Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

အကုသိုလ် အကျိုးပေး

လူတစ်ကိုယ် ၀ါသနာ တစ်မျိုးတဲ့..ဟုတ်ပါတယ် ကျနော်နော်ငယ်ငယ်လေးထဲက ကျနော့် ၀ါသနာဟာနဲနဲထူးနေပါတယ်.ကျနော်ဟာ ငယ်ငယ်ကတည်းက ငါးဖမ်းတာ ငါးမျှားတာကိုအရမ်းဝါသနာကြီးခဲ့ပါတယ်.. အနီးပတ်ဝန်းကျင်မှာတံငါသည်တွေလဲမရှိပါ.. ဒါပေမယ့် ရေမြင်ရင်ငါးဖမ်းချင်တဲ့စိတ်တွေတဖွားဖွားပေါ်လာပါတယ်.
မိုးတွေရွာလို့ မိုးတွင်းရောက်ပြီဆိုရင် ကျနော်အကြီး အကျယ်ပျော်ပြီ.လူတွေစိတ်ညစ်နေကြသလောက်ကျနော်အရမ်းပျော်ပါတယ်. မိုးတွင်းမှာငါးတွေမြူးကြတယ်မြစ်ထဲကငါးတွေ ချောင်းလက်တက်ဆီကိုတက်ပြီးမျိုးဥဥ ကြတယ်. ကျနော်တို့မြို့လေးကို ဖြတ်စီးနေတဲ့ ချောင်းလေးဟာ နွေအခါရေနဲသလောက် မိုးတွင်းဆိုရေတအားများတာ ရေများတော့ ငါးတွေလည်း များတာပေါ့.. ကျနော်လူကြီးတွေ ကွန်ပစ်တဲ့နေရာ ကိုအမြဲသွားကြည့်လေ့ရှိပါတယ်။ကျနော့်အသက်အရွယ်နဲ့ ကွန်မှာတပ်ထားတဲ့ခဲ အလေးချိန်ကလေးလွန်းနေတယ်။ ကွန်တစ်ဖုံရဲ့တန်ဘိုးဟာလည်း ကျနော့်မုန့်ဘိုးနဲ့ ၀ယ်ဘို့မတတ်နိုင်ဘူး ပိုဆိုးတာက ကျနော့်အိမ်က ငါးဖမ်းတာကိုလုံးဝမကြိုက်ဘူး.. အဖွားနဲ့အမေဆိုရင် ကျနော်ငါးဖမ်းတာနဲ့ ပတ်သက်ပြီး အမြဲကြိမ်းမောင်း လေ့ရှိတယ်။ တစ်မိပေါက်တစ်ယောက်ထွန်းဆိုသလို စုန်းပြူး ကျနော့်ကိုပြောမရသောကြောင့်လျှစ်လျူထားကြတယ်။ ငါးဖမ်းတာနဲ့ပတ်သက်ရင် နဲနဲလေးမှမကြည်..ကွန်တစ်ဖုံလောက်ဝယ်ချင်ပေမယ့် ကျနော်မေ့ထားလိုက်တယ်။ငါးမျှားတံဆိုရင်ဖွက်ရလွယ်တယ်.ကျနော့်စိတ်ကြိုက်ငါးမျှားတံလေးငါးချောင်းရှိတယ်။ကျနော်တို့အိမ်အောက် ဘယ်သူမှမမြင်အောင်ဖွက်ထားလေ့ရှိတယ်..
မိုးတွင်းရောက်ရင် ကျနော်ငါးမျှားနေကျ နေရာတွေရှိတယ်၊တစ်နေရာက ကျနော့်အဖွားသွားလေ့ရှိသော ဘုန်းကြီးကျောင်းဝင်းထဲက ချောင်းဘေးနားမှာဆောက်ထားသောတိုက်ကျောင်းအောက်မှာကျနော်တစ်ယောက်တည်း ငါးမျှားလေ့ရှိတယ်..ကျောင်းပေါ်မှာရှိနေတဲ့ ဆရာတော် ပထမ ကျနော့်ကိုဘယ်သူမှန်းမသိဘူး.. နောက်ပိုင်းမှအဖွားရဲ့မြေးမှန်းသိသွားတယ်။အဖွားက အမြဲတမ်း ဒီကျောင်းကို လာလေ့ရှိတယ်
ဆရာတော်ကျနော့်ကိုခေါ်ပြီး အကုသိုလ်အလုပ်တွေကို မလုပ်ဘို့ဆုံးမပါတယ်.. ဘုန်းကြီးကျောင်းမှာငါးမျှားရတာလည်း မလွပ်လပ် တော့ပါ ဆရာတော်မမြင်အောင်နေပြီး ငါးမျှားတာ၊ ဒါပေမယ့် ဘုန်းကြီးကျောင်းသားတွေက ဆရာတော်ကို သတင်းသွားပေး ကြပါတယ်.. ဆရာတော် ခေါ်ပြီး အမြဲဆုံးမလေ့ရှိသလို ကျနော်လဲငါးမျှားမပျက်ပါ. ကြာတော့ဆရာတော်လဲ ကျနော့်လိုအကုသိုလ် ကောင်ကို စိတ်ပျက် သွားပုံရပါတယ်..ဘာမှမပြောတော့ပါ..
ကျနော်တို့မြို့မရောက်ခင်တစ်မိုင်လောက်မှာ တံတါးရှိတယ်..ဟိုးအရင်ကသစ်သားတိုင်လုံးတွေစိုက်ထားတဲ့သစ်သားတံတား အောက်ခြေ ကို သစ်သားတန်းတွေနဲ့ ယှက်ပြီးချုပ်ထားတယ်အဲဒီချုပ်တန်းတွေပေါ်မှာထိုင်ပြီးငါးမျှားနေတာ.နေဘယ်လောက်ပူပူ တံတားအရိပ် နဲ့အေးနေတာဘဲ.ကျောင်းပိတ်ရက်တွေမှာစက်ဘီးစီးပြီးလာလေ့ရှိတယ်..ငါးဖမ်းတာဝါသနာကြီးတဲ့ကျနော့်ကိုသူငယ်ချင်းတွေက တံငါ သည်လို့ခေါ်ကြတယ်..၀ါသနာကြောင့် ငါးဖမ်းတဲ့ကျနော်ဟာမိလာတဲ့ငါးတွေကိုအိမ်ကိုမယူသွားရဲပါ..အဆဲခံရမှာကြောက်လို့ဘေးမှာ ငါးမျှား နေတဲ့လူတွေကိုအားလုံးပေးပစ်လေ့ရှိတယ်..ဒါကြောင့် ကျနော်ငါးမျှားလာရင်သူတို့ အရမ်းပျော်ကြတယ်.
လူကြီးတွေမရှိတဲ့တစ်ရက်မှာ အိမ်အောက်မှာဖွက်ထားတဲ့ ငါးမျှားတံတွေကိုထုတ်ပြီး ပင့်ကူတွေရှင်းလင်းပြီးငါးမျှားကြိုးတွေ ဖေါ့တွေကို ငါးမျှားချိတ် တွေကိုပြန်ပြင်ဆင်နေပါတယ်.နေ့ခင်းငါးမျှားသွားမလို့ပြင်နေတာ.ကျနော်ငါးမျှားတံလုပ်နေတာကို ကျနော့်ညီမ အငယ်ဆုံး က ထိုင်ကြည့်နေပါတယ်.
ခါတိုင်းလဲဒီလိုဘဲထိုင်ကြည့်နေကျပါဘဲ.
"ကိုကို.ကိုကို ငါးမျှားတာဘယ်လိုလဲ ဒီလိုလား.."
ငါးမျှားတံတစ်ချောင်းကိုကိုင်ပြီး ကျနော်ငါးမျှားသလို ညီမလေးလုပ်ပြနေပါတယ်
"ညီမလေးမလုပ်နဲ့ ..ငါးမျှားချိတ်စူးကုန်မယ်."
"သိပါတယ်"
ညီမလေးငါးမျှားတံကိုင်ပြီးငါးမိရင်ဆွဲသလိုမျိုး ဆွဲလိုက်ပြန်ပစ်လိုက်လုပ်နေပါတယ်.ကျနော်လဲသူ့ကိုဂရုမစိုက်အားပါ လူကြီးတွေမရှိခင် မြန်မြန်လုပ်ရမယ်..
"အမလေးချိတ်နေပြီ.လုပ်ပါအုံး ကိုကို."
အသားကုန်အော်လိုက်သောအသံကြောင့် ကျနော်လန့်သွားပါတယ်။
"မဆွဲနဲ့..မဆွဲနဲ့." ကျနော်သတိပေးပေမယ့် ညီမလေးထိတ်လန့်သောစိတ်နဲ့ ငါးမျှားကြိုးကိုအတင်းဆွဲနေပါတယ် ငါးမျှားချိတ်က ညီမလေး နားရွက်ဖျားမှာချိတ်နေပြီ.ကလေးအတွေးနဲ့ ဆွဲရင်လွတ်မယ်ထင်ပြီးဆွဲတာ.ဆွဲလေငါးမျှားချိတ်က အသားထဲနစ်ဝင်လေ၊ ကျနော်သူ့နားကိုကြည့်မိတဲ့အချိန်အတွင်းချိတ်ကအသားထဲကိုနစ်ဝင်နေပြီ၊
ငါးမျှားချိတ်မှာငြိနေသောငါးကို သနားကြင်နာစိတ်ကင်းမဲ့စွာဆတ်ကနဲ ဖြုတ်နေကျကျနော်သည်ညီမလေးနား မှာငြိနေသောငါးမျှားချိတ်ကို မဖြုတ်ရက်ပါ.ညီမလေးနာမှာစိုးသောကြောင့်ဖြစ်ပါသည်။
သွေးများစီးကျနေသောညီမလေးနားကိုကြည့်ပြီးကျနော်ညီမလေးကို သနားလာပါတော့တယ်. ကျနော်မလုပ်ရဲတော့ပါ။ ညီမလေးကို ကျောပိုးပြီးအရပ်ထဲက ဆေးခန်းကိုပြေးပါတော့တယ်
အဲဒီနေ့ကို ကျနော် မမေ့နိုင်ပါ၊မိုးမီးလောင်သောနေ့ဖြစ်ပါတယ်.ညီမလေးနားမှာချိတ်နေသောငါးမျှားချိတ်ကို ခွဲခန်းမှာ ခွဲပြီးပြန်ထုတ်ခဲ့ရ ပါတယ်ညီမလေးနားကို သုံးချက်ချုပ်လိုက်ရတယ်..တစ်အိမ်လုံးကျနော့်ကိုဆူပူကြိမ်းမောင်းနေကြတာ ကျနော်မှာ နေစရာပင်မရှိပါ
ကြောက်တဲ့စိတ် နာကျင်နေသောဒဏ်နဲ့ ညီမလေးအပူ ချိန်တက်ပြီးဖျားပါတော့တယ်..ခွဲထားသောနားရွက်မှာ ဂွမ်းပလာစတာတွေ ကပ်ထားသောကြောင့်အခြားတစ်ဖက်လှည့်ပြီးအိပ်နေရှာတယ်..ကြာတော့ညောင်းလာတယ်၊ အနာကိုမေ့ပြီး ဒီဘက်အလှည့်မှာ နားက အနာနဲ့ထိသွားပြီ အင့် ကနဲအသံထွက်ခါတစ်ဖက်သို့ပြန်လှည့်ကျသွားပြန်ပါတယ်..
တစ်ညလုံးညီမလေးကိုကြည့်နေမိပါတယ်၊သူ့ခမျာတစ်ဖက်စောင်းပြီးအိပ်နေရသောကြောင့် ညောင်းနေရှာပါတယ်ညောင်းလို့တစ်ဖက် လှည့်လိုက် အနာကိုထိပြီးပြန်လှည့်သွားလိုက်တစ်ညလုံး ညီမလေးကောင်းကောင်း မအိပ်ရပါသူ့ကိုကြည့်နေရင်း ကျနော့်ညီမ လှချင်ပချင်တဲ့အရွယ်ရောက်ချိန်၊နားကဒဏ်ရာကသူ့အလှကိုဖျက်စီးသလိုသာဖြစ်ခဲ့ရင်သွားပြီ..ကျနော်တသက်လုံးရင်ကျိုးရတော့မယ်။
သတ္တ၀ါ အသက်ပေါင်းများစွာကို ကျနော်သတ်ခဲ့တယ်.ငါးမျှားချိတ်မှာ ငြိနေသော ငါးကို ဆတ်ကနဲရက်ရက်စက်စက်ဆွဲဖြုတ်ခဲ့တယ်။ သူတစ်ပါး ဘယ်လောက်နာကျင်မလဲဆိုတာ ကျနော်မစဉ်းစားခဲ့ပါ..ခုညီမလေးငါးမျှားချိတ် စူးတော့မှ ငါးမျှားချိတ်စူးရင်၊နာတယ်ဆိုတာ သတိထားခဲ့မိတယ်.ငါးမျှားချိတ်နဲ့ငါးမျှားနေတာကြာလှပြီ..မနက်ရောက်တော့ ကျနော်ငါးမျှားတံတွေကို ဓါးဖြင့် အပိုင်းပိုင်းခုတ်ဖြတ်ပြီး မီးရှို့လိုက်ပါတော့တယ်ကျနော်ငါးမျှားတဲ့ဝါသနာကို အပြီးပိုင်စွန့်လွတ်လိုက်ပါပြီ
အတ္တကြီးကြသော လူများထဲမှ ကျနော်သည် မိမိသွေးသားကိုထိမှကိုယ်ချင်းစာစိတ်ဖြစ်လာခဲ့ရတယ်..မထိခင်သတ္တ၀ါတွေကို သနား ကောင်းရမှန်းမသိခဲ့ပါ
ထို့အတူ ကမ္ဘာ ပေါ်ရှိလူသားအချင်းချင်း ကိုယ်ချင်းစာစိတ်အပြည့်နဲ့မေတ္တာထားနိုင်ပါရင် ကျနော်တို့ ကမ္ဘာကြီးဟာ ပူလောင်လာစရာ အကြောင်းမရှိတော့ပါအားလုံးငြိမ်းချမ်းသွားမှာ ဖြစ်ပါတယ်..။
 

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit