Geology

Latest News :

LATEST NEWS

Download Needed Font

Geologists' Stories

Paying homage to our revered teachers

Geologists' Stories Main

 

နေရာ

ယဉ်ကျေးမှုအစဉ် ရှေးရှုကြရမည့် လူသားအားလုံး လူမှုဆက်ဆံရေးနယ်ပယ်တွင် နေရာနဲ့ ပတ်သက်၍ လိုက်နာကျင့်သုံး အပ်သောကျင့်ဝတ်တစ်ခုကိုတင်ပြလိုပါတယ်၊ ယင်းမှာနေရာပေးတတ်ဘို့နှင့် နေရာယူတတ်ဘို့ပင်ဖြစ်ပါတယ်။ ထို့နောက်နေရာမလုကြ ဘို့ပင် ဖြစ်၏။

ဒူးနေရာဒူး၊ တော်နေရာတော် ဟူသောမြန်မာစကားပုံတစ်ခုရှိပါတယ်၊ရှေးအခါကနန်းတွင်းတွင်ခစားရသူများသည် မိမိအဆင့်အတန်း လိုက်ရရှိသော နေရာတွင်သာခစားကြလေရာ တော်၊ ဒူး၊ စနည်း၊ အတွင်းဘဝေါ၊ အပြင်ဘဝေါ---ဟူသော နေရာငါးမျိုး သတ်မှတ်ထားလေ၏။ ဒူးနေရာရသူသည် သေဉ်မနေရာတွင်ခစားရပြီး၊ တော်နေရာရသူသည် ကွန်းစင်နေရာတွင် ခစားရ၏။ မိမိရသည့်အဆင့်အတန်း၊ နေရာအလိုက်ညီညွတ်အောင် ခစားရသည်ဟုဆိုလို၏။ အရာဌာန အခွင့်အခါကို ကြည့်၍ နေထိုင်တတ်စေရန် သတိပေးထားသည့် စကားပုံတစ်ခုဖြစ်ပါ၏။ စူးနေရာစူး၊ ဆောက် နေရာဆောက်ဟုလည်း သုံးနှုန်းတတ်ကြ၏။

ပါဠိစာပေများ၌-ဧကမန္တံ နိသီဒိ၊ ဧကမန္တံ အဌာသိ၊ ပတိရူပဒေသ၀ါသောစ-ဟူသောမှတ်တမ်းများကိုတွေ့ရ၏။ သင့်တင့်လျောက်ပတ်သော အရပ်၌ နေထိုင်တတ်ခြင်း ဟုအဓိပ္ပါယ်ရ၏။ နေရာပေးတတ်ခြင်း၊ နေရာယူတတ်ခြင်း၊ နေရာ ယူမှန်ခြင်း ဟုဆိုလို၏။ နေရာပေးခြင်း၊ နေရာယူတတ်ခြင်းသည် ယဉ်ကျေးမှုအသွင်ကို ဆောင်၏။ နေရာမပေးခြင်း၊နေရာမယူ တတ် ခြင်းသည် ရိုင်းစိုင်းမှုအသွင်ကို ဆောင်၏။နေရာပေးခြင်း,နေရာယူတတ်ခြင်းသည် အလိုက်သိမှု,ကိုယ်အဆင့်တန်းကိုနား လည်မှု,လေးစားရိုးသေမှု စသောအကျင့်စာရိတ္တ မြင့်မားမှု၏ ပြယုဂ်ဖြစ်၏။ နေရာမပေးခြင်း, နေရာမယူတတ်ခြင်းသည် အလိုက်ကန်းဆိုးမသိမှု, ကိုယ်အဆင့်အတန်းကိုမသိမှု, ပေါ့ပျက်ပျက်နိုင်မှု စသော အကျင့်စာရိတ္တနိမ့်ကျမှု၏ ပြယုဂ် ဖြစ်၏။ နေရာပေးခြင်း၊ နေရာယူတတ်ခြင်း သည် လောကကိုဗဟိုပြုသော အနစ်နာခံမှု၏ ပြယုဂ်ဖြစ်၏ နေရာမပေး ခြင်း၊ နေရာမယူတတ်ခြင်းသည် အတ္တကိုဗဟိုပြုသော တစ်ကိုယ်ကောင်းဆန်မှု၏ ပြယုဂ်ဖြစ်၏။ မိမိထက် အသက်သိက္ခာဝါအားဖြင့်ကြီးသူ၊ ဂုဏ်အားဖြင့်ကြီးသူတို့ကို နေရာပေးရမည်ဖြစ်၏။ အရာဌာန၊ အခွင့် အခါကိုကြည့်၍ နေရာယူတတ်ရမည် ဖြစ်၏။ ဦးစွာပထမ နေရာပေးသင့်သူကို နေရာပေးရမည်ဖြစ်၏။ ပြီးမှသာ မိမိနှင့် ထိုက်တန်သော နေရာယူဖို့ရန်စဉ်းစားရမည်ဖြစ်၏၊

ငါနေရာရလျှင်ပြီးရော-ဟူသောအောက်တန်းကျသောစိတ်မျိုး မမွေးသင့်၊ မရှိသင့်။ ဗုဒ္ဓသာသနာသမိုင်းမှ နေရာပေးခြင်း၊ နေရာယူတတ်ခြင်း၌ အတုယူစရာကောင်းသော ဖြစ်ရပ်တစ်ခုကိုတင်ပြလိုပါ၏။ စာဖတ်သူ သိပြီးသား ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ အချိန်အားဖြင့် သာသနာသက္ကရာဇ် (၂၂၀)ကျော် ၀န်းကျင်ကဖြစ်၏။ ထိုစဉ်က အိန္ဒိယနိုင်ငံကြီးကိုအုပ်ချုပ်သော ဘုရင်သည် အသောကဘုရင်ဖြစ်၏။ အဖေတူ အမေကွဲ ညီအစ်ကို (၉၉)ယောက်ကိုသတ်၍ ဘုရင်ဖြစ်လာသောကြောင့် သူ့ကိုတိုင်းသူပြည်သား လူအများက "စဏ္ဍာသောက-ကြမ်းတမ်းသော အသောကဘုရင်" ဟု အမည်ပြုကြ၏။ ကြောက် ကြ၏။ ရွံကြ၏။ မကြည်ညိုကြ။ တစ်နေ့သောအခါ စဏ္ဍာသောကဘုရင်သည် မိရိုးဖလာကိုးကွယ်မှုအရ ဖခင်လက်ထက်က ကိုးကွယ်နေကျ ဖြစ်သော အလှူခံပုဏ္ဏားများကို နန်းတော်သို့ပင့်ဖိတ်၍ ကျွေးမွေးပါ၏။ သို့သော်သွားပုံ၊ လာပုံ၊ စားပုံ၊ သောက်ပုံ၊ နေပုံ၊ထိုင် ပုံ၊ အစစအရာရာ လျှပ်ပေါ်လောလီ မတည်ကြည် မငြိမ်သက်သော ဣနြေ္ဒမရှိသော ပုဏ္ဏားများကိုကြည့်၍ သူ့စိတ်ထဲဘ၀င်မကျဖြစ်နေ၏။ အဆင့်အတန်းမရှိသော ပုဂ္ဂိုလ်တွေပဲ-ဟု သတ်မှတ်လိုက်၏။ ဒီလိုပုဂ္ဂိုလ်တွေကို ကျွေးမွေးနေမည့်အစား အလှူဒါနကိုစီစစ်၍ သင့်လျော်သောနေရာဒေသ၌ ထိုက်တန်သောအလှူခံပုဂ္ဂိုလ်တို့အား ကျွေးမွေးလှူဒါန်းသင့်၏ ဟုအသိဥာဏ်ဖြင့်စဉ်းစားတွေးခေါ်မိ၏။

ထို့ကြောင့် အမတ်များကိုခေါ်၍ သင်တို့၏အမြင်မှာ သူတော်စင်ဟုသတ်မှတ်ထားသောသူများကို နန်းတော်သို့ ပင့်ခေါ်ခဲ့ကြပါ။ အလှူဒါနပြုချင်လို့ပါ ဟု အမိန့်ရှိလိုက်၏။ အမှန်အားဖြင့်အလှူခံပုဂ္ဂိုလ်ရွေးချယ်ပွဲကျင်းပခြင်းပင်ဖြစ်၏။ ထိုအခါ အမတ်များသည် မိမိတို့ကြည်ညိုကိုးကွယ်သောပုဂ္ဂိုလ်များကိုအလုအယက်နန်းတော်သို့ ပင့်လာကြ၏။ ကိုယ့်ဆရာ ဘုရင့်ကိုးကွယ်ခံပုဂ္ဂိုလ်ဖြစ်လျှင် ကိုယ်လည်းမျက်နှာပွင့်မည်.. ဟူသော မျှော်လင့်ချက်ကိုယ်စီဖြင့်ဖြစ်ကြ၏။ပုဏ္ဏားများ၊ အ၀တ်ဖြူဝတ်ရဟန်းတ၊ ရဟန်းယောင်များ၊ အရပ်လေးမျက်နှာလှည့်လည်၍ အလှူခံနေသော ရသေ့များ၊အ၀တ်မ၀တ်သော တက္ကဒွန်းများ၊ ထာဝရဘုရားသခင်အားကိုးဖြင့် မကောင်းမှုပြုလျှင်လည်းအပြစ်မရှိ ဟုဆိုနေကြသော တက္ကဒွန်းများ စသည်ဖြင့်အလှူခံပုဂ္ဂိုလ်အစုံအလင်ပါဝင်၏။ အသောကဘုရင်သည် နန်းတော်တွင်း၌ အဆင့်အတန်းအလိုက် နေရာမျိုးစုံခင်းကျင်းပြင်ဆင်ထား၏။ ကြွလာသမျှသော သူတော်စင်အမည်ခံ အလှူခံပုဂ္ဂိုလ်များအား "အရှင်တို့နှင့် သင့်လျော်ရာနေရာများ၌ ထိုင်တော်မူကြပါ" ဟု ပင့်လျှောက်ထား၏။ ထိုအခါ အချို့က ကြိမ်ကုလားထိုင်ပေါ်၌ ထိုင်ကြ၏။ အချို့ကပျဉ်ခင်း၊ ကြမ်းခင်းပေါ်၌ ထိုင်ကြ၏။အသောက ဘုရင်ကိုရှိန်နေကြသဖြင့်လည်းကောင်း၊ ကိုယ့်စိတ်ကို မလုံကြသဖြင့်လည်းကောင်း၊မြင့်မြတ်သောနေရာ၌ မထိုင် ရဲကြ။ ထိုပုဂ္ဂိုလ်များ၏နေရာယူမှုကိုကြည့်၍ အသောကဘုရင်က အကဲခတ်ဆုံးဖြတ်လိုက်၏။ "ဤပုဂ္ဂိုလ်များ၏ အတွင်း အဇ္ဈတ္တ မည့်သည့်အနှစ်သာရမျှမရှိ"ဟူ၍ဖြစ်၏။ ထို့ကြောင့် မကောင်းတတ်သော သဘောဖြင့် သင့်လျော်ရုံသာပေးကမ်း၍ ပြန်လွှတ်လိုက်၏။ ကိုးကွယ်ရာကို ရှာမတွေ့ဖြစ်နေ၏။ထို့နောက် ရက်များမကြာမီ တစ်ရက်သော နေ့နံနက်ခင်းအချိန်အခါကာလ၌ အသောကဘုရင်သည် နန်းတော်၏ လေသာပြတင်းပေါက်နား၌ နန်းရင်ပြင်ကိုကြည့်ရှုနေစဉ် နန်းရင်ပြင်မှ ဖြတ်သွားသော ဣနြေ္ဒငြိမ်သက်တည်ကြည်၍ မျက် လွှာချကာ မနှေးမလျှင် ဆွမ်းခံကြွနေသောကိုရင်တစ်ပါးကို လှမ်းမြင်လိုက်၏။ ကိုရင်နိဂြောဓဟုခေါ်၏ကိုရင်ကိုမြင်လိုက်ရသည်နှင့်ကြည်ညိုစိတ်များ၊ချစ်ခင်စိတ်များ တစ်ဖွားဖွားဖြစ်ပေါ်လာသဖြင့် အမတ်များကိုခေါ်၍ ကိုရင့်ကိုနန်းတော်သို့ပင့်ခိုင်းလိုက်၏။ သို့သော် ကိုရင်နိဂြောဓသည် မိမိ၏တူသားကိုရင်ဖြစ်မှန်း အသောကဘုရင် မသိသေး။ ကိုရင်နိဂြောဓသည် သူ့ဣနြေ္ဒနှင့်သူ ကြွလာ၏။ ထိုသို့ကြွနေသည်ကို စိတ်မရှည်သော အသောကဘုရင်သည် ကိုရင့်ကို အမြန်ကြွပါရန် ထပ်မံ၍ပင့်ခိုင်းပြန်၏။ ကိုရင်နိဂြောဓသည်ကား ပုံမှန်ကြွနေကျအတိုင်းသာကြွပါ၏။ ဘုရင်ကအမြန်ကြွပါဆိုတိုင်း သူမမြန်၊ဘုရင်ကိုးကွယ်ခံ ဖြစ်တော့မယ်ကွ ဟုလည်း မတွေး၊ ဘုရင့်ဆီက တစ်ခုခုရဖို့၊ တောင်းဆိုဖို့လည်း သူမမျှော်လင့်၊ ကိုရင့် ဣနြေ္ဒကိုရင့်သိက္ခာ ကိုသာ ထိန်းသိမ်းစောင့်ရှောက်သူဖြစ်၏။ အလွန်ကြည်ညိုစရာကောင်းသော ကိုရင်တစ်ပါးဖြစ်ပါ၏။

နန်းတော်သို့ရောက်လာသော ကိုရင်နိဂြောဓကို အသောကဘုရင်က"ကိုရင်နှင့်သင့်လျော်သောနေရာကိုကြည့်၍ ထိုင်တော်မူပါ"ဟု လျှောက်ထားသောအခါ ကိုရင်နိဂြောဓသည် ဣနြေ္ဒရရပင် နန်းတော်ခန်းမကြီးတစ်ခုလုံးကို ဟိုဟိုဒီဒီ စောင်းငဲ့ကြည့်ရှုလိုက်၏။ နေရာပေးရမည့်ပုဂ္ဂိုလ်ရှိပါက နေရာပေးဖို့ဖြစ်၏။ မိမိထက် အသက်သိက္ခာဂုဏ်အားဖြင့် ကြီးသော အခြားရဟန်းသာမဏေတစ်ပါးမျှမရှိ-ဟုသိရသောအခါထီးဖြူအုပ်မိုးထားသော ရာဇပလ္လင်ပေါ်သို့တက်၍ ထိုင် တော်မူ၏။ နေရာယူတတ်ခြင်းပင်ဖြစ်၏။ ဤသည်ကိုပင် အသောကဘုရင်သည် အကျေနပ်ကြီးကျေနပ်သွား၏။ ငါကိုး ကွယ်ရမည့် ပုဂ္ဂိုလ်တွေ့ပြီကွ- ဟုဆိုကာဝမ်းမြောက်ဝမ်းသာဖြစ်သွား၏။

ဤကိုရင်သည်သာဤနန်းတော်၏ အရှင်သခင်ဖြစ် ချေတော့သည်-ဟုဆိုကာ အားရ၀မ်းသာသောစိတ်ဖြင့် မိမိအတွက်ပြင်ဆင်ထားသော စားသောက်ဖွယ်ရာ အဖြာဖြာကို ကိုရင့်အား ဆက်ကပ်လှူဒါန်းလေ၏။ ကိုရင်နိဂြောဓထံမှ-အပ္ပမာဒေါ အမတံ ပဒံ-မမေ့ခြင်း၊မယစ်မူးခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်းသတိသည် ဘ၀မသေခြင်း၏အကြောင်းဖြစ်၏။ ပမာဒေါ မစ္စုနော ပဒံ-မေ့ခြင်း၊ယစ်မူးခြင်း၊အထိန်း အသိမ်းမဲ့ကာ ပရမ်းပတာနိုင်ခြင်းသည် ဘ၀သေခြင်း၏အကြောင်းဖြစ်၏-စသော တရားဒေသနာကို နာကြားခွင့်ရသောအခါ အသောကဘုရင်သည်ဗုဒ္ဓသာသနာတော်ကို အကြွင်းမဲ့ယုံကြည်သက်ဝင်ကာ နောက်ပိုင်း၌ သာသနာ့သမိုင်းတွင် တတိယ သင်္ဂါယနာ ဒကာတော်ဘုရင်အဖြစ် အလွန်ထင်ရှားသူဖြစ်ခဲ့ပါ၏။ ကိုရင်နိဂြောဓ၏ နေရာယူတတ်ခြင်းကြောင့် ဗုဒ္ဓသာသနာ တော်၏ ဂုဏ်သိက္ခာသည် ပို၍ဂုဏ်တက်ရပါ၏။

"သာသနာသည် အထက်တန်းကျသူတို့၏နေရာ" ဟူသောဂုဏ်ပုဒ်ကို ပို၍ပေါ်လွင်စေပါ၏။ လူကြမ်းကြီးအသောကဘုရင်ဟု အမည်ပြုခြင်းခံရသော စဏ္ဍာသောကဘုရင်ကိုလည်းနူးညံ့သိမ်မွေ့သွားစေကာ တရားရှိသော ဓမ္မာသောကဘုရင်အဖြစ် ပြောင်းလဲသွား စေနိုင်ခဲ့ပါ၏။

နေရာပေးခြင်း၊နေရာယူတတ်ခြင်းသည် ငြိမ်းချမ်းသာယာ ချစ်စရာကောင်းသော မြင်ကွင်း ယဉ်ကျေးမှုအသွင်ကိုဆောင်သော ဓ လေ့စရိုက် ဖြစ်၍ ကောင်းကျိုးများကိုဖြစ်ထွန်းစေနိုင်ပါသည်။

နေရာမပေးခြင်း၊နေရာမယူတတ်ခြင်းသည် အရုပ်ဆိုးအကျည်းတန်သော မြင်ကွင်း ရိုင်းစိုင်းမှု အလိုက်မသိမှုအသွင်ကိုဆောင်သော ဆိုးရွားသောဓ လေ့စရိုက်ဖြစ်၍ ဆိုးကျိုးများစွာကိုဖြစ်ထွန်းစေနိုင်ပါသည်။ဘုရားရှင်၏ ၀ိနည်းဥပဒေ တော်များတွင်လည်း နေရာပေးမှု၊နေရာယူမှုနှင့်စပ် ၍ ပညတ်တော်မူချက်များကိုတွေ့ရပါ၏။ဝိနယပိဋက ပါစိတ္တိယ ပါဠိတော်တွင် "ရဟန်းတစ်ပါးအနေဖြင့် မိမိ အရင်ရောက်နေသေရဟန်းကို တိုးဝှေ့၍ နေရာမယူရ" ဟူသောဝိနည်းတော် ကိုလည်းကောင်း ၊ ၀ိနယပိဋကစူဠ၀ဂ္ဂပါဋိတော် တွင်"စာချဆရာသည် စာသင်သားအောက်ငယ်စေကာမူတန်းတူနေရာ၌သော်လည်းကောင်း၊ ဓမ္မကိုလေးစားသောအားဖြင့် မြင့်မြတ်သော နေရာ၌သော်လည်းကောင်း နေထိုင်၍စာချရမည်။စာသင်သားသည် စာချဆရာထက်ကြီးနေသော်လည်း တန်းတူနေရာ၌ သော်လည်းကောင်း ဓမ္မကို လေးစားသောအားဖြင့် နိမ့်ကျသောနေရာ၌သော်လည်းကောင်း နေထိုင်၍စာသင်ရမည်.. ဟူသော ၀ိနည်းဥပဒေ တော်ကိုလည်းကောင်း၊သေခိယကျင့်ဝတ်၌လည်း"ဘုရင်ကအမြင့်၌ ပုရောဟိတ်မင်းဆရာက အနိမ့်၌ထိုင်၍ မန္တန်သင်ပေး နေသော မြင်ကွင်းမျိုးကို ငါဘုရားသည် ဒွန်းစဏ္ဍားသူတောင်းစားမျိုးဘ၀၌ပင် မနှစ်သက်ခဲ့" ဟုမိန့်တော်မူကာ တရားဟောဓမ္မကထိက ရဟန်းသာမဏေသည် နိမ့်သောနေရာ၌ထိုင်၍ မြင့်သောနေရာ၌ထိုင်နေသူအား ဂိလာနပုဂ္ဂိုလ်မှအပ တရားမဟောရဟု ပညတ်ထားသော ၀ိနည်းဥပဒေ ကိုလည်းတွေ့ရပါ၏။ တဖန်နေရာပေးခြင်း -စသည်နှင့်စပ်၍ မည်သူ့အားဦးစားပေးရမည်နည်း-ဟူသော ပြဿနာတစ်ရပ် ဖြစ်ပေါ်လာ သော အခါ ဗုဒ္ဓဘုရားရှင်က ခါ၊မျောက်၊ဆင် တိရစ္ဆာန်သုံးကောင်တို့၏ ကြီးစဉ်ငယ်လိုက်-ဟူသော ဥပဒေအရ ခါကို ဆရာ တင်ကာ ရိုသေလေးစားကြသော ထုံးဟောင်းသာဓကကို ထုတ်ပြတော်မူကာ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပေးခြင်း၊ ကောင်းမွန်သောနေရာ၊ ကောင်းမွန်သောရေ၊ ကောင်းမွန်သော ဆွမ်းများကို ကြီးစဉ်ငယ်လိုက် သုံးဆောင်ရမည်-ဟု ပညတ်တော်မူခဲ့၏။ ထိုသို့ပညတ်၍ မကြာမီပြဿနာတစ်ရပ်ပေါ်လာပြန်၏။ ရဟန်းငယ်များသည် ကျင်ကြီးစွန့်လို၍ ၀စ္စကုဋီ(အိမ်သာ) သို့သွားရာ ရဟန်းများပြည့်နေသဖြင့် စောင့်ဆိုင်းနေကြစဉ် ကြီးစဉ်ငယ်လိုက်-ဟူသော ၀ိနည်းဥပဒေတော်အရ နောက်မှရောက်လာသော မိမိတို့ထက်ဝါကြီးသော ရဟန်းများအား ဦးစားပေးကြရသဖြင့်အောင့်ထားကြရ၏။ မအောင့်နိုင်ကြသောအခါ တစ်ချို့မူးလဲကြ၏။ ထိုဖြစ်စဉ်ကို ဘုရားရှင်အား အသိပေးလျှောက်ထားသောအခါ ဘုရားရှင်က"ကျင်ကြီးစွန့်ရာ၌ ကြီးစဉ်ငယ်လိုက်- ဟူသော ဥပဒေကို မကျင့်သုံးဘဲ ရောက်စဉ်အလိုက်သာ ပြုကျင့်ရမည်"ဟု ပညတ်တော်မူ၏။ ကျင်ငယ်စွန့်ရာ၌လည်းကောင်း၊ ရေချိုးရာ၌ လည်းကောင်း ရောက်စဉ်အလိုက်သာ လိုက်နာပြုကျင့်ရန် လည်း ပညတ်တော်မူထား သည်ကိုတွေ့ရှိရပါ၏။ နေရာပေးတတ်ဖို့ နှင့် နေရာယူတတ်ဖို့ လမ်းညွှန်ထားခြင်း ပင်ဖြစ်ပါ၏။

နေရာ-နှင့်ပတ်သက်၍ ဗုဒ္ဓဘုရားရှင်လမ်းညွှန်ချက်ဖြစ်သော ကြီးစဉ်ငယ်လိုက်- ဟူသောဥပဒေနှင့် ရောက်စဉ် အလိုက်- ဟူသောဥပဒေကို သူ့နေရာနှင့်သူ လေးစားကြပါလျှင် မည်သည့်နေရာ၌မဆို အလုအယက်တိုးဝှေ့နေကြသည်ဟူသော အရုပ်ဆိုးအကျည်းတန်သော မြင်ကွင်းမျိုးကို တွေ့မြင်ရတော့မည်မဟုတ်ချေ။ နေရာလုမှုနှင့်ပတ်သက်သောပြဿနာအရပ်ရပ်သည်လည်း ပေါ်ပေါက်လာမည်မဟုတ်ချေ။ ထို့ကြောင့် ကိုရင်နိဂြောဓကိုအတုယူ၍ ရဟန်းသာမဏေများ အနေဖြင့် လူဒကာ-ဒကာမများနှင့် ဆက်ဆံရာတွင် မည်သို့သော ပုဂ္ဂိုလ်မျိုးပင်ဖြစ်စေကာမူ သာသနာ့ဂုဏ်သိက္ခာမညိုးနွမ်း မကျဆင်းရလေအောင် အထက်တန်းကျကျ နေရာယူတတ်ဖို့လိုအပ်ပါ၏။ ရဟန်းသာမဏေအချင်းချင်း ဆက်ဆံရာတွင်လည်း ဂါရ၀၊နိဝါတတရားရှေးရှုထားလျက် နေရာပေးသင့်သူအား နေရာပေး၍ လည်းကောင်း၊ မိမိနှင့်ထိုက်တန်သောနေရာကို ယူသောအားဖြင့် နေရာယူမှန်ကန်စေလျက်လည်းကောင်း နေထိုင်ကြရန်နှင့် နေရာမလုမိကြဖို့ရန် သတိပြုအပ်ပါ၏။ လူပုဂ္ဂိုလ်များအနေဖြင့်လည်း ဘာသာရေး၊နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးစသော နယ်ပယ်အသီးသီး၌ လည်းကောင်း၊ ဧည့်ခံပွဲအမျိုးမျိုး၌လည်းကောင်း၊ မိသားစုထမင်းဝိုင်း၌လည်းကောင်း၊ကားအတက်အဆင်းပြုလုပ်ရာ၌လည်းကောင်း၊ စက်သုံး ဆီထည့်ရန်ကားတန်းစီသောအခါ၌လည်းကောင်း၊ မီးပွိုင့်တွင် ယာဉ်ကြောပိတ်မိသောအခါ၌လည်းကောင်း၊ အယုတ်ဆုံးအားဖြင့် အိမ်သာတက်ရန် စောင့်ဆိုင်းနေရသောအခါမျိုး၌ပင် ကြီးစဉ်ငယ်လိုက်-ဟူသော ဥပဒေကို လည်းကောင်း၊ ရောက်စဉ်အလိုက်- ဟူသော ဥပဒေကိုလည်းကောင်း လေးစားသောအားဖြင့် နေရာပေးတတ်ဖို့ နေရာယူတတ်ကြဖို့နှင့် နေရာမလုမိကြစေရန် သတိပြုသင့်ပါကြောင်း တိုက်တွန်းရင်း ဤဆောင်းပါးကို နိဂုံးချုပ်အပ်ပါ၏။

ရှင်သိရီဒတ္တာလင်္ကာရ
(ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ)
၈/ဆဖန(သ)၀၀၀၁၈၇၊
အသောကသီတဂူကျောင်းတိုက်၊
၁၆/၂-ရပ်ကွက်၊သင်္ဃန်းကျွန်း၊

 

 
                
 
 
                

ADVERTISEMENT

စိတ်ဝင်စားသောနေရာများ

ဘူမိကျောင်းတော်သား..သီချင်း
http://www.myanmargeosciences.org
http://geolfriends94.blogspot.com
http://geolfriends.com
ဒေါက်တာရင်ရင်နွယ်အမှတ်တရဓါတ်ပုံများ....
ဗုဓ္ဒတရားသံများ
ဓမ္မဒူတ
ဒေါက်တာခင်မောင်ဝင်း-အသည်း..
အသည်းရောင်စီပိုးအကြောင်း

Advertisement Enquiry

                


                        HP : 09 5031741
                        

e - mail :geologist.mm@gmail.com
URl : www.geologist-myanmar.com

 

Copyright 2007 - 2008 by Geologist-myanmar.com.Designed by CREATiVE Web Studio   
Total Hit :

TotalHit