအဲဒီက စတာဘဲ၊ အညှီရှိရာ ယင်အုံတာမဆန်းပါဘူး၊ ရှမ်းမလေး ဆိုင်ကိုရွာခံ လူငယ်တွေလည်း လာလေ့ရှိတယ်၊ လာကြတဲ့အထဲမှာ လူငယ်တစ်အုပ်စု ဟာကျနော်တို့ကို အမြင်စောင်း နေတယ်။ အမြဲတမ်း စကားကို ရိတိတိပြောလေ့ရှိတယ်၊ ကိုယ့်မြို့ရွာ မဟုတ်တာရယ်၊ မြို့ခံတွေနဲ့ ရန်မဖြစ်ကြဘို့ ဆရာကမှာ ထားတာတွေကြောင့် ကျနော်တို့ မမြင်ချင်ယောင် ဆောင်နေလိုက်ကြတယ်။ သူတို့ဆီမှာမ နက်ပိုင်းက ပိုရောင်းကောင်းတယ်။ မနက်ပိုင်း ဈေးလာဝယ်တဲ့ သူစားလေ့ရှိတယ်။ 9 နာရီ 10 နာရီလောက်ဆိုရင် လူနဲ သွားပြီးရှမ်း ခေါက်ဆွဲလည်း ကုန်သလောက်ဖြစ်သွားပြီ၊ နေ့လည်ရောင်း ဘို့အတွက်ထပ် လုပ်ကြပြန်ပါတယ်…..

တစ်ရက် 10 နာရီလောက်ကျနော်တို့ ရောက်သွားကြပါတယ်၊ ရှမ်းခေါက်ဆွဲလည်း နဲနေပြီ၊ ရွှေလိမ္မော်လည်း တစ်လုံး ဘဲကျန်တော့တယ်၊ ကျနော်တို့အမှိုက်သိမ်း သလိုအားလုံး လာချခိုင်းပြီးစားနေကြတယ်၊ ဒီအချိန်မှာဟိုလူငယ်
တစ်စုလည်းရောက်လာပါတယ်၊

ရှမ်းခေါက်ဆွဲကုန်နေပြီ… ရွှေလိမ္မော်မရှိတော့ဘူး…..
ဟိုကောင်တွေကျတော့ကျွေးတယ် …ငါတို့ကိုနင်မရောင်းဘူး…
ဟိုကောင်တွေကဘာမို့လို့လဲ၊ ငါတို့အလကားစားတာမဟုတ်ဘူး ပိုက်ဆံပေးစားတာ…….
မင်းမှာပိုက်ဆံရှိနေတာဘဲ…အခြားဆိုင်သွားပေါ့…….သခွားသီးထပြောတယ်……
မင်းဘာစကားပြောတာလဲ…..
မဟုတ်ဘူး…မဟုတ်ဘူး….ငါတို့ဝိုင်းမှာအတူတူသောက်ကြတာပေါ့…….
ဟေ့…..သူများကျွေးမှ စားရတဲ့သူတောင်းစားမဟုတ်ဘူးကွ………

နဂိုကတည်းကမှ ကျနော်တို့ကိုဖဲ့ချင်နေတာ….. ဖြောင်းကနဲ ကုလားထိုင်တစ်လုံးကိုရိုက်ချိုးပြီး ကုလားထိုင်ခြေ
ထောက်ကိုတစ်ယောက်တစ်ချောင်းကိုင်ထားကြတယ်…… ၀ိုင်းပြီးသမမယ့်ပုံတွေ……..

ကုလားကြီးလုံးဝမတုန်လှုပ်ပါ…….အေးအေးဆေးဆေးစကားပြောပါတယ်…. အုပ်စုလိုက်ရန်ဖြစ်တာ သတ္တိမ ရှိတဲ့ကောင် တွေအလုပ်…….. မင်းတို့တကယ် သတ္တိရှိရင် ငါတို့သုံးယောက် ထဲကဘယ်ကောင်နဲ့ ချချင်လဲ….. တစ်ယောက်ချင်းချမယ်….. ဒါးဒါးချင် ၊ဒုတ်ဒုတ်ချင်း ဘာလာလာဖြစ်တယ်….. ဒါပေမယ့်ဆိုင်ထဲမှာ မလုပ်ဘူး၊ လမ်းမပေါ်မှာချမယ်…….

ကုလာကြီးရဲ့ သွေးအေးအေးစကား ဟာရန်ဖြစ်ချင်နေတဲ့ လူငယ်တွေကို တွေဝေသွား စေပါတယ်…… ကျနော်တို့ သုံးယောက်လုံး ဆိုင်အပြင်ကိုထွက် လိုက်ကြပါတယ်….. ဆိုင်ထဲမှာရန်ဖြစ်တော့ မယ်ထင်ပြီဆိုင်ရှင် ခမျာယောက်ယက် ခတ်နေပါတယ်….. ဒီလူငယ်နဲ့ ရှမ်းမလေး တို့ဟာတစ်ရွာတည်း သားတွေ၊ အမှန်ဆိုရင်ကိုယ့် ရွာ ကိုယ့်မြေက ဆိုင်ကိုမပျက်စီး အောင်စောင့် ရှောက်ပေးရမှာ၊ ကျနော်တို့ဒီရွာသား မဟုတ်သလို ဒီမြေမှာခဏနေတာ အခု တော့စိတ်ဓါတ် တွေက ဆန့်ကျင် ဘက် ဖြစ်နေတယ်…..

ကုလားကြီးလမ်းပေါ်မှာစည်းဝိုင်းကြီးဝိုင်းနေတယ်၊ဘေးကလူတွေလဲတဖြေးဖြေးစုလာပါတယ်…..
ကဲ….. ငါတို့သုံးယောက်ထဲကမင်းတို့ဘယ်သူနဲ့ချချင်လဲ…..

အကောင်နဲနဲ ငယ်တဲ့သခွား သီးကိုလက်ညှိုးထိုးတယ်၊ ကျနော့်ကိုလက်ညှိုးထိုး မလား လို့စိုးရိမ်နေတာ၊ အကောင်နဲနဲ ကြီးတဲ့ကျနော်နဲ့ ကုလားကြီးကိုဖယ်ပြီး ကရင်လေးကိုရွေးလိုက်ပါတယ်။သခွားသီး အင်္ကျီ ချွတ်ပြီး စည်းဝိုင်းထဲကို ၀င်လိုက်ပါတယ်……. သူတို့ဘက် ကလဲ တစ်ယောက် စည်းဝိုင်း ထဲကိုရောက်လာပါတယ်…. လူတွေလဲတော်တော် စုမိနေပြီ…..ကုလားကြီး ကစည်း ၀ိုင်းဘေးက လူတွေကြား အောင်အော်ပြောလိုက်ပါ တယ်……

တစ်ယောက်ချင်းထိုးကြမယ်…. ဘေးကဘယ်သူမှဝင်မပါကြပါနဲ့…….
အနိုင်အရှုံးကို သူတို့နှစ်ယောက် ဘဲဆုံးဖြတ်မယ်……
ကောင်လေးတွေ…မလုပ်ကြနဲ့ ရန်မဖြစ်ကြနဲ့လေ…..
ကိုယ့်ရွာကိုလာတဲ့ဧည့်သည်ကိုမလုပ်ကောင်းဘူးလေ…..

ဘေးလူတွေရဲ့အသံ တွေပိုပြီး ကျယ်လောင်လာပါတယ်…… တစ်ကယ်တော့ တိုင်းရင်းသား တွေဟာရိုးသားပြီးခင်  တတ်ကြပါတယ်….. ဒါပေမယ့်ဒီလူငယ်တွေက ရှမ်းမလေးနဲ့ပတ်သက်ပြီး ကျနော်တို့ကိုအထင်လွဲနေတာ ……အချစ် စိတ်မွန် နေကြတာ…..ကုလား ကြီးတတ်နိုင်သလောက် အချိန်ဆွဲပြီး လူစုနေတာ…. ဒါမျိုးရိုးသား တဲ့တိုင်းရင်းသား တွေလက်မခံ ကြပါ။ သူတို့ရဲ့စိတ်ရင်းဟာ ဧည့်သည်ကို ဧည်ဝတ်ကျေပွန်ရမှာ သူတို့တာဝန်၊ ရန်ဖြစ်တာမျိုး ဘယ်သူမှလက် မခံပါ…….သိတဲ့ သူလည်းမဟုတ်သလို အရေးပါတဲ့ကိစ္စ ဘာမှမရှိဘဲနဲ့ ထိုးကြိတ်ကြမယ့် နှစ်ယောက် လည်း စည်း ၀ိုင်း အလယ်မှာ လက်သီးချိန်ရင်း ရပ်နေကြတယ်….. ဒီနေရာဟာ ရန်ကုန်တက္ကသိုလ်နယ် မြေသာ ဖြစ်ခဲ့ရင် လက် သွက်တဲ့ သခွားသီး လက်ချက်နဲ့ တစ်ဖက်လူမှောက်သွားဘို့ရှိတယ်….

မလုပ်ကြနဲ့.. မှားကုန်မယ်….

ကျေးရွှာလူကြီး တွေရောက်လာပြီး ၀ိုင်းထဲကလူတွေကို ဖယ်ထုတ်လိုက်ကြပါတယ်…… နောက်ပြီးကျ နော်တို့ကို တောင်းပန်စကားနဲ့စခန်း ကိုပြန်ခိုင်းပါတယ်။ စိတ်ထဲမှာရန်ဖြစ်ခဲ့တာကိုစဉ်းစားကြည့်ရင်တခါမှမြင်ဘူးတဲ့သူတွေ မဟုတ်သလို ဘာရာဇ၀င်ကြွေးမှလညှ်းမရှိဘဲနဲ့ဖြစ်ခဲ့ကြတယ်…..

စိတ်ထဲကထစ်က နဲဖြစ်လာတဲ့ဒေါသကြောင့် သတိတစ်ချက်လွတ်သွားပြီး စိတ်လိုက်မာန်ပါ တွေဖြစ်ကုန် တယ်၊ အမှားတွေဖြစ်ကုန်တယ်၊ ဒီဒေါသကြောင့်လူသတ်မှုတွေဖြစ်ကြတယ်၊ တရားဥပဒေကခွင့်မလွတ်ပါ၊ ဒါ ကြောင့်ပြစ်မှု ကြွေးကို ချွေးနဲ့ဆပ်ရပြီ၊ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေအားလုံးဒုက္ခရောက်ကုန်ပြီ၊ အထဲကလူလဲနောင်တ ရနေပြီ၊ ဒါပေမယ့်ပြင်လို့မရတော့ပါ။  အမျက်ဒေါသကိုတတ်နိုင်သမျ ချုပ်တည်းထားနိုင်တာ အကောင်းဆုံး…..

ကျနော်တို့နောက်ဆုံး နှစ်ကိုအောင်မြင်စွာဖြတ်သန်း နိုင်ခဲ့ပါတယ်၊ ကျောင်းပြီးသွားချိန်မှာကျနော် တို့မော်လ မြိုင်မှာ ထိုင်း ဘက်ကလာတဲ့ ထီကိုအခြေခံပြီးချဲထီခေတ်စားလာပါတယ်…….

15 ရက်တစ်ခါလူတွေအုတ်အုတ်ကျက်ကျက်နဲ့သူဌေးလောင်းရွေးကြတာ၊ မြ၀တီကော့ကရိတ်ကလောင် လာတဲ့ မီး ဟာမော်လမြိုင် ကို ရောက်လာပါပြီ၊ မော်လမြိုင်တစ်ခုလုံး မွန်ပြည်နယ်တစ်ခုလုံးကို အကြီးအကျယ်လောင် တာ…..မနေ့က ဆိုက်ကားသမား.. ဒီနေ့စူပါဆလွန်းစီးနေတယ်.. ချဲပေါက်လို့……..

ပြီးခဲ့တဲ့လက ပျဉ်ခင်းဘုန်းကြီးကျောင်းဟာဒီနေ့တိုက်ကျောင်းဆောက်နေပြီ ဘုန်းကြီးပေးလိုက်တဲ့ဂဏန်း တဲ့သွားလို့ ဒကာတိုက် ဆောက်ပေးနေပြီ…..

ဘုန်းကြီးကျောင်းတွေက လည်းတစ်ကျောင်းနဲ့တစ်ကျောင်း အမြဲချောင်းနေကြတာ၊ အော် သူကချဲနံပတ်ပေး လို့ တိုက်ကျောင်း ပြောင်းသွားတာကိုး.. ကဲကဲ ဒီမှာလာ အိတ်ပိတ်ဂဏန်းတွေပေးနေပြီ လူတွေလည်းထမင်းမေ့ ဟင်း မေ့အလုပ်တွေခဏထား ပြီးဘုန်းကြီးနောက်ကိုတကောက်ကောက်လိုက်နေကြပြီ…….

ကြက်သားသည်လည်း ဘုန်းကြီးနောက်လိုက်၊ ၀က်သားသည်လည်း ဘုန်းကြီးကျောင်းသွား၊ ကန်စွန်းရွက် သည်လည်း ဘိုးတော်အရူး မှာနံပတ်သွားတောင်း။ ဈေးသည်တွေမရှိလို့ အိမ်ကလူတွေထမင်းငတ်တော့မယ်။ ၀န်ထမ်း တွေလည်း နံပတ်နောက်လိုက်ကြတာ ရုံးမှာလည်းမရှိ…… နဂိုကတည်းက ကစားသမားကျနော်လည်း ဒီလောကထဲ ရောက်လာပါတယ်၊ ကစားသမားပီပီ ကျနော်ဖိုက်တာမလုပ်ပါ၊ ဒိုင်ဘဲလုပ်တယ်၊ နိုင်တဲ့အခွင့်အလမ်းဒိုင်ဘက်မှာပို များတယ်၊ တစ်ထောင်မှာ တစ်ယောက် ဘဲကံထူးတာ၊ 999 ယောက်ကရှုံးမယ်…….

လူတွေကလည်း ချဲပေါက်သွားတဲ့တစ်ယောက်ကိုဘဲမြင်ပြီး 999 ယောက်အသံ တိတ်နေတာကိုဘယ်သူ မှမသိလိုက်ဘူး……ဒီ 999 ယောက်လဲ နောက်တစ်ခါငါ့အလှည့်ဆိုပြီးထိုးရင် အိမ်တိုင်ကျွတ်တဲ့လူကျွတ်၊ဆိုင်ပြုတ် တဲ့ကောင်ပြုတ်၊ တိုက်ရောင်း တဲ့ကောင်လည်း ရောင်း သံဝေဂရစရာတွေ၊

“ အမှိုက်မကုန်သရွေ့ လူမိုက်မကုန်ဘူး…..” တဲ့ ကျနော်တို့ဒိုင်ချုပ်ရဲ့လက်သုံးစကား၊လူတွေလဲကျောက်တစ်လုံး ဘုန်းကြီးကျောင်း ပြေးလိုက်၊ သာမညဘုန်းကြီးဆီရောက်လိုက် ၊အရပ်ရှစ်မျက်နှာမှာ ရှိတဲ့နံပတ်ပေးတဲ့ပုဂ္ဂိုလ်ဆီ လိုက်ကြတော့ မူလအလုပ် တွေလည်းမလုပ်နိုင်တော့ဘူး။ ချဲထိုးလို့ကုန်တာရယ် အလုပ်မလုပ်လို့ဝင်ငွေမရှိတာ ရယ် ကြောင့်ကြာရင် ပရုတ်လုံး ဘ၀ရောက်တော့မယ်…..

ဒါပေမယ့်ကျနော် တို့အတွက်အရမ်း ၀င်ငွေကောင်းနေတယ်၊ ကျနော့်သူငယ်ချင်း နှစ်ကောင်ကိုလဲ လိုင်းသွင်း ပေး လိုက်ပါတယ်၊ ချဲမီးဟာရန်ကုန်ကို ရောက်လာပါပြီ၊ ၀င်ဒါမီယာ ထဲမှာခြံငှားထားတယ်၊ လန်ခရူဇာတစ်စီးငှားပြီး စီးတယ်။ ပိုက်ဆံအိတ်ကြီးချိုင်း မှာညှပ်ပြီးစတိုင် အပြည့်နဲ့နေခိုင်ထားတယ်၊ ကျနော်ဒီနှစ်ကောင်ကို သင်ပေးထားတာ၊ နောက် ကျနော် ရန်ကုန်လိုက် လာတယ်…..သုံးယောက်ပေါင်း လောင်းကျော်တော့မယ်….. ဒီမှာ….လာသမျှစားမယ့်မိုးကုတ်က ဒိုင်ဆိုပြီး သတင်းလွင့်ပေးထားလိုက်တယ်….ဘာပြောကောင်းမလဲ…. ငွေတွေ၊ငွေတွေ ၀င်လာမစဲ တသဲသဲ…..

တကယ် တော့ချဲပေါက်တယ်ဆိုတာ ကံကောင်းလို့ပေါက်တာမဟုတ်ဘူး။ ကံအရမ်းဆိုးလို့ပေါက်တာ၊ချဲငွေ ဟာငွေပူတွေ၊ လူဆိုတာ လောဘသား ငါရထားပြီးပြီ ရပ်တော့မယ် လို့ဘယ်သူမှစိတ်မကူးကြဘူး၊ ငွေပူတွေပြန် ထွက်ရင်းနဲ့ ကိုယ့်အိတ်ထဲကငွေတွေလည်း လိုက်ပြန်ထွက်ကုန်ရော၊ နောက်တော့ချဲပေါက်တယ်ဆိုတဲ့နာမည်ဘဲ ကျန်ခဲ့ပြီး ….နောက်ဆုံးတော့လဲ အိမ်လည်းမရှိ၊ ကားလည်းမရှိ၊ ဘာမှမကျန်တော့ဘူး။ လူတွေကတရားမရကြဘူး… ဒီအတိုင်းဆက်သွား လို့ကတော့ ပြည်သူတွေ မွဲကိန်းဆိုက်တော့မယ်…..

ပုထုစဉ်လူသားအားလုံးဟာ လောဘသားတွေ၊ဆင်းရဲတဲ့သူလည်းချဲရူးသလိုချမ်းသာတဲ့လူလည်းချဲရူး ကြတာဘဲ…….

ချဲဒိုင်အလုပ်ဟာ တစ်လမှာနှစ်ရက်ဘဲ အလုပ်လုပ်တယ်၊ ချဲဖွင့်မယ့် နေ့မနက်လာအပ်သမျှ စာရင်းနဲ့ငွေတွေ ကိုလက္ခံတယ် 1 နာရီချဲ ဖွင့်ရင်ပေါက်တဲ့သူတွေကိုလျော်ပေးလိုက်၊ မပေါက်ရင်အိပ်ထဲထည့်၊ ထိုးကွက်တွေများတော့ ထိလည်းသိပ်မစိုက်ရဘူး…….. ကျနော် တို့သုံးယောက်ပေါင်းပြီးကျောင်းတုန်းက ဇာတ်လမ်းတွေထပ်ဆက်ကြပြန်ရော….. ဂစ်တာတွေမတီး ဖြစ်တော့ဘူး။ ကာရာအိုကေဘဲဆိုတော့တယ်၊ ဘေးမှာကောင်မလေးတွေနဲ့ ပျော်စရာကြီး…… ဆေးကိုဖြတ်လို့မရ သေးဘူး၊ နောက်ထပ်တိုး လာတာရှိတယ်….. ဗီစီဒီရိုက်တဲ့ကောင်မလေးတွေ ကျနော်တို့ခြံကိုအ၀င်အထွက်များလာ တယ်။ ချဲထီရူး သွပ်နေတဲ့ သူတွေအကြောင်း ကြုံခဲ့တာလေး ပြောပြချင်တယ်…. ကြားရက်တစ်ရက်မှာကျနော်တို့လန်ခရူဇာ နဲ့ မော်ဒယ် တစ်အုပ်တင်ပြီ ငပလီသွားကြပါတယ်။ ငပလီအပြန်ပုသိမ် မုံရွာလမ်းအတိုင်း ရွှေစက်တော်ကို ခရီးဆက်ခဲ့ကြပါတယ်…….. တစ်ခါမှလည်း ဒီလမ်းခရီးကိုမလာဘူး လို့ရွှေစက်တော်တက်သွားတဲ့လမ်းရှာမတွေ့ဘူးဖြစ်နေတယ်။ နဲနဲမှောင် လာပြီ၊ မြန်မာပြည်မှာ ကားလမ်းညွန်တွေဘာမှမရှိဘူး၊ မေးစရာလူတွေလည်းမတွေ့ဘူး၊ ခဏနေမှသီချင်းဆိုသံကြား လို့ချောင်းကြည့်လိုက်တာ နွားကျောင်းသား လူရွယ်တစ်ယောက်ကိုတွေ့လိုက်ပါတယ်….

ညီလေး….. အကိုတို့ဘုရားဖူးတွေပါ… ရွှေစက်တော်တက်မဲ့လမ်းခွဲရှာမတွေ့သေးလို့ လမ်းညွန်ပေးပါအုံး….
လမ်းခွဲမရောက်သေးဘူး…ရှေ့နည်းနည်းဆက်သွားလိုက်ပါ….. လမ်းညွန်တွေ့မယ်ပါ့…….
ဒါနဲ့အစ်ကိုတို့ဘယ်ကလာတာလဲ……
ရန်ကုန်ကပါ……
အတော်ဘဲ…အောက်ပြည်မှာဘာနံပတ်တွေ တာစားလဲပြောပြပါအုန်း……
ညီလေးဘာကိုပြောတာလဲ……
အော်….အောက်ပြည်မှာလဲနေသေး….ညံ့ပါ… ချဲနံပတ်ကိုပြောတာဗျ……
ဟာ…..ညီလေး….ချဲမထိုးနဲ့ တဲထိုးရမယ်….

ကျုပ်နေတဲ့နေရာက တဲထက်ပိုစုတ်သေး…. သန်းခေါင်အပြင်ညည့်မနက်တော့ပါဘူး။ ကျုပ်အတွက်မျော်လင့် စရာချဲဘဲရှိတာ…..ဟိုတစ်လောက ခင်ဗျားတို့ရန်ကုန် သာကေတက နွားကျောင်းသား ချဲထီပေါက်ပြီးနောက်ရက် ဆယ် ထပ်တိုက်ကြီင်္း ၀ယ်လိုက်တယ်ဆိုလား ဘဲ…..ကျုပ်ဖြင့် အားကျပါ့…..

အောက်ပြည်အောက်ရွာမှာ လောင်နေတဲ့ချဲ မီးဟာ အထက်အညာဆီ ကိုတောင်ရောက်နေပါပေါ့လား…..ချဲဒိုင်ကိုင်ခဲ့တဲ့ တစ်လျှောက်လုံးအချိန်တွေ တော်တော်ပိုနေခဲ့တယ်၊ ငွေလည်းရှိတယ်၊ အချိန်လည်းပိုနေတယ်။ အတွေးထဲမှာ မကောင်းတာတွေ လုပ်ဘို့ တန်းစီနေ တော့တယ်……… ချဲထီအလုပ်တဖြေးဖြေးကော သွားရင်ချဲဒိုင်တွေ ဘာလုပ်ကြတော့မလဲ…. လောလော ဆယ် ဘယ်သူမှ ဒီအတွေးမ၀င်ကြပါ၊ ကျနော့်အတွေး မှာရေရှည်သိပ် မဖြစ်နိုင်
တော့ပါ….. နောက်ပြီးကျနော်တနေရာထဲမှာကြာကြာမနေတတ်ပါ…..ချဲဒိုင်အလုပ်ကိုငြီးငွေ့လာပြီ…. ကျနော့်သူငယ်ချင်း နှစ်ယောက် ဘာမှမစဉ်းစားဘူး….. ပစ္စုပ္ပန်မှာပျော်ပျော်ကြီးကဲနေတုန်းမှာ………

ကျနော် သင်္ဘောတက်ခဲ့ပါတယ်…. ထိုင်းကနေစခဲ့တဲ့ချဲမီး ဟာအခုဆိုရင်ကျနော်တို့ မြန်မာပြည်အနှံ့လောင် နေပြီ၊ တောမီး လိုဘဲရှေ့ကအားပြင်းပြင်းနဲ့ လောင်ပြီးသွားရင်နောက် ကမီးတဖြေးဖြေးကျသွားတာ ဓမ္မတာဘဲ…. ရန်ကုန်မှာ ချဲမီး လောင်နေတဲ့ အချိန်မော်လမြိုင် ၊ကော့ကရိတ်၊ မြ၀တီမှာငြိမ်သွားပြီ၊ ထိုးသားလက်ပျော့သွားရင်ဒိုင် လုပ်ရတာ သိပ်မ မိုက်တော့ ဘူး…… ထိုးကွက်နဲ လို့ဒိုင်သာတယ် ထင်ရပေမယ့် တည့်သွားရင် သုံးပတ်စား ထားသမျှ အန်ထွက်ကုန်ရော…..

ထိုးသားကျသွား ပြီဆိုရင်ဒိုင်မလုပ်သင့်တော့ဘူး၊ ရန်ကုန်အနေအထားကနောက်တစ်နှစ် 2 နှစ်လောက်ဆို ရင်ထိုးသား ရှိမှာမဟုတ်တော့ဘူး….. လေဆိပ်မှာသူငယ်ချင်းနှစ်ယောက်ကိုစကားနှစ်ခွန်းဘဲမှာခဲ့ပါတယ်…… မင်းတို့မိန်းမယူလိုက်ကြတော့၊ နောက်အလုပ်တစ်ခု ပြောင်းလိုက်တော့ လို့ပြောတာ ကျနော့်ကို ဒိန်ခဲပြစ်ပြီး ငပိအိုးဆီသွားတဲ့လူမိုက်၊ နတ်ပြည်တင်ထား တာခုန်ဆင်းပြီး သင်္ဘောကုန်းပတ်သွား တိုက်မယ့်လူမိုက် လို့ပြောကြ တယ်……..ကျနော် တစ်မြို့ပြီး တစ်မြို့သွားနေရတဲ့ဘ၀ကို အရမ်းကြိုက်တယ်။ သင်္ဘောကို ကိုယ့်အိမ်လိုဘဲသဘော ထားပြီးခရီးဆက်နေတယ်…နောက်နှစ်တွေမှာ ဒီကောင်နှစ်ကောင် လုံးမိန်းမရသွားပြီလို့ သတင်း ရောက်လာ ပါတယ်။ အထိမ်းအကွပ်ရှိသွားရင် အားလုံးအဆင်ပြေသွားကြမှာပါ၊ ချဲဒိုင် အလုပ်ကို ဘဲဆက်လုပ် သလား၊ ဘာတွေလုပ်နေလဲ ကျနော်မသိပါ………. ကျနော် အိမ်ပြန် မရောက်ပါ၊ အိမ်လဲမပြန်ချင်ပါ၊ ဆက်လိမ့် နေအုံးမယ်၊ နောက် 4 နှစ်လောက်မှာ ကျနော့်ဆီသတင်း တစ်ခုရောက်လာပါတယ်၊ သူငယ်ချင်း နှစ်ယောက်လုံး ထောင်ကျသွားပြီတဲ့၊ ဘာအမှုလဲ၊ ဘယ်နှစ်နှစ်လဲ ၊ဘယ်သူမှရေရေရာရာမပြောနိုင်ကြပါ၊ ကျနော် အဝေးတစ်နေရာရောက်နေ လို့အားရက်ရရင် ရန်ကုန်ပြန်မယ် လို့လိုင်းကိုအကြောင်းကြား လိုက်ပါတယ်….. ဒီလိုနဲ့ရန်ကုန် ရောက်လာပါတယ်….. ကျနော့် သူငယ်ချင်းတွေ ကျနော်မှာ ခဲ့တဲ့စကားကို တစ်ဝက်ဘဲနားထောင်တယ်….. တစ်ဝက်နားမထောင်ဘူး……မိန်းမယူတယ်၊ အလုပ်မ ပြောင်းခဲ့ကြဘူး.. ကျနော့်သူငယ်ချင်း နှစ်ယောက်ချဲမှုနဲ့ဆေးမှု နှစ်မှုပေါင်းထောင်းငါးနှစ်ကျခဲ့ပါတယ်….ထောင်ဝင်စာ သွားတွေ့တော့ ဒီကောင်နှစ်ကောင် လုံးအံ့သြနေကြတယ်……

ဆရာ…..ဘယ်တုန်းကပြန်ရောက်လဲ…..
ဆရာ…..ဘယ်တော့ပြန်မှာလဲ……
ဆရာ….နောက်လာတွေ့ပါအုန်း……

တစ်ယောက်ကလက်ပိုက်လျှက်၊တစ်ယောက်ကလက်နောက်ပြစ်ပြီး ပါးစပ်ကဆရာဆရာမချတော့ဘူး
အင်းစိန်တက္ကသိုလ်ကဘာတွေသင်ပေးလိုက်လဲ ကျနော်မသိတော့ဘူး……ကုလားကြီးကကျနော်ထွက်သွားပြီး
နောက်ပိုင်းအကြောင်းတွေကိုဒီလိုပြောပြပါတယ်……..


- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

ဂျာဂိုး သင်္ဘော လိုက်ပြီးနောက် ကျနော် တို့နှစ်ယောက် ချဲဒိုင်ဆက်လုပ်ကြပါတယ်၊ ဂျာဂိုးပြောတဲ့အတိုင်း ထိုးအားတွေ တဖြေးဖြေးကျလာပါတယ်၊ တစ်ပတ်ပြီးတစ်ပတ်ဆင်းလာပါတယ်၊ ပထမ ထိုးကွက်နဲတာဒိုင်သာတယ် လို့ထင်ခဲ့မိပါတယ် ၊ဒါပေမယ့် လူတွေက ဘဲအတွက်အချက်တော်သလား၊ ဘုန်းကြီးတွေ၊ ဘိုးတော်တွေပေးတဲ့ ဂဏန်းဘဲမှန်သလား…မသိပါ ဒိုင်တွေဆက် တိုက်ထိတယ်…. တခါထိရင်သုံးခါ စားထားတာအကုန် ပြန်အန်တာ…..  ဒါပေမယ့် အရင်ကစား ထားတာတွေ ကြောင့်ခံသာပါ သေးတယ်။ ကျနော်တို့မှာ အိမ်တွေကားတွေကိုယ်စီနဲ့ပေါ့…..

ဂျာဂိုးမှာ ထားတဲ့အတိုင်း ကျနော်တို့မိန်းမ တွေယူလိုက်ကြပါတယ်…. မယားတော သူဆိုတဲ့အတိုင်းကျနော် တို့ တောမှာ ပြန်ယူကြပါတယ်။ ကျနော်ကပဲခူး မှာ ၊သခွားသီးကတောင်ငူမှာ ၊ မယားတောသူဆိုတော့ ယူထားတဲ့မိန်း မကို တောမှာ ဘဲနေစေပါတယ်…. ကျနော့်အမျိုးသမီးအမီနာကို ကျနော့်မိဘအိမ်မှာ ဘဲထားတယ်၊ သခွားသီးမိန်းမ က သူ့မိဘအိမ်မှာ ဘဲနေတယ်…..

ကျနော်တို့က သွားလိုက်လာလိုက်၊ မိန်းမတွေကိုရန်ကုန်မှာခေါ်နေလို့မဖြစ်ဘူး။ ကျနော်တို့နှစ်ယောက်က လူပြိုတွေ မော်ဒယ် ကောင်မလေးတွေ တရုန်းရုန်းနဲ့ပျော်စရာကြီး၊ ကျနော်တို့နှစ်ယောက်လုံးဆေးမပြတ်ခဲ့ကြပါဘူး။ လက်ထဲမှာငွေရှိနေတော့ ဖန်ဆီဒိုင်း အများကြီးဝယ်ထားတာ….

ချဲတွေအေးသွားရတာ ဘောလုံးပွဲတွေကြောင့်လည်းပါတယ်။ တစ်ပတ်တစ်ခါ ဘောလုံးပွဲတွေအများ ကြီး အင်္ဂလန်ပွဲ၊ စပိန်ပွဲ၊ အီတလီ ပွဲတွေအများကြီး ဂျာဂိုးရှိနေရင် ဘောလုံးပွဲဒိုင်လုပ်ဖြစ်အုန်းမလားဘဲ၊ ကျနော်တို့ နှစ်ယောက်ထဲ ဆိုတော့ထိုးသား ဘဲလုပ်ကြပါတယ်၊ ဘောလုံးပွဲ လည်းစွဲတာဘဲ၊ ကမာ့္ဘဖလားပွဲ၊ ဥရောပပွဲ တစ်ပွဲမှမ လွတ်ဘူး လောင်းတာ၊ ချဲဒိုင်က၀င်ငွေနဲ လာတဲ့အချိန် ဘောလုံးပွဲကစွဲနေပြီ၊ ငွေတွေကအထွက်ချည်းဘဲ…..

မော်ဒယ်မလေးတွေကလည်း give and take တွေဘဲ ရသလောက်တောင်းနေတာဘဲ။ ပေးလို့ကိုမ လောက်ကြဘူး…… ဒီကြားထဲနေ့ တိုင်းတိုက်တဲ့ နှစ်လုံးဆိုတာလည်းပေါ်လာပြန်တယ်၊ သူလည်းထိုင်းဘက်က စတော့ရှယ်ယာကိန်း ဂဏန်းတွေက ထီ အဖြစ်အသွင်ပြောင်း ထားတာ……

တဖြေးဖြေးနဲ့ ပရုပ်လုံးဖြစ်တော့မယ်၊ အိမ်ပိုင်ကားပိုင်ဘ၀ကနေ အငှားဘ၀ကိုပြန်ရောက်သွားပါပြီ။
ချဲဒိုင် စလုပ်တဲ့အခြေအနေမျိုး ကိုပြန်ရောက်သွားပါတယ်……. အရင်အခြေအနေနဲ့မတူတာ ကျနော်တို့ သုံးတတ် စွဲတတ် လက် ဖွာနေပြီ။ အကြွေး တွေကလည်းပတ်လည်ဝိုင်းနေပြီ။ အကုသိုလ်ကတစ်ယောက်တည်းမလာဘူး။ အစုလိုက် အပြုံလိုက် ခေါ်လာတာ………

လမ်းကြောင်း တွေလိုင်း ကြေးနဲ့ရှင်းထားရက်သားနဲ့ ကျနော်တို့ဖမ်းခံထိခဲ့ပါတယ်၊ လာဖမ်းတဲ့အချိန် ချဲ စာရွက်စာတမ်းတွေငွေတွေ ဖင်ဆီဒိုင်းတွေ အားလုံးသိမ်းသွားပါတယ်။ ကျနော်တို့လုံးဝ မမျှော်လင့်ထားတဲ့ အင်းစိန်ဘ၀တက္ကသိုလ်ကိုရောက်ခဲ့ရတယ်……

ဘ၀တက္ကသိုလ်က ကျနော်တို့နေခဲ့တဲ့ ရန်ကုန်တက္ကသိုလ်နဲ့နှိုင်းရင်ဆီနဲ့ရေလိုဘဲ၊ လွတ်လပ်ခြင်းရဲ့အရသာ ကိုကောင်း ကောင်း သိခဲ့ရပါပြီ……..
အုတ်နံ့ ၊သံဒိုင်အနံ့၊လူနံ့ ၊အောက်သိုးသိုး၊ညီစုတ်စုတ်အနံ့တွေဟာ ရောက်ခါစမှာအော်ဂလီဆန်ပြီးအန်ချင်တဲ့ စိတ်ကိုအတင်း ဖိနှိပ်ထားခဲ့ရပါတယ်….. ကျနော်တို့ရင်းနှီးခဲ့တဲ့နေရာက ကံ့ကော်ရနံ့သင်းပြံ့နေတဲ့တက္ကသိုလ်ပုရ
ဝုဏ်…… လန်းဆန်းတက်ကြွနေပြီး ပညာရှာမှီးနေတဲ့လူငယ်လေး တွေကိုနိုင်ငံခြားကဘွဲ့ကြီးတွေယူလာခဲ့တဲ့ဒေါက် တာတွေ၊ ပါမောက္ခတွေကပညာတွေ သင်ကြားပို့ချနေတယ်……

အင်းစိန်တက္ကသိုလ်မှာက အသက်ကြီးတာ၊ ၀ါကြီးတာ၊ စာတတ်တာ၊ စာမတတ်တာ၊ လာမပြောနဲ့၊ အားလုံး ပုံစံထိုင် ……အုပ်စုတစ်စုမှာ ခေါင်းဆောင်တစ်ယောက်ရှိတယ်…. ဒီအုပ်စုခေါင်းဆောင်ကို ထောင်အခေါ် တန်းစီး လို့ခေါ်တယ်…နှစ်ကြီးသမားတွေ၊ လူမိုက်တွေက တန်းစီးဖြစ်တာများတယ်….. ကျနော်တို့အုပ်စုထဲမှာ စက်ရုံမှူးတွေ မန်နေဂျာတွေ အများစုဟာ စာတတ် ပုဂ္ဂိုလ်တွေ အသက်အား ဖြင့်ကျနော်တို့ အသက်ဝန်းကျင်တွေပါဘဲ….. အချို့ လဲ နဲနဲကြီးကြပါတယ်…..

သူတို့တွေလည်း ကံမကောင်းအကြောင်း မလှလို့ဘ၀ တက္ကသိုလ်ရောက်ခဲ့ကြတာပါ၊ သူ့အကြောင်းနဲ့သူရှိကြ ပါတယ်……..ကျနော်တို့တန်းစီဟာ ကျနော်တို့ထက်ငယ်တယ်။ လူသတ်မှုနဲ့နှစ်ရှည်ကျနေတဲ့ကောင်၊ ထောင်ဝါဒါ တွေက ထောင်သားတွေကို ထောင်သား အချင်းချင်းပြန်ထိန်းခိုင်းတဲ့သဘောဘဲ……

တန်းစီဟာ သူလူသတ်ခဲ့တဲ့အကြောင်း ကိုအမြဲဂုဏ်ယူပြီးပြောတတ်တယ်….. စာမတတ်တဲ့တောသား တစ် ယောက် ဖြစ်တဲ့အတွက် ဒီကောင့်မှာ ဂါရ၀တရားမရှိဘူး။ အဖေအရွယ်၊ ဦးလေးအရွယ်တွေကိုလည်း မိုးမွှန်အောင် ဆဲပြီးခိုင်းလေ့ရှိတယ်။ နောက်ပြီး ၀ါဒါတွေအတွက်ဆိုပြီး လိုင်းကြေးတောင်းလေ့ရှိတယ်….

ကျနော် တို့နှစ်ယောက် ဒီတန်းစီ ကိုကြည့်လို့မရဘူး။ တကွေ့ကွေ့မှာတွေ့ ကြမယ်လို့စိတ်ထဲမှာတေးထား တယ်…..ဘေးက လူပြောပြလို့တန်းစီ လူသတ်မှုအကြောင်း သိခဲ့တယ်၊ နောက်မီးလင်းနေတဲ့သူ့ မိန်းမနဲ့ကြာကူလီကို သတ်ပြီး ထောင်ထဲ ရောက်လာတာ၊ သူ့မိန်းမကိုသူမနိုင်လို့ဖြစ်တဲ့ကိစ္စ၊ ဒီကောင်စောက်ရူးဘဲ၊ ရှက်ရကောင်းမှန်းမသိ ဘဲလျှောက် ပြောနေတယ်၊ နှစ်တွေကြာလာလေ ကျနော်တို့ရင်ထဲမှာ မကျေနပ်ချက်တွေ ဒေါသတွေပိုများ လေလေ… ကျနော်တို့အုပ်စုကို ဆေးမှုနဲ့ ၀င်လာတဲ့ကောင်လေး တစ်ယောက် ရောက်လာပါတယ်….. ဖြူဖြူနွဲ့နွဲ့ကောင်လေး……

ရောက်ပြီးမကြာဘူး၊ ကောင်လေး ငိုငိုယိုယိုနဲ့ ကျနော်တို့ကို လာတိုင်ပါတယ်၊ သူ့ကိုတန်းစီးကအဓမ္မ ကျင့်လို့ တဲ့ ယောက်ျားချင်း အဓမ္မကျင့်တာ၊ နဂိုကမှကြည့်လို့ မရတဲ့ကောင်၊ ရင်ထဲမှာအားလုံး အစာမကြေဖြစ်နေ တဲ့အချိန် ဒီဒေါသတွေ အကုန်လုံးတန်းစီး ပေါ်ကျသွားပါတယ်…..

ထောင်ထဲက ဖိုက်တင်ပွဲ၊ကျနော်နဲ့ သခွားသီး၊ တန်းစီးနဲ့ သူ့အောက်ဆွဲ……. ကျနော်တို့နှစ်ယောက်လုံးရင် ထဲက ဒေါသပေါက်ကွဲကြတာ….. ဒေါသကြောင့်လူစိတ်တွေမရှိတော့ဘူး။ ကျနော့်စိတ်ထဲမှာဒီတန်းစီးကိုအသေသတ် ချင်တယ်၊ ဒီကောင်မသေရင် ကျနော်တို့ကိုပြန်ဒုက္ခပေးမယ်။ ဒါကြောင့်ဒီကောင့် ကိုအသေသတ်ရမယ်….. ကျနော် တို့နှစ်ယောက် ကြိုတင် အကွက်ချပြီး ဖိုက်တာ၊ တန်းစီးက အမြဲတမ်းဘာမှပြန်မပြောတဲ့ ကျနော်တို့ကိုဒီလိုဖြစ်လာ လိမ့်မယ် လို့မထင်ထားဘူး…..အငိုက်မှာ အမိတွယ်တာ၊ ကျနော့်ကိုယ်ထဲမှာ လူစိတ်မရှိတော့ဘူး ဘီလူးသရဲဝင်စီး သလိုဘဲ တန်းစီးခေါင်းကို အုတ်နံရံနဲ့ကိုင် ဆောင့်တယ်…… ဆောင့်တယ်…… ဆောင့်တယ်…… သခွားသီးလဲ ဟိုတစ်ကောင် ကိုကောင်းကောင်းသမနေတယ်….၀ါဒါတွေရောက်လာတဲ့အချိန်တန်းစီး နဲ့အောက်ဆွဲ မျက်နှာတစ်ခုလုံး စုတ်ပြတ်သတ်နေပြီ……. သွေးတွေနဲ့ ရဲနေတာဘဲ မလှုပ်တော့ဘူး…… ရန်ဖြစ်တဲ့ဆုလာဒ်အဖြစ်ကျနော် တို့နှစ်ယောက်လုံး တိုက်ပိတ်ခံထိပါတယ်၊ ကျနော်တို့ကိုအမှောင်ကမ္ဘာထဲကို ပို့လိုက်ကြပါတယ်…… ပြောရအုံးမယ် လူတွေအကြောင်း၊ အုပ်စုတစ်ခုလုံးကိုအနိုင်ကျင့်နေတဲ့ကောင်ကိုဆုံးမလိုက် တာကျနော့်အပြစ်လား၊ သူသာအနိုင် မကျင့်ရင်ဒီ လိုဖြစ်စရာအကြောင်းမရှိဘူး……

တိုက်ထဲခေါ် မသွားခင် လက်ကို နောက်ကချုပ်၊ ခေါင်းကိုအ၀တ်စွတ်ပြီး ကျနော့်ကို သုံးလေးယောက်ဝိုင်းပြီး ဆွမ်းကြီး လောင်းကြတာ….. လူမိုက်ကိုစော်ကား မိတဲ့ လူလိမ္မာကိုထောင်သားအချင်းချင်း ၀ိုင်းသမကြတာ၊မသာကို ကြိုးချည်ပြီး ရိုက်သလိုမျိုး တော်တော် သတ္တိကောင်း ကြတယ်…….

ကျနော်ကိုယ် ပေါ်မှာပေါ်မှာ ပုဆိုးမရှိတော့ဘူး….ကျနော် သတိရတဲ့အချိန် တိုက်ထဲ ရောက်နေ ပြီ… လှုပ်လိုက် တိုင်း တစ်ကိုယ်လုံးနာကျင်နေတယ်…. ပါး စပ်ဟလို့မရတော့ဘူး၊ နှတ်ခမ်းမှာကွဲပြဲနေတယ်….. ကြည့်မှန်တစ်ချပ်ရှိ ရင် ကျနော့်မျက်နှာကို ကျနော်ပြန် ကြည့်ချင်ပါတယ်……. ဖူးရောင်ကွဲပြဲနေတဲ့ ဘီလူးရုပ်ဖြစ်နေပြီလား……

မ၀ရေစာ လက်တစ် ဆုပ်စာထမင်းနဲ့ အမှောင်ခန်း ထဲမှာဘယ်နှစ်ရက် နေခဲ့ရလဲမမှတ်မိတော့ ပါဘူး။ တစ်ယောက်တည်း အမှောင်ခန်း ထဲမှာစကားပြောဖေါ်မရှိတဲ့အခန်း စိတ်ဓါတ်တွေပျက်ချင် သလိုလိုဖြစ်လာပါတယ်။ စိတ်ဓါတ်ကျတာမဟုတ်ဘူး။ လူကရူး ချင်လာတာ…..

ပထမဆုံးစိတ်ထဲမှာပေါ် လာတာကျနော့်သူငယ်ချင်းဂျာဂိုး၊
ဒီကောင်တော့သင်္ဘောပေါ်မှာငြိမ့်နေမှာ……
မင်းစကား ကိုနားမထောင်မိ လို့ဒီအဖြစ်နဲ့ကြုံနေတာ…..
အဝေးတနေရာကမင်း ငါ့အကြောင်းကိုကြား ရင်
မိုက်ရဲရင်ခံ ရဲရမယ်လို့ပြောနေမှာ……

နောက်ထပ် ပေါ်လာတာက ကျနော့်အပါနဲ့ အမာ……သားကို ဘယ်တော့ မှအပြစ်မမြင် တဲ့မိဘနှစ်ပါး၊ လူတကာအပေါ်စိတ် ကောင်းထား ဘို့အမြဲဆုံးမတဲ့မိဘ နှစ်ပါး၊ တစ်နေ့ငါးကြိမ်ဝတ်ပြုလေ့ရှိတဲ့အပါ၊ ကျနော်ဟာ မိဘတွေကိုစောင့်ရှောက် ဘို့မေ့နေတဲ့ သားမိုက်၊ မောင်နှမတွေ အပေါ်ကြည့်ရှုဘို့ မေ့နေတဲ့အကို…. ငါဟာတော်တော် အသုံးမကျတဲ့ ကောင်ပါလား……  နောက်ထပ်စိတ် ထဲမှာပေါ်လာတာက ဘာသာရေး….. ကျနော့် အဖိုးအဖွား လက်ထက်ထဲက အစ္စလာမ် ဘာသာကို ကိုး ကွယ်ခဲ့ကြသော မူဆလင်များဖြစ်ကြတယ်….. ဒါပေမယ့်ကျနော်ဘာသာ ရေးကိုမေ့နေတာနှစ်ပေါင်းကြာနေပြီ။  မိဘအိမ်နှင့်ကင်း ကွာနေ ကတည်းက ကျနော်ဟာ ရာမ်ဇန်လများမှာ ၀ါရှောင်ခြင်း ဥပုသ်မစောင့်တာ ကြာနေပြီ….. ဒါ့အပြင် အလ္လာဟ် အရှင်တား မြစ်ထား သောမကောင်းမှုတွေကို ကျနော်အကြိမ် ကြိမ်ချိုးဖောက်ခဲ့မိတယ်….ဒီအ ပြစ် တွေကြောင့်အလ္လာဟ် အရှင်ဟာကျနော့်ကို ဘ၀တက္ကသိုလ်ပို့ပြီး ဒဏ်ခတ်တာလား…..

အလ္လာဟ် အရှင်မြတ်အလိုတော်အတိုင်း တပည့်တော်ပြစ်မှု အကြွေးများ ကိုဤပြစ်ဒဏ်နှင့် ချေဖျက်ရမည် ဆိုပါက တပည့်တော် ကျေကျေနပ်နပ်ကြီး ပေးဆပ်ပါတော့မည်….. ဒီနေ့ဒီရက် ဒီအချိန်မှ စ၍ တပည့်တော်သည် အလ္လာဟ် အရှင်မြတ်အလိုတော် အတိုင်းနေပါတော့မည်ဟု သစ္စာပြုပါသည်။ “ ဆွလ္လာဟု အလိုင်ဟိဝစလ္လမ် ”


- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -


လူဆိုတာ တစ်ယောက်တည်းနေလို့မရပါဘူး….. အသိုင်းအ၀ိုင်းမိတ်ဆွေသူငယ်ချင်းတွေနဲ့ပေါင်းသင်း ဆက်ဆံနေရတာ ဒါပုံမှန် လူတစ်ယောက်ရဲ့အနေအထား……. ပုံမှန်မဟုတ်တဲ့လူကျတော့ တစ်ယောက်တည်းသီး သန့်နေတတ်တယ်။ လူအများ နဲ့ဝေးဝေးရှောင်လာတယ်…..ဒါဆိုဒီလူဟာနဲနဲကြောင်လာပြီ…ဒါထက်မြင့်လာရင်ရူး တော့မယ်။ အခုကျနော်လဲရူးတော့မယ်၊ တစ်ယောက်ထဲ အမှောင်ခန်းထဲမှာဘယ်နှစ်ရက်ရှိပြီလဲကျနော့်မသိတော့ပါ။ စိတ်တွေဂယောက်ဂယက်ဖြစ်နေပြီ၊ အများအကျိုး ဆောင်ကိုယ့်အကျိုးအောင်….. ငယ်ငယ်ကကျနော်တို့အော်ဟစ် ငြီးဆိုခဲ့ကြတယ်။ ထောင်ထဲမှာ ဒီဆောင်ပုဒ်အလုပ်မဖြစ်ပါ……

တစ်အုပ်လုံးကို အနိုင်ကျင့်တဲ့တန်းစီး ကိုကျနော်နဲ့ ကုလားကြီး ရှင်းပြစ်လိုက်တယ်။ အားလုံး အတွက်မခံနိုင် တော့ လို့ထ လုပ်လိုက် တယ်။ လုပ်တဲ့သူအပြစ်ဖြစ်နေပြီး အခုတိုက်ပိုက်ခံနေရပြီ……

ကျန်ခဲ့တဲ့သူတွေဘာမှမဖြစ်ဘူးအေးအေးဆေးဆေးပါဘဲ…….
ကျနော်တို့ဘဲ ဒုက္ခရောက်နေပြီ…..အတ္တနဲ့ပရကိုကျနော်ခွဲခြားတတ်သွားပါပြီ…. ပြန်စဉ်းစားကြည့်ရင်တန်းစီးမှာ အပြစ်မရှိဘူး။ ငြိမ်ခံနေတဲ့ တစ်အုပ်လုံး မှာအပြစ်ရှိတယ်…. အားလုံးငြိမ်ခံနေလို့ ဟိုသူတောင်းစား တွေလူပါးဝပြီး တစ်ဆင့်ပြီး တစ်ဆင့် အနိုင်ကျင့်လာတာ အစကတည်းက သူတစ်ပြန်ကိုယ်တစ် ပြန်ဆိုဒီလောက် လူပါးဝရဲမှာမဟုတ် ဘူး…အရာအားလုံးလွန်ခဲ့ပြီ။ နောက်ဆိုရင ကိုယ့်အတွက်ဘဲ ကြည့်တော့မယ်….. ကုလားကြီးလဲကျနော့်လိုဘဲခံစား ရမှာ….ကျနော် မိဘတွေ အလွန်ရိုးသားကြပြီး၊ရသမျှနဲ့ ရောင့်ရဲကြတဲ့ ကရင်လူမျိုး တွေဖြစ်ပါတယ်…. တောင်ငူအ ထွက် သံတောင်တက်တဲ့ လမ်းနဘေးမှာ ကျနော်တို့ခြံကြီးရှိတယ်၊ ငြုပ်ကောင်းစိုက်တယ်၊ ပဲစိုက်တယ်၊ ရာသီပင်တွေ စိုက်လေ့ရှိတယ်။ ကျနော့်မိဘလို မျိုးရောင့်ရဲတင်း တိမ်နိုင်မယ်ဆိုရင် အမိုးတို့ခြံဟာ နေလို့အကောင်းဆုံးနေရာဘဲ။ ရန်ကုန်ကျောင်း တက်ခဲ့တဲ့ကျနော် ဟာတောကို မပြန်ချင်ခဲ့ဘူး။ မြို့ပြယဉ်ကျေးမှု ကိုခင်တွယ်ခဲ့ပြီး မူးယစ်ဆေးကိုမြို့ ပြရဲ့ယဉ်ကျေးမှုတစ်ခုလိုကိုးကွယ်ခဲ့မိတယ်….

ဒါကြောင့် မူးယစ်ဆေးဝါး သားကောင်ဖြစ်ခဲ့ရတယ်၊ လောဘကြောင့်စီးပွားရေး ကိုလည်းတရားမ၀င်ဖြတ်လမ်း ကလိုက်ခဲ့မိတယ်။ လောဘ၊ ဒေါသ၊ မောဟ တွေကြောင့်ကျနော်ဒုက္ခရောက်ခဲ့ရတယ်…….

ဒုက္ခဆင်းရဲ မရောက်ရအောင် လောဘ၊ ဒေါသ၊ မောဟ တွေကို မဖြစ်အောင်ထိမ်းသိမ်းရမယ်။ အရာရာချင့် ချိန်တွေး တောပြီးကောင်း သောအသက်မွေးခြင်း ကိုလုပ်ကိုင်ခြင်းဖြင့် ကောင်းသောဘ၀ကို ရောက်ရမည်ဟုကျ နော် ယုံကြည်မိပါသည်။ ဗုဒ္ဓဘာသာဝင်ဖြစ် သောကျနော်သည် ရတနာသုံးပါးကို မေ့လျှော့နေတာကြာပြီ။ ကျနော့်မိဘများအ ပေါ်သား သမီး ၀တ္တရားမကျေပွန်ခဲ့ သော ကျနော်၊ ထို့ပြင်ကျနော့်သား နဲ့သမီးအပေါ်မိဘ၀တ္တရားမကျေပွန်ခဲ့ သောကျနော်၊ ကောင်း တာတစ်ခုမှမရှိခဲ့ပါ……

ကျနော်ဟာလူ့အသိုင်း အ၀ိုင်းနဲ့မထိုက်တန်သော လူတစ်ယောက်ဖြစ်တယ်။ ဒါထက်ဆိုးပါတယ်၊ ငယ်စဉ်က ကိုရင်တစ်ခါသာ ၀တ်ပြီးပဉ္ဇင်းမခံရသေးသော လူတစ်ယောက်ဖြစ်ပါတယ်….. ဒီလောက်ဘာသာတရားကိုမေ့လျှော့ နေသော ကျနော်…..သခွားသီး ………..

အချိန်ရတုန်း ထောင်သားတွေအကြောင်းနဲနဲပြောချင်တယ်… ကျနော်စိတ်ထဲမှာ ထောင်ထဲရောက်နေသူများ သည် ကျူးလွန်ခဲ့သော အပြစ်အတွက် နောင်တတွေရပြီး အားလုံးလိမ္မာနေပြီလို့ထင်ခဲ့မိပါတယ်….. ဒီအထင်ဟာမှား နေမှန်း ကိုယ်တိုင်ရောက်ပြီးမှ သိလာပါတယ်….

အပြင်မှာမိုက်ခဲ့တဲ့ကောင်တွေ အထဲမှာလည်းဆက်ပြီးမိုက်နေတာဘဲ……ဒီကောင်တွေကငရဲထိဆက်ပြီးမိုက်နေမဲ့ ကောင်တွေ၊ ထောင် အတွေ့အကြုံသိခဲ့ပြီး နောက်ထောင် မကြောက်တော့ဘဲ ၀င်စို့ထွက်စို့လုပ်နေသော ကောင်တွေကိုလည်းအများကြီး……

နောက်ပြီး ထောင်ထဲမှာလိုတာ အကုန်ရတယ် အရေးကြီးဆုံးကငွေဘဲ။ တရားကျစရာလူတွေအကြောင်း ပြောပြချင်သေးတယ်။ လူငယ်တစ်ယောက် သူဗီဒီယို စီမံချက်နဲ့ဝင်လာတာ……သူ့အဖြစ်ကတော်တော်ဆိုးပါတယ် ကော်ပီသီချင်း တွေဆိုပြီးနာမည်ကြီး လာတဲ့အဆိုတော်ခွေကို ခိုးရောင်းနေတာမိသွားလို့…….

နောက်တစ်ယောက်က ကျနော်တို့ကိုဖမ်းတဲ့စခန်းမှုး၊ သူလည်းကျနော်တို့ရောက်ပြီး သုံးနှစ်လောက်မှာဘ၀ တက္ကသိုလ်ကို ရောက်လာတယ်….. လဘ်ပေးမှုတဲ့…. မဖြစ်နိုင်ဘူး တစ်ခုခုမှားနေတာဖြစ်မယ်….. သူ့ရုံးခန်းရှေ့မှာ “လဘ်ပေး…ရန်မလို” ဆိုတဲ့ စာတန်းအကြီးကြီး ကပ်ထားတာကျနော်ကိုယ်တိုင်မြင်ခဲ့လို့ပါ။ မျက်စိရှေ့မှာမြင်နေရတဲ့သူတွေကိုကြည့်ပြီး တရားရလာပါတယ်၊ အရှေ့ကလူကိုကြည့်ပြီး ဘယ်အရာမှမမြဲဘူး လို့ပြော နေရင်း ကိုယ်တိုင်ကုလား ထိုင်ပေါ်မှာ ထိုင်မိရင် ဒီတရားကိုမေ့သွားပြန်ရော။ ပျက်ပြီးတော့မှ တရားပြန်ရကြပြန်ရော.. ဖြစ်လိုက်ပျက်လိုက်၊ တက်လိုက်ဆင်းလိုက်၊ ဖေါင်းလိုက် ပိန်လိုက်၊ လူ့ဘ၀တိုတိုလေးမှာ လောဘတွေနဲ့ မယားအတွက်၊ သားအတွက် ရှာနေလိုက်ကြတာ၊ သေသွားတော့လဲဘာမှယူသွားလို့မရပါ……….. 

 
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ…
ဓမ္မဒူတ…
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

© Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit